Home သတင်း နေအိမ်စွန့်ခွာထွက်ပြေးလာသော ရှပ်ပုံဒေသခံစစ်ရှောင်များ တစ်လကျော်ကြာအထိ မပြန်နိုင်သေး

နေအိမ်စွန့်ခွာထွက်ပြေးလာသော ရှပ်ပုံဒေသခံစစ်ရှောင်များ တစ်လကျော်ကြာအထိ မပြန်နိုင်သေး

499
Photo: CJ

ဖေဖော်ဝါရီလ ၁၀ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့အနီးရှိ၊ ရှပ်ပုံကျေးရွာတွင် နေအိမ်စွန့်ခွာထွက်ပြေးလာသော စစ်ဘေးရှောင်တစ်သောင်းကျော်သည် တစ်လကျော်ကြာလာသည်အထိ ၎င်းတို့နေအိမ်သို့ ပြန်လည်မနေထိုင်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။

အိမ်ခြေပေါင်း ၂၅၀၀ ကျော်ရှိ ရှပ်ပုံကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ရက်နေ့မှစတင်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အကြောင်းမဲ့ဝင်ရောက်မီးရှို့မှုများ လုပ်ဆောင်ခြင်းကြောင့် ကျေးရွာတွင် နေထိုင်သော ရွာသူရွာသား များအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တိမ်းရှောင်နေကြရသော ဒေသခံစစ်ရှောင်များသည် အချိန်ကာလ အားဖြင့် တစ်လကျော်ကြာ မြင့်ခဲ့ပြီဖြစ်သောကြောင့် လက်ရှိတွင် နေထိုင်ရေးအခက်အခဲများနှင့် စားဝတ်နေရေးအခက်အခဲများ ပါကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

ဒေသခံတစ်ဉီးက “တချို့ကတော့ ပြန်ကြတယ်။ တချို့ကတော့ ပြန်မရဲကြသေးဘူး။ ပြန်မရဲတာကတော့ လူသားဒိုင်းကာ ဖြစ်မှာစိုးတာရယ်။ ပြီးတော့ အဲ့ဒီရွာက အခုတက်လုပ်နေတဲ့အုပ်ကြီးကြောင့်လည်း ပါတယ်။ အခုအခြေအနေမှာက ရွာသားတွေအနေနဲ့ စစ်ရှောင်စခန်းတွေလို မျိုးပဲ စုပြီးနေနေရတာပေါ့။ ပြင်ပက အကူအညီတွေမှီပြီး ရိက္ခာချွေတာပြီးစားသောက်နေရတာပေါ့။ စစ်ရှောင်တဲ့အထဲမှာ သက်ကြီးရွယ်အို တွေလည်းပါတယ်။ သူတို့တွက်ကျတော့ နေထိုင်ရတာ ဘယ်အဆင်ပြေမလဲ။”ဟုကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်များအတွက် ရိက္ခာသယ်ဆောင်ရာတွင်လည်း လမ်းခရီးအခက်အခဲများအပြင် ဂိတ်ကြေးများကိုလည်း မတရားပေးဆောင်ရသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်းကိုလည်း စစ်ဘေးရှောင်အနီးကပ် ကူညီသူတစ်ဉီးက ပြောသည်။

၎င်းက “လွတ်မြောက်နယ်မြေကို၊ ရိက္ခာတွေ သယ်တဲ့အခါမှာ၊ စကစတွေက စစ်ဆေးတယ်။ မေးမြန်းထူတယ်။ ပြီးတော့အများကြီးလည်း သယ်လို့မရဘူး၊ သယ်တဲ့နေရာမှာလည်း ထောက်ခံစာရှိမှ ဆန်အိတ်သယ်ရတယ်။ ဒါတောင်နှစ်အိတ်အများဆုံးပဲ။ အဲ့လို အခက်အခဲတွေရှိတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီများသည် ကျေးရွာရှိ စေတီများနှင့် စာသင်ကျောင်းများတွင် ကင်းပုန်းဝပ်နေရာယူထားကာ လူမရှိသည့် ကျေးရွာအတွင်းရှိနေအိမ်များကိုဖောက်ထွင်းပြီး တန်ဖိုးကြီး ပစ္စည်းများနှင့်အတူစားသောက်စရာများကို သယ်ဆောင်နေကြသလို နေ့စဉ်ဆက်တိုက် ကင်းလှည့် ခြင်းနှင့် လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခြင်းတို့ကို ယနေ့အချိန်ထိ လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်း မြစ်များ၏ ဖော်ပြချက်အရ သိရသည်။