Home သတင်း ပီလောပီနံဥ စျေးနှုန်းတက်လာ၍ တောင်သူများစား ဝတ်နေရေးအဆင်ပြေလာနေ

ပီလောပီနံဥ စျေးနှုန်းတက်လာ၍ တောင်သူများစား ဝတ်နေရေးအဆင်ပြေလာနေ

901
Photo: CJ

ဖေဖော်ဝါရီ ၁ဝ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လက်ရှိ ပီလောပီနံဥ ၁ တန်လျှင် ယခင်နှစ်ထက် ကျပ် ၁ သိန်းကျော်အထိ စျေးနှုန်းတက်လာသည့်အတွက် ဒေသတွင်း စိုက်တောင်သူများ စားဝတ်နေရေးအဆင်ပြေလာလျက်ရှိသည်ဟု တောင်သူများထံမှ သိရသည်။

လက်ရှိတွင် ခွဲခြမ်းပြီးသာ ပီလောပီနံဥ အခြောက် ၁ပိဿာ ၇ဝဝ ဝန်းကျင်ရှိပြီး ၁ တန်လျှင် စျေးနှုန်း ကျပ် ၃၈ဝ,ဝဝဝ ကျော်အထိ စျေးနှုန်းရှိသည့်အတွက် စိုက်တောင်သူများ တွက်ခြေကိုက်လျက်ရှိရာ စျေးနှုန်းတိုးလာသည့်အတွက်လည်း ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးလာကြသည်ဟု ဒေသခံများထံမှ သိရသည်။

“ မနှစ်က ၁ တန် ၂၅ဝ,ဝဝဝ ကျပ်ပဲ စျေးရခဲ့တယ်။ ဒီနှစ်က ၁ သိန်းကျော်လောက် စျေးတက်သွားတော့ စားဝတ်နေရေး အဆင်ပြေသွားတယ်ပေါ့နော်။ စျေးကောင်းလာတော့ အစားထိုးသီးနှံအနေနဲ့ ပိုစိုက် လာကြတယ်။ ရာသီဥတုကမှန်တော့ ဒီနှစ်ဥပိုထွက်တယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တောင်သူစောဝင်းကြည်က ကေအိုင်စီ သို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံ၊ ဇမိမြစ်အရှေ့ဘက်ရှိ ကျေးရွာများတွင် ပီလောပီနံအများဆုံး စိုက်ပျိုးလျက်ရှိပြီး အခြားမြို့နယ်များတွင်လည်း စိုက်ပျိုးလာကြပြီးဟု အဝယ်ဒိုင်များထံမှ သိရသည်။

“ ဒီနှစ်က ပြည်တွင်းရော၊ ပြည်ပပါ အဝယ်များလာတော့ စျေးကောင်းလာတယ်ပေါ့နော်။ မွန်ပြည်နယ်က ပွဲရုံတွေလည်း ဝယ်လာတယ်။ ထိုင်းကိုလည်း ပို့ကြတယ်။ ကုန်ချောထုတ်နိုင်တဲ့အထိဆို တောင်သူတွေအများကြီး အဆင်ပြေမယ်” ဟု ပီလောပီနံဥ အဝယ်ဒိုင်တစ်ဦးက ကေအိုင်စီ သို့ပြောသည်။

ပီလောပီနံပင်ကို တန်ခူးလတွင် စတင်စိုက်ပျိုးကြပြီး တပို့တွဲ၊ တပေါင်းလတွင် ဥများအား တူးဖော်လျက်ရှိသည်။ ကုန်ချောအဖြစ် ထိုင်းနိုင်ငံမှ တိရစ္ဆာန်အစားစာနှင့် အခြားကုန်ထုတ်ပစ္စည်းများတွင် ပြန်လည် ထုတ်လုပ်ရောင်းချ ကြသည်ဟု အဝယ်ဒိုင်များထံမှ သိရသည်။