Home သတင်း ကော့နွဲရွာထဲရှိ စစ်ကောင်စီအလောင်းများကို ဒေသခံများ ပြန်လည်တူးဖော်သင်္ဂြိုဟ်ပေးရ

ကော့နွဲရွာထဲရှိ စစ်ကောင်စီအလောင်းများကို ဒေသခံများ ပြန်လည်တူးဖော်သင်္ဂြိုဟ်ပေးရ

702

ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

‌ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကော့နွဲကျေးရွာတွင်း မြှုပ်နှံထားသည့် စစ်‌ကောင် စီတပ်ဖွဲ့ဝင် အလောင်းများကို ဒေသခံရွာသားများက ပြန်လည်တူးဖော်ကာ သင်္ဂြိုဟ်ပေးနေရကြောင်း ကော့နွဲကျေးရွာ ဒေသခံများက ပြောသည်။

ကော့နွဲ‌ကျေးရွာနှင့်အနီး‌‌ကျေးရွာများတွင် ယခင်နှစ် ဒီဇင်ဘာလလယ်ပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲတွင်း ကျဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ဒေသခံရွာသူ၊ ရွာသားများက ပြန်လည်တူးဖော်ကာ မီးသင်္ဂြိုဟ်ပေးရကြောင်း ကော့နွဲ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ရွာလယ်မှာ အလောင်း ၅ လောင်းတွေ့တယ်။ စစ်ကောင်စီက ၃ ယောက်ပါတယ်။ ကျန်နှစ် ယောက်က စစ်ဝတ်စုံမဟုတ်တော့ မသိရဘူး။ အလောင်းထဲက ဘက်တံဆိပ်အရ စစ်ကောင်စီတပ်က တပ်ကြပ်နှင့် တပ်ကြပ်ကြီးပါဝင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကော့နွဲကျေးရွာထဲတွင် နယ်ခြားစောင့်တပ်(BGF) ဝင်ရောက်လာသည့်နောက်ပိုင်းတွင် ဒေသခံ ရွာသား များမှာ ရွာအတွင်းသို့ပြန်လည်ဝင်ရောက်လာကြသော်လည်း လတ်တလောတွင် နေအိမ်ကိုအပြီး ပြန်နေရန် အဆင်မပြေသေးကြောင်းနှင့် ပြန်မနေရဲကြသေးကြောင်း ဒေသခံများက ပြောသည်။

“လောလောဆယ်တော့ ပြန်နေလို့အဆင်မပြေသေးဘူး။ နားထောင်ရအုံးမယ်။ ရွာ‌ကောင်း အောင် ပရိတ်ရွတ်ပြီး ပြန်လုပ်ရအုံးမယ်။ ပြန်နေလို့ရဲမရဲတောင်မသိသေးဘူး ။ ရွာထဲမှာအလောင်းရှိ တာမသင့်တော်လို့ ရွာရပ်မိရပ်ဖ အနေနဲ့ ပြန်ရှင်းတာပဲ”ဟု ၎င်းရွာသားက ဆက်ပြောသည်။

ထိုသို့ ကျန်ရှိသော စစ်ကောင်စီရုပ်အလောင်းများမှာ ယခင် တိုက်ပွဲများပြင်းထန်သည့်ကာလက ကျန်ရှိနေသည့် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူများဖြစ်ပြီး ပြန်သယ်၍ မကုန်သည့်အလောင်းများ သာဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကလည်း ယခုလိုပြောသည်။

“စစ်ကောင်စီတပ်က ၅ ဦးသေတာ မကဘူး။ ရွာထဲမှာမြှုပ်တဲ့ ၅ လောင်းက ပြန်သယ်ချိန်မရလို့ ရွာထဲမှာမြှုပ်တာဖြစ်မယ်။ တိုက်ပွဲမှာ စစ်ကောင်စီတွေ ဒီထက်မက သေဆုံးတယ်”ဟု တော်လှန်ရေး တပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။

ယခင်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများသဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်ရုပ်အလောင်းများကို ကျေးရွာအတွင်း ဖြစ်သလို မြှုပ်နှံပြီး ချန်ထားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ထောင်နှင့်ချီသော ကော့နွဲဒေသခံများမှာ ယနေ့အချိန်ထိ နေအိမ်သို့ ပြန်မအိပ်ရဲ ကြသေးဘဲ နီးစပ်ရာကျေးရွားများတွင် ထွက်ပြေးခိုလှုံနေကြရဆဲဖြစ်ကြောင်း သိရသည်။