Home ဆောင်းပါး “တော်လှန်ရေးအကျိုးသာ အဓိက” ဆိုတဲ့ အရင်းခံစိတ်ထားနဲ့

“တော်လှန်ရေးအကျိုးသာ အဓိက” ဆိုတဲ့ အရင်းခံစိတ်ထားနဲ့

923
Photo: Crd.

“တော်လှန်ရေးအကျိုးသာ အဓိက” ဆိုတဲ့ အရင်းခံစိတ်ထားနဲ့

မောင်ကျော်စွာ

(၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၁ ရက်)

“KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ KNLA တပ်မဟာ ၄ လက်အောက်ခံတပ်ဖွဲ့နှင့် ကော်သူးလေအာမီ- KTLA တပ်ဖွဲ့တို့ လတ်တ လော ဖြစ်ပေါ်နေသည့် အချင်းချင်းပဋိပက္ခများအပေါ် ညီညွတ်မှုရရှိသွားစေရန် အောက်ခြေတပ်ဖွဲ့ဝင်တွေနဲ့ တနင်္သာရီတိုင်းရှိ ကရင်လူထုများက ဖေဖော်ဝါရီလ ၇ရက်နှင့် ဖေဖော်ဝါရီလ ၂၀ရက်နေ့တို့တွင် ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားကြောင်း” ကရင်သတင်းဌာန(KIC) မှာ ဖတ်ရပါတယ်။

အောက်ခြေတပ်ဖွဲ့ဝင်များနဲ့ ပြည်သူများရဲ့ ပန်ကြားတောင်းဆိုမှုကို နှစ်ဖက် သက်ဆိုင်ရာတာဝန်ရှိသူတွေက လေးလေးနက်နက် စဉ်းစားပြီး မဖြစ်သင့် မဖြစ်ထိုက်တာတွေ ကြီးကြီးမားမား၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာခင် လုပ်သင့်လုပ်ထိုက်တာတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်သင့်တာပါ။ ဒီလိုမှမဟုတ်ဘဲ ငါ့မြင်းငါစိုင်းနေကြမယ်ဆိုရင်တော့ ကရင့်အရေးဟာ ရင်လေးစရာဖြစ်လာမှာပါ။

KNU-ကရင်အမျိုးသားအစည်းအရုံးရဲ့ ဖြတ်သန်းမှုသမိုင်းကြောင်းမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလဟာ ဖရိုဖရဲ အဖြစ်ဆုံး အကွဲအပြဲအများဆုံးကာလလို့ ဆိုရပါလိမ့်မယ်။ ကွဲအက်မှု၊ ခွဲထွက်မှုတွေ အများဆုံးဖြစ်တဲ့ ကာလအပိုင်းအခြားလည်း ဖြစ်ပါလိမ့်မယ်။

အခုနောက်ဆုံး “ကော်သူးလေအာမီ- KTLA”အထိ ဖြစ်ရပ်တွေကိုကြည့်ရင် တိုက်ရိုက်အကျိုးဆက်က မိခင်အဖွဲ့အစည်းဖြစ်တဲ့ “KNU-ကရင်အမျိုးသား အစည်းအရုံး”ကို အဓိကအားဖြင့် ထိခိုက်နစ်နာစေပြီး ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုအတွက် အကျိုးရှိစေတာကိုပဲ အထင်အရှား မြင်ကြရပါလိမ့် မယ်။

“KNU-ကရင်အမျိုးသားအစည်းအရုံး”ထဲက အဲဒီလိုအချင်းချင်း အကွဲအပြဲတွေ၊ ကိုယ်ကျိုးစီးပွား ပွတ်တိုက်မှုတွေဟာ ယနေ့ “နွေဦးတော်လှန်ရေး”ကို လည်း မတူတဲ့အတိုင်းအတာနဲ့ ရိုက်ခတ်နေပါတယ်။ KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာနယ်မြေဒေသအသီးသီးမှာ ရောက်ရှိအခြေပြုနေကြရတဲ့ တော်လှန်ရေးအဖွဲ့အစည်းများ၊ တပ်ဖွဲ့များအနေနဲ့လည်း ဘယ်သူ့မျက်နှာကြည့်ရမလဲ – ဘယ်သူ့ထောက်ခံရမလဲ စတဲ့ မရေရာမှုမျိုးစုံကို ကြုံကြရပါတယ်။

ကြုံနေရတဲ့အဖြစ်က မိမိတည်းခိုရတဲ့ အိမ်မှာ အိမ်ရှင်လင်မယား ရန်ဖြစ်စကားများတာကို ကြုံရတဲ့ဧည့်သည်တွေလို ဖြစ်နေပါတယ်။ ဖြန်ဖြေပေးရ အောင်ကလည်း ပြဿနာတွေရဲ့အရင်းအမြစ်ကို သေချာမသိ၊ သေချာနားမလည်။ တစ်ဖက်ဖက်ကို ဘက်လိုက်ပြီး ထောက်ခံ သို့မဟုတ် ဆန့်ကျင်မိပြန်ရင်လည်း လင်မယားနဂိုပြဿနာကို ပိုပြီး ကြီးထွားအောင် ယပ်ခတ်ပေးသလို ဓာတ်ဆီလောင်းပေးသလို ဖြစ်အုံးမယ်။ “ရန်မဖြစ်ကြပါနဲ့ဗျာ၊ အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်ကြပါလိမ့်မယ်။ လင်နဲ့မယား လျှာနဲ့သွားပဲဗျာ။ အေးအေးဆေးဆေး ဖြေရှင်းကြပါ။” လို့ တရားပြနားချရအောင်ကလည်း ဟိုက တော်လှန်ရေး ဝါရင့်အဖွဲ့ အစည်းကြီး မဟုတ်ပါလား စသဖြင့် ကြားဝင်ရခက်၊ ထပြန်ရခက်နဲ့ မျက်နှာပူစရာ ဘေးကြပ်နံကြပ်ကြုံရတဲ့ အလားသဏ္ဌာန်မျိုးနဲ့ တူနေပါတယ်။ ဒီလိုမျိုး ကြား နေ၊ ကြုံနေရတာကိုတော့ နွေဦးတော်လှန်ရေးက မလိုလားပါဘူး။ မဖြစ်စေလိုပါဘူး။

နွေဦးတော်လှန်ရေးမှာ “KNU- ကရင်အမျိုးသားအစည်းအရုံး” အပါအဝင် အခြားသော တိုင်းရင်းသားလူမျိုးစု EROs အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးပါတယ်၊ ထိရောက်တယ်ဆိုတာကို နွေဦးတော်လှန်ရေးက နားလည် သဘောပေါက်ထားကြပါတယ်။ အဲဒီတန်ဖိုးထားမှုကြောင့်ပဲ သက်ဆိုင် ရာ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေထဲက အမျိုးမျိုးသော အတွင်းပဋိပက္ခတွေနဲ့ ပတ်သက်လာရင် ကြီးတဲ့ပဋိပက္ခကို ငယ်စေ၊ ငယ်တဲ့ပဋိပက္ခကို သေးကျုံ့ စေ၊ အချင်းချင်း သံသယတွေလည်းကင်းစင်စေ၊ သွေးစည်းညီညွတ်မှုလည်းရရှိစေဆိုတဲ့ စိတ်ထားနဲ့ စိုးရိမ်ပူပန်နေကြရတာပါ။

အကြမ်းဖက် (စကစ)စစ်အုပ်စု ရန်သူကလည်း တစ်ဖက်မှာ ငွေကြေး မြေတိုက်တာ စတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ မက်လုံးပေးပြီး အဆက်မပြတ် မြှူဆွယ်နေ သလို အခြားတစ်ဖက်မှာလည်း စစ်ရေး၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ထိုးစစ်မျိုးစုံ သုံးပြီး နေ့စဉ်နဲ့အမျှ ထိုးစစ်ဆင်နေတာပါ။ တစ်ယောက်ရရ၊ တစ်ပိုင်းရရ၊ တစ်စုရရ ပုံစံမျိုးစုံနဲ့ သပ်လျှိုဖြိုခွဲနေတာပါ။ ဒါတွေကို မသိလို့လားဆိုတော့လည်း မဟုတ်ပါဘူး။ ကွယ်လွန်သူ ဒူးပလာယာခရိုင်ဥက္ကဋ္ဌကြီး ဖူးတာအယ် ထောက်ပြ ပြောဆိုဖူးသလိုပါပဲ “ငါတို့ကရင်တွေ မှားတဲ့အမှားတွေဟာ အရင်က မှားဖူးပြီးသား အမှားတွေသာဖြစ်တယ်” ဆိုတဲ့စကားလိုပါပဲ။ မိမိအဖွဲ့အစည်းအတွင်းက တစ်ဦးချင်း၊ တစ်စုချင်း၊ တစ်အုပ်စုချင်း အမှားအယွင်းတွေနဲ့ တိမ်းစောင်းမှုတွေ၊ လှိုက်စားမှုတွေကို နိုးကြားတဲ့သတိနဲ့ ပြုပြင်ထိန်းသိမ်းကြဖို့ လိုအပ်ပါလိမ့်မယ်။

အခြားသမိုင်းလက်တွေ့တွေကိုတော့ မပြောတော့ပါဘူး။ “KNU- ကရင်အမျိုးသားအစည်းအရုံး”ရဲ့ လက်တွေ့ဖြတ်သန်းမှုထဲကိုပဲ ကြည့်လိုက်ပါ။ KNU ထဲကနေ DKBA ကွဲထွက်သွားတော့ အကျိုးဆက် ဘာတွေဖြစ်လာခဲ့သလဲ။ မာနယ်ပလောစခန်းကြီး လက်လွှတ်လိုက်ရတယ်။ လက်တွေ့မှာ ကရင် ၂ဖွဲ့ဖြစ်လာပြီး တဖွဲ့က ရန်သူနဲ့ပေါင်းတယ်။ ကရင်အချင်းချင်း ပြန်တိုက်ကြရတယ်။ ထင်ရှားတဲ့ ကရင်ထိပ်သီးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရ တယ်။ DKBA အကွဲကနေ နောက်ထပ်အကွဲအပြဲတွေ ဆက်ဖြစ်တယ်။ စောဖဲရီမိုးလား – ရှမ်းလယ်ပြင်ကိုကိုကြီးလား သူတို့ လက်နက်ချတဲ့ပွဲမှာ ကရင်အမျိုးသား အလံကို ဗိုလ်မောင်အေးက ခြေနဲ့တက်နင်းတာ ခံရတယ် မဟုတ်လား။ ပဒိုအောင်ဆန်း လက်နက်ချတယ်။ စောထိန်မောင်နဲ့အဖွဲ့ ခွဲထွက်စေ့စပ်သွားတယ်။ “မန်းငြိမ်းမောင်” အကြမ်းဖက် (စကစ)စစ်အုပ်စုရဲ့ အသုံးတော်ခံ နောက်လိုက်ဖြစ်သွားတယ်။ အခုနောက်ဆုံး “ကော်သူးလေအာမီ- KTLA တပ်ဖွဲ့” ကွဲထွက်လာ ပြန်တယ်။

ဒါကြောင့် “ကရင်အမျိုးသားအရေး”ကို ဖြောင့်ဖြောင့်မတ်မတ် ကြည့်ကြဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးက ဇာတ်မျောပေရှည်ပြီး တော်လှန်ရေးခေါင်း ဆောင်တွေထဲက ဖုံးမရဖိမရ မတန်တဆ ချမ်းသာကြွယ်ဝလာတာဟာ “တော်လှန်ရေး” ဆိုတဲ့အမည်နဲ့ ဘယ်လိုမှ မဆီလျော်နိုင်ပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အောက်ခြေတပ်မှူးတပ်သားများနဲ့ ပြည်သူများရဲ့အသံ၊ ဆန္ဒနဲ့တောင်းဆိုမှုတွေကို လေးလေးနက်နက် စဉ်းစားပြီး မိမိနဲ့ မိမိအဖွဲ့အစည်း ကို ထိန်းသိမ်းတည့်မတ်ကြပါ။ အချိန်မီ ပြုပြင်ဆောင်ရွက်ကြပါလို့ “တော်လှန်ရေးအကျိုးသာ အဓိက” ဆိုတဲ့ အရင်းခံစိတ်ထားနဲ့ အလေးအနက် ပန်ကြားလိုက်ရ ပါတယ်။

မှတ်ချက် # ဆောင်းပါးပါ အသုံးအနှုန်းများသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။