Home သတင်း ကရင်တပ်ဖွဲ့အချင်းချင်း ညီညွတ်မှုရရှိရန် အမြန်ဆုံးညှိနှိုင်းပေးစေလိုဟု KTLA ရဲဘော်များပြောဆို

ကရင်တပ်ဖွဲ့အချင်းချင်း ညီညွတ်မှုရရှိရန် အမြန်ဆုံးညှိနှိုင်းပေးစေလိုဟု KTLA ရဲဘော်များပြောဆို

757
Photo: KTLA

ဖေဖော်ဝါရီ ၂၀ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင် KNLA တပ်မဟာ ၄ လက်အောက်ခံတပ်ဖွဲ့နှင့် ကော်သူးလေအာမီ- KTLA တပ်ဖွဲ့တို့ လတ်တလော ဖြစ်ပေါ်နေသည့် အချင်း ချင်းပဋိပက္ခများအပေါ် ညီညွတ်မှုရရှိသွားစေရန် ခေါင်းဆောင်ပိုင်းများမှ အမြန်ဆုံးညှိနှိုင်း ဖြေရှင်းပေးစေလိုကြောင်း KTLA တပ်ဖွဲ့ဝင်များက ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်သည့် KTLA တပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ ၄ တပ်ဖွဲ့တို့အကြား မကြာခဏ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားသည့်ဖြစ်စဉ်များအဆုံးသတ်ရန် ခေါင်းဆောင်ပိုင်းများက အမြန်ဆုံး ညှိနှိုင်းဖြေရှင်းပေစေလိုဟု တနင်္သာရီဆာကဆောတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စောကော်သူးလေက ပြောသည်။

၎င်းက “ ကျနော်တို့က စစ်အာဏာရှင်စနစ်ကိုတော်လှန်နေတာပါ။ အချင်းချင်းပြန် ပစ်ခတ်တဲ့အရာတော့ မလုပ်ချင်ဘူး။ ခုအခြေအနေက သူပဲ ကိုယ့်ကိုပစ်တော့မလား ၊ ကိုယ်ကပဲပြန်ပစ်ရမလား ဖြစ်နေတယ်။ ဒီလိုမယုံကြည်မှုတွေကြောင့်ပဲ အချင်းချင်း ခဏခဏတိုက်ပွဲဖြစ်နေရတယ်။ ဒီအတိုင်းဆိုရင် ပိုဆိုးသွားလိမ့်မယ်။ နှစ်ဖက်ခေါင်း ဆောင်ပိုင်းတွေ အမြန်ဆုံးညှိနှိုင်းဖြေရှင်းပေးစေလိုတယ်” ဟု ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွင် ကေအိုင်စီသို့ ပြောသည်။

KNLA တပ်မဟာ ၄ နှင့် KTLA တို့ တနင်္သာရီတိုင်းဒေသ ထားဝယ်-ထီးခီး ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် နှစ်ဖက်တပ်များ စစ်ရေးလှုပ်ရှားနေလျက်ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက် ၃ နာရီအချိန်တွင်လည်း KTLA အထူးတပ်ရင်း ၁ နှင့် KNLA တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသည်ဟု ရှေ့တန်းစစ်မြေပြင်ရှိ တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိ နှစ်ဖက်တင်းမာမှုအခြေအနေနှင့်ပတ်သက်၍ KNU ဘိတ်-ထားဝယ်ခရိုင် အတွင်း ရေးမှူး ပဒိုစောအယ်နာက “ KNLA နဲ့ KTLA ဖြစ်တဲ့ကိစ္စက ခေါင်းဆောင်အချို့ရဲ့ သဘော ထားတင်းမာမှုကြောင့်သာ ခုလိုဖြစ်တာပါ။ အောက်ခြေတပ်တွေမှာက ကျနော်တို့ လုပ်ဖော်ကိုင်ဖက်လိုပဲ အမြဲတမ်းသဘောထားပါတယ်။ KTLA က ဦးဆောင်သူတွေ ဟာလည်း ကျနော်တို့လူဟောင်းတွေပါပဲ။ အချင်းချင်းညှိနှိုင်းတွေ့ဆုံဖို့ တံခါးအမြဲဖွင့် ထားသလို လမ်းကြောင်းလည်း ရှာနေပါတယ်။ ပြန်လည်ပူးပေါင်းဖို့ အမြဲတမ်းကြို ဆိုပါတယ်” ဟု ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြုလုပ်သည့် Kaw Thoo Lei Today နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

KTLA ကော်သူးလေတပ်ဖွဲ့ကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ် ရာထူးတာဝန်ရပ်စဲခံထားရသည့် စောနယ်ဒါးမြက ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းကို ထောက်ခံသည့် KNU တပ်မဟာ (၄) နယ်မြေရှိ KNDO တပ်ဖွဲ့ဝင်အချို့ လည်း KTLA သို့ ဘက်ပြောင်းသွားခဲ့မှုများရှိသည်။

အမည်မဖော်လိုသူ ကရင်အရပ်ဖက် ခေါင်းဆောင်တစ်ဦးက “ တပ်မဟာ ၄ ဟာ NCA ကာလတုန်းက အေးချမ်းခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်သွားတဲ့ ဌာနေလူထုတွေ ကိုယ့်အိမ်ကိုယ့်ဌာနေ ပြန်လာနိုင်ကြတယ်။ KNU ဘက်ကလည်း အစိုး ရနဲ့ လက်တွဲလုပ်ဆောင် နိုင်ခဲ့တာတွေ ရှိတယ်။ လက်တွဲလာတဲ့လူတွေနဲ့ ပြန်တိုက်ရ မယ်ဆိုတာတော့ ခက်ခဲနေတာတွေရှိမယ်။ ဒါပေမယ့် ပြည်သူကို ဖိနှိပ်ချုပ်ချယ်နေ တဲ့စစ်တပ် နိုင်ရင်ဖိမယ်၊ မနိုင်ရင်ညှိတယ်ဆိုတဲ့ စစ်တပ်အခြေအနေကို သိသင့်တယ်။ ကရင့်အချင်းချင်းပြဿနာလည်း စားပွဲပေါ်မှာ မျက်နှာချင်းဆိုင်ညှိနှိုင်းဖြေရှင်းကြဖို့ လိုပါတယ်” ဟု အကြံပြုပြောဆိုသည်။

လက်ရှိ KNU တပ်မဟာ ၄ နှင့် KTLA တို့ အချင်းချင်းကြား ဖြစ်ပေါ်နေသည့် တင်းမာ မှုအပေါ် ငြိမ်းချမ်းသည့်နည်းဖြင့် အမြန်ဆုံးဆွေးနွေးအဖြေရှာကြရန် တနင်္သာရီတိုင်းရှိ ကရင်လူထုများက ဖေဖော်ဝါရီလ ၇ ရက်နှင့် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တို့တွင် ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားသည်။