Home သတင်း သံတောင်ကြီးရှိ မိုင်းလွန်အောက်ကျေးရွာ စစ်ကောင်စီတပ်စခန်း ဒရုန်းဖြင့် တိုက်ခိုက် ခံရ၍ သေဆုံးမှုများပြား

သံတောင်ကြီးရှိ မိုင်းလွန်အောက်ကျေးရွာ စစ်ကောင်စီတပ်စခန်း ဒရုန်းဖြင့် တိုက်ခိုက် ခံရ၍ သေဆုံးမှုများပြား

690
Photo: Crd.

ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ မိုင်းလွန်အောက်ကျေးရွာ စစ်ကောင်စီစခန်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂) ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်သဖြင့် ယင်းတပ်စခန်း တစ်ခုလုံးနီးပါး ကျ သွားကြောင်း သံတောင်မြောက်ပိုင်း (အထူးဒေသ)ကာကွယ်ရေး တပ်ဖွဲ့(NTDF)က ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၅)ဘက်မှ တောင်ငူခရိုင် တပ်မဟာ(၂)တွင် ဒရုန်းသင်တန်း များပို့ချပေးခဲ့ရာ သင်တန်းဆင်းသည့်အနေဖြင့် ထိုကဲ့သို့မစ်ရှင်ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါတပ်စခန်းအား ဒရုန်းဖြင့် ဗုံး(၁၅)လုံးခန့်ကြဲချခဲ့မှုကြောင့် စစ်ကောင်စီ တပ်သား(၂)ဦးသာ လွတ်မြောက်၍ စခန်းတစ်ခုလုံးနီးပါးကျသွားကြောင်း NTDF ၏ ပြန်ကြားရေးတာဝန်ခံ ဦးမုတ်ဆိတ်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကေအဲန်ယူ တပ်မဟာ(၂)ကို တပ်မဟာ(၅)က ဒရုန်းသင်တန်းလာပေးတယ်။ ပြီးတော့ သင်တန်းဆင်းပွဲဘာညာ လုပ်တော့ လက်တွေ့ဆင်းရင်းနဲ့ မစ်ရှင်ဖော်ဆောင် တဲ့အနေနဲ့ မိုင်းလွန်အောက်တပ်စခန်းကိုသွားတိုက်တာ။ စစ်ကောင်စီဘက်က အထိ အခိုက် တော်တော်များတယ်။ ကျသွားတဲ့အလောင်းတွေကိုတောင် မနေ့ကမှ လာကောက်ရတယ်။ ကျနော်သိရသလောက်ကတော့ နှစ်ယောက်ပဲပြေးလို့ လွတ်တယ်၊ အဲဒီစခန်းက ကျန်တာအကုန်ကျသွားတယ်ကြားတယ်။” ဟု ပြောသည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်စဥ် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း -ခမရ (၆၀၃)ဘက်မှ လက်နက်ကြီးဖြင့်ပစ်ကူတိုက်ခိုက်မှုကြောင့် မိုင်းလွန်အောက်ကျေးရွာနှင့် အနီးအနား ကျေးရွာများမှ ဒေသခံများထိခိုက်ဒဏ်ရာရခြင်းနှင့် လူနေအိမ်ပျက်စီးဆုံးရှုံးရမှုများ မရှိသေးသော်လည်း လက်နက်ကြီးရန်ကြောက်ရသဖြင့် ဒေသခံများမှာ ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေရှိနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ ကျေးရွာနှင့်နီးစပ်သော ဒေသခံတစ်ဦးက “လောလောဆယ် အဲဒီရွာကလူတွေ ထွက်ပြေးပုန်းရှောင်နေရတဲ့ အနေအထားဆိုတော့ သူတို့နဲ့အဆက်အသွယ် လုပ်လို့မ ရဘူး။ လမ်းကိုတော့ပိတ်မထားဘူး၊ သွားတဲ့သူတွေတော့ရှိနေတာပဲ။ ရွာသားတွေ ကတော့ မနေရဲဘူး၊ အဲဒီရွာနားမှာ သေတဲ့စစ်သားအလောင်းတွေကို စစ်ကားတွေနဲ့ လာကောက်သွားတယ်လို့လည်း ကြားမိတယ်။ တချို့ပြေးတဲ့ရွာ သားတွေက ပြေး တယ်။ ရွာထဲမှာ လူသိပ်မရှိတော့ဘူး။” ဟု ၎င်းက ပြောသည်။

ဗုံးကျဲတိုက်ခိုက်မှုဖြစ်စဥ်နှင့်ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ(၂)နှင့် တပ်မဟာ(၅) ဘက်သို့ အဆက်အသွယ်ရရှိရန် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ကြိုးပမ်းလုပ် ဆောင်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၇)ရက်နှင့် (၁၈)ရက်တို့တွင်လည်း သံတောင်ကြီး မြို့နယ်အတွင်းရှိ သပြေညွှန့်ကျေးရွာတပ်စခန်းနှင့် ရဲစခန်း အား လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က အလားတူ ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါစခန်းရှိ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ၊ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ ငယ်များဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့ပြီး ကျေးရွာကို ကျော်လွန်၍ကျ ရောက်သောကြောင့် ဒေသခံများ အထိအခိုက်မရှိသော်လည်း သတိထားနေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။