Home သတင်း တရားမဝင်လောင်းကစားမြို့သစ် စီမံကိန်းများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း KNU ထုတ်ပြန်

တရားမဝင်လောင်းကစားမြို့သစ် စီမံကိန်းများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း KNU ထုတ်ပြန်

739

ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်ထဲတွင် နိုင်ငံခြားသားရာဇဝတ်သားများ ပါဝင်လုပ်ကိုင်သည့် တရားမဝင်လောင်းကစား လုပ်ငန်းအတွက် တည်ဆောက်သည့် မြို့သစ်စီမံကိန်းများထဲတွင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် ပါဝင်ပတ်သက်မှု မရှိကြောင်း ကေအဲန်ယူ ဗဟိုဌာနချုပ်က ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများစွာရှိပြီး တရားမဝင်လုပ်ငန်းများလုပ်ကိုင်နေသည့် တရုတ်မြို့သစ်စီမံကိန်းတွင် ကေအဲန်ယူဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် ပဒိုစောရောဂျာခင်နှင့် ကေအဲန်ယူခေါင်း ဆောင်တချို့ ပါဝင်ပတ်သက်မှုကို KNU မူနှင့် ဆန့်ကျင်သော်လည်း အပြစ်ပေးအရေးယူမှုမရှိသည့်အတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဖွဲ့လုံးနုတ်ထွက်ပေးရန် ကရင်အဖွဲ့အစည်းပေါင်း (၆၈)ဖွဲ့က ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် အိတ်ဖွင့်စာပေးပို့ပြီးတောင်းဆိုခဲ့ပြီးနောက် ကေအဲန်ယူက သဘောထား ထုတ်ပြန်လာခြင်းဖြစ်သည်။

ကရင်ပြည်နယ်မောထိုတလေးနယ်မြေတွင် ထွက်ပြေးလာကြသည့် နိုင်ငံခြားသား ရာဇဝဏ်သားများ၏ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် ကာစီနိုလောင်းကစားမြို့သစ်စီမံကိန်းတွင် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကာကွယ်ရေးဌာန ဌာနမှူး ပဒိုစောရောဂျာခင်က Huanya International Holdings Group ကို လုပ်ပိုင်ခွင့်ပေးသည်ဟု ပြီးခဲ့သည့် ဇန်နဝါရီ (၁၇) ရက်နေ့က သတင်းဌာနတစ်ခုမှ ဖော်ပြခဲ့ သည့်ကိစ္စသည် ကေအဲန်ယူအပေါ် အထင်မှားအမြင်မှားဖြစ်ပေါ်စေသည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် မောထိုတလေးတွင် အဆိုပါ မြို့သစ်စီမံကိန်း အုတ်မြစ်ချ အခမ်းအနားအတွင် ကေအဲန်ယူကာကွယ်ရေးဌာနမှ ဌာနမှူးပဒို စောရောဂျာခင်က ဒေသခံမြေပိုင်ရှင်ပြည်သူလူထု ကိုယ်စားအသိသက်သေအဖြစ်သာ ကိုယ်စားပြုတက်ရောက်ခဲ့ခြင်းဖြစ်ပြီး ထိုအခမ်းအနားတွင် “KNUနှင့် Huanya International Holdings Group အကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ရေးထိုးခြင်းနှင့် အုတ်မြစ်ချ ပွဲအခမ်းအနား” ဟု ဆိုင်းဘုတ်တပ်ထားခြင်းခံရသည့်အတွက် ကေအဲန်ယူနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောရောဂျာခင်တို့ကို ပြည်သူလူထုများ အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်လာရသည်ဟုလည်း ကေအဲန်ယူ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုစီမံကိန်းများသည် ကေအဲန်ယူဘက်မှ ပါဝင်ပတ်သက်မှုမရှိသလို တရားမဝင်လုပ်ငန်းနှင့် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများအပါအဝင် အခြားသောရာဇဝတ်မှုများနှင့်မကင်းသည့် မည်သည့်လုပ်ငန်းများကို ကရင်ပြည်နယ် ထဲတွင် ဝင်ရောက်လုပ်ဆောင်ခြင်းကို လက်မခံကြောင်းလည်း ၎င်းသဘောထားထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

KNU သဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကရင်အမျိုးသမီးအစည်းအရုံး-KWO အထွေထွေအတွင်းရေးမှူး နော်ကညောဖောက “စီမံကိန်းထဲမှာ ကေအဲန်ယူက ပါဝင်ပတ်သက်မှုမရှိဘူးလို့ ပြန်ထုတ်ပြန်ပြီးဆိုတော့ မပတ် သက်တာ ကျမတို့ ဝမ်းသာပါတယ်။ ပါဝင်ပတ်သက်တာကိုလည်း ကျမတို့က မလိုလားဘူး။ ဒါပေမယ့် သတင်း တွေထဲမှာ ဖော်ပြတဲ့အခါကျတော့ ကေအဲန်ယူဘက် ပတ်သက်မှုတကယ်ရှိမရှိ သေချာပြန်လေ့လာပြီး ဒီလိုမျိုး ကေအဲန်ယူဘက် ပြန်ထိခိုက်နိုင်တဲ့ကိစ္စဆိုရင် တာဝန်ယူတာဝန်ခံမှုရှိရှိ ပြည်သူလူထုကို သိအောင် ပြန်ချပြ သင့်တာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးဆိုင်ရာလုပ်ငန်းများတွင် ကေအဲန်ယူအစည်းအရုံးဝင် တစ်ဦးတစ်ယောက်ကိုမျှ ပါဝင်လုပ်ကိုင်ခြင်းနှင့် အထောက်အကူပြုစေနိုင်သည့် မည်သည့်လုပ်ရပ်မဆို ပါဝင်ခြင်းမှ တားမြစ်ထားသည်ဟု ကေအဲန်ယူ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ ကရင်ပြည်နယ်တွင် တရားမဝင်ရာဇဝတ်လုပ်ငန်းများနှင့် ဆက်နွယ်သည့် လောင်းက စားလုပ်ငန်းများ ပပျောက်ရေးကို ကေအဲန်ယူအနေဖြင့် လိုလားသည့်အပြင် တရားမဝင် ရာဇဝတ်လုပ်ငန်းများ၊ လောင်းကစား လုပ်ငန်းများ ပပျောက်ရေး၊ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံထူထောင်ရေးနှင့် တရားဥပဒေစိုးမိုး ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူက ထုတ်ပြန်ပြောဆိုသည်။