Home သတင်း စစ်ကောင်စီ‌ ဆေးတပ်သားတစ်ဉီး လက်နက်ခဲယမ်းများနှင့်အတူ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံပူးပေါင်း

စစ်ကောင်စီ‌ ဆေးတပ်သားတစ်ဉီး လက်နက်ခဲယမ်းများနှင့်အတူ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံပူးပေါင်း

909

ဖေဖော်ဝါရီလ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ဝင်းဝရဲစခန်းမှ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံဆေး တပ်သားတစ်ဉီးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပူးပေါင်းခဲ့သည်ဟု သိရသည်။

အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ သရက်ချောင်း မြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၄၀၃)တပ်ရင်းမှ အသက်(၂၃)နှစ်အရွယ် အဆိုပါ ဆေးတပ်သားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျည်ဆံ ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၁ လုံး၊ ရိုက်ဖယ်ပစ်ဗုံး(အီနာဂါ) ၁ လုံးနှင့်အတူ ဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များထံ ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဉီးက “ပြီးခဲ့တဲ့ ရက်ကတော့ စစ်ကောင်စီဘက်က ဆေးတပ်သားတစ်ဉီးဝင်လာတယ်။ အခုတော့ သူ့ကို တိုင်းကွပ်ကဲရေးကို ပို့လိုက်ပြီး။ လုံခြုံတဲ့နေရာကိုပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ကောင်စီဘက်ခြမ်းမှ တော်လှန်ရေးတပ်ဖွဲ့များထံ လာရောက်ပူးပေါင်းမှုသည် တော်လှန်ရေးအတွက် ရလဒ်ကောင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု CDM ပြုလုပ်သူ ရဲဒုတပ်ကြပ် တစ်ဉီးကလည်း ယခုလိုပြောဆိုသည်။

“စစ်ကောင်စီဘက်ကနေ ဝန်ထမ်းတွေက CDM ဝင်လာတာပဲဖြစ်ဖြစ်၊ အလင်းဝင်အညံ့ခံလာတာပဲဖြစ်ဖြစ် ကိုယ့်တော်လှန်ရေးအဖွဲ့အတွက် အင်အားတိုးပြီးတော့ ရန်သူအင်အားလျော့သွားတာဖြစ်တဲ့အတွက် ဒါက ကောင်း တယ်။ သူတို့ဘာကြောင့် အခုမှ CDM ဝင်လာတာလည်းဆိုတာတော့ သူတို့အသိဆုံးဖြစ်ပါလိမ့်မယ်။ သူတို့ လက်ရှိ အချိန်ထိ စကစဘက်မှာ ဆက်နေမယ်ဆိုလို့ရှိရင် သူတို့ဘဝအခြေအနေတွေက မရှုလှတော့ဘူး။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်လာသူ ရဲနှင့် စစ်သားအင်အားစုစုပေါင်း ၁၀,၀၀၀(တစ်သောင်း)ကျော်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသည်။