ဖေဖော်ဝါရီလ၂၃ ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ။
ကရင်ပြည်နယ် မြဝတီ-ဖားအံ အာရှလမ်းမကြီးပေါ်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ကြေညာပြီး နောက်ပိုင်း စစ်ဆေးရေးဂိတ်များတိုးလာပြီး ငွေကြေးကောက်ခံမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလမှစ၍ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ် ၂ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက်ပိုင်း ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မြဝတီ-ဖားအံ အာရှလမ်းမကြီးတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များ ယခင် ကထက် ပိုမိုများပြားလာပြီး ငွေကြေးတောင်းခံမှုအခြေအနေမှာ ပိုမိုဆိုးရွားလာသည်ဟု ကားမောင်း သမားများက ပြောသည်။
ယခုလို ငွေကြေးကောက်သည့်ဂိတ်များ တိုးများလာခြင်းကြောင့် ထိုလမ်းမကို ပြေးဆွဲနေသည့် ကားမောင်းသမားများအနေဖြင့် တွက်ခြေမကိုက်တော့ဘဲ အခက်အခဲများ ရှိလာနေကြောင်း ကားမောင်းသမားတစ်ဦးက ယခုလို ပြောသည်။
“အခုဆိုရင် အဲ့ဒီကားလမ်းတစ်လျှောက် ဂိတ်တွေက စုစုပေါင်းဂိတ်၂၀ လောက်ရှိတယ် ။ အခြေအနေ နည်းနည်းကောင်းတုန်းက ၆ ဂိတ်၊ ၇ ဂိတ်လောက်ပဲရှိတယ်။ အခုချထားတာက သူတို့ဘာသာသူတို့ ချထားတဲ့ဂိတ်တွေပဲရှိတယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
မြဝတီ-ဖားအံ အာရှလမ်းမကြီးပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား မကြာခဏ ပစ်ခတ်တိုက်မှု တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။
ထို့ကြောင့် လုံခြုံရေးအကြောင်းပြပြီး ယင်းလမ်းမကြီးတစ်လျှောက်တွင် အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စစ်ဆေးရေးဂိတ်များကို တိုးချဲ့ ဖွင့်လှစ်ထားကာ ကုန်တင်ကားများနှင့် ခရီးသည်တင်ယာဉ်များအပေါ် မပေးမနေရ မတရားငွေညှစ် တောင်းခံမှုများပြု လုပ်နေကြောင်းလည်း ကုန်တင်ကားမောင်းသူများက ပြောသည်။
ကုန်တင်ကားမောင်းသူတစ်ဦးက “ဂိတ်တစ်ဂိတ်ကို ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀ အဲ့လိုမျိုး တွေပုံမှန်ပေးနေရတယ် တစ်ဂိတ်တစ်ဂိတ်ကို။ ပြီးတော့ တစ်ဂိတ်နဲ့ တစ်ဂိတ်ငွေ ပေးရတာချင်းလည်း မတူဘူး။ သူတို့တောင်းချင်သလောက်ကိုတောင်းနေတာ။ မပေးလို့ကလည်း မရပြန်ဘူးလေ။ ရေရှည်မှာ ဆိုရင်တော့ ကားမောင်းတာကိုပါ ရပ်ထားရမယ့်အခြေအနေထိ ဖြစ်နေပြီး။”ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် ၎င်းအာရှလမ်းမကြီးတွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်များဖြင့် ကားများကို စစ်ဆေးရာတွင်လည်း အချိန်ကြန့်ကြာခြင်းကြောင့် ကုန်ပစ္စည်းများသည် လိုရာသို့အချိန်မှီမရောက်သည့် ပြဿနာများနှင့်လည်းရင်ဆိုင်ကြုံတွေ့နေရသည်ဟု ကုန်တင်ကားမောင်းသူများက ပြောသည်။