Home ဆောင်းပါး ဘ၀ဒဏ်ရာတွေကြားက အနာဂတ်အတွက် ရုန်းကန်မယ့်သူ

ဘ၀ဒဏ်ရာတွေကြားက အနာဂတ်အတွက် ရုန်းကန်မယ့်သူ

977

ဘ၀ဒဏ်ရာတွေကြားက အနာဂတ်အတွက် ရုန်းကန်မယ့်သူ

နန်းဝေဖြိုးဇာ

(ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၃ခုနှစ်)

အချိန်က နေ့ခင်း။ ပတ်ဝန်းကျင်က လေဝင်လေထွက်ကောင်းပြီး ၅ ပေပတ်လည် လောက်ရှိတဲ့ အိမ်ရှေ့ဝရံတာမှာ မျက်နှာဖြူဖတ်ဖြူရော်၊ ခန္ဓာကိုယ် သေးသေး သွယ်သွယ်နဲ့ ဆံပင်ကိုနောက်မှာစည်းထားတဲ့ မီးဖွားပြီးခါစ အမျိုးသမီးငယ်တစ်ယောက် ထိုင်နေပါတယ်။

သူမကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကမှ ကလေးမီးဖွားထားသလို အဲဒီသမီးငယ်လေးကို ရင်ဝယ်ထွေးပွေ့ခွင့်မရှိတော့လို့ ကျန်းမာရေးအခြေအနေ သတင်းလာမေးသူတွေကို မပြုံး ချင်ဘဲ ကြိုးစားပြုံးပြပြီး စကားပြောနေရပါတယ်။ အကြောင်းကတော့ သူမဟာ ကလေး မွေးဖွားဖို့ ၃ ရက်ကြာ ဆေးရုံတက်ခဲ့ရပြီးနောက် ဆေးရုံကအဆင်း အိမ်ပြန်ရောက်ရောက်ချင်း နာရီပိုင်းအတွင်းမှာပဲ မွေးကင်းစ သမီးငယ်လေးကို အပြီးအပိုင် မွေးစားမယ့် မိဘတွေက ခေါ်သွားလိုက်တာပါ။

ကိုယ့်ရင်သွေးငယ်ကို မပေးရက်ပေမယ့် မွေးစားခွင့်ပေးလိုက်ရတဲ့ ဘ၀အခြေအနေက နန်းမူးအဲတာအတွက် အတော်နာကျင်ရပါတယ်။ အသက် ၂၀နှစ်သာရှိသေးတဲ့ သူမဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် ထိန်းချုပ်နယ်မြေထဲက ရွာလေးတစ်ရွာမှာ ၃နှစ်အရွယ် သမီးကြီးနဲ့အတူ အဖိုးနဲ့အဖွားကို မှီခိုနေထိုင်ရင်း ဒုတိယသမီးလေးကို မွေးဖွားထားသူ မိခင်တစ်ဦး ဖြစ်ပါတယ်။

“ကလေးကို သူများလက်ထဲ ပေးလိုက်တဲ့အချိန်မှာ မျက်ရည် လုံးဝ မပေးကျဘူး။ ဒါဟာ ငါ့သမီးလေး ကောင်းစားဖို့အတွက်ပဲဆိုပြီး စိတ်တင်းထားတာ။ ဘယ်အမေမှ ကိုယ့်သား သမီးကို သူများကို မပေးချင်ဘူး။ အခုက လုံးဝကို မတတ်နိုင်လို့သာ ပေးလိုက်ရတာ။” ဆိုပြီး သွေးနုသားနုဖြစ်နေတဲ့ သူမက ဟန်မဆောင်နိုင် တော့ဘဲ ချုံးပွဲချရှိုက်ငိုပြီး ပြောပြပါတယ်။

ယခုကာလမှာ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိ၊ မိဘကျောထောက်နောက်ခံမရှိ၊ ထောက်ပံ့သူမရှိတော့ သမီးလေးနှစ်ယောက်နဲ့ ရှင်သန်ရပ်တည်ဖို့ အခက်အခဲရှိတာ ကြောင့် ကလေးကို ခင်တွယ်တဲ့သံယောဇဉ် ပိုမတိုးလာခင်မှာ မွေးစားမယ့်သူကို အချိန်မဆွဲဘဲ မြန်မြန်ပေးလိုက်တာဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

“ကျမမွေးတဲ့ သမီးလေးနှစ်ယောက်မှာ သူတို့အနာဂတ်ရှိတယ်။ ကျမသမီးငယ်ကို မွေးစားသွားတဲ့သူတွေကလည်း ကျမသမီးအနာဂတ်အတွက် ကောင်းမွန်စွာ ထားပေး နိုင်တဲ့သူတွေမို့လို့ ကျမပေးလိုက်တယ်။ ကျမက မပြည့်စုံတော့ ကျမနဲ့နေရင် ဆင်းရဲမယ်။ သူတို့သမီးလေးကို ပြန်ခေါ်တဲ့အချိန်မှာ ရွှေဆွဲကြိုးကို ပေးဆွဲ လိုက်တာတွေတော့ ကျမ ဝမ်းလည်းဝမ်းသာတယ်။ ဝမ်းလည်းဝမ်းနည်းသလိုတော့ ခံစားရတယ်။”

နော်မူးအဲ့တာဟာ အသက် ၁၇ နှစ်အရွယ်မှာကတည်းက အိမ်ထောင်ကျခဲ့တာဖြစ်ပြီး လက်ရှိ သူမဆီမှာ ကျန်ရှိနေတဲ့ သမီးကြီးကတော့ ပထမအိမ်ထောင်နဲ့ရတဲ့ သမီးဖြစ်သလို မွေးခါစသမီးငယ်ကတော့ ဒုတိယအိမ်ထောင်နဲ့ရတဲ့ သမီးဖြစ်ပါတယ်။ သမီးကြီး တစ်နှစ် အရွယ်ရောက်တဲ့အချိန်မှာ ဖခင်ဖြစ်သူဟာ အိမ်ထောင် ရေးဖောက်ပြန်သွားတာကြောင့် သူမ အိမ်ထောင်ကွဲသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ထောင်ကွဲပြီး ၁ နှစ်အကြာမှာတော့ ကလေးတစ်ယောက်နဲ့ အဖိုးအဖွားတွေကို အားကိုး နေထိုင်ရင်း တစ်ယောက်ထဲရပ်တည်နေထိုင်လာတာ အခက်အခဲရှိ တာကြောင့် အားကိုးလို့ရနိုင်မယ့် နောက်ထပ် အမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ ငယ်ရွယ်နု ပျိုတဲ့အရွယ်ဖြစ်တာကြောင့် မတော်ရာလူတွေနဲ့ ထပ်တွေ့ မှာကို စိုးရိမ်လို့ မိဘစုံစုံလင်လင်ရှိပြီး သူမနဲ့မေတ္တာမျှခဲ့သူ ဒုတိယခင်ပွန်းကို သင့်တော်မယ်အထင်နဲ့ အဖိုးအဖွားတွေက လူကြီးစုံရာ အိမ်ထောင်ထပ်ပြုစေခဲ့တာပါ။

ဘ၀အတွက် အားကိုးလို့ရနိုင်မယ်ထင်လို့ အိမ်ထောင်ပြုလိုက်ပေမယ့်လည်း လက်တွေ့မှာ ခင်ပွန်းသည်(သူမအမျိုးသား)ဟာ သူမတို့မျှော်လင့်ထားသလို မဟုတ် ဘဲ WY စိတ်ကြွမူး ယစ်ဆေးတွေ ပိုမိုသုံးစွဲလာပြီး တစ်ခါတစ်ရံ ဆေးကြောင်ရင် သူမကို တွေ့ရာလူနဲ့ သဝန်တို၊ စွပ်စွဲနေတာကြောင့် မကြာခဏ သူမ စိတ်ဆင်းရဲ ခဲ့ရပါတယ်။

ဒုတိယအိမ်ထောင်ကျတဲ့အချိန်မှာ စီးပွားရေးအရင်လုပ်မယ်လို့ သူမ စဉ်းစားပေမယ့်လည်း ယောက္ခမတွေက ကလေးယူခိုင်းတာကြောင့် သူမထပ်ပြီး ကလေး ယူခဲ့ရပါတယ်။ သို့သော် ကိုယ်ဝန်ရလာတဲ့အချိန်မှာတော့ သူမ ထင်ထားသလိုမဖြစ်လာဘဲ ကိုယ်ဝန်ဖျက်ချဖို့ ယောက္ခမတွေက ဖိအားပေးလာသလို မူးယစ်ဆေး သုံးစွဲနေတဲ့ ခင်ပွန်းသည်ကလည်း မကြာခဏ ဆေးကြောင်တာကြောင့် သူမ စိတ်ဖိအားများစွာ ဖြစ်ခဲ့ရပါတယ်။ ယောက္ခမတွေနဲ့ အဆင်မပြေမှု တဖြည်းဖြည်း များလာပြီး နောက်ဆုံးမှာ သမီးငယ်ကိုလွယ်ထားရတဲ့ ကိုယ်ဝန် လေးလနဲ့ ယောက္ခမအိမ်ပေါ်ကဆင်းခဲ့ပြီး အဖိုးအဖွားတို့ဆီကို သူမ ပြန်နေထိုင်ခဲ့ပါတယ်။

“ဒီယောကျ်ားကို ရွေးချယ်တာကလည်း သူလည်း ကလေးတစ်ယောက်အဖေမို့လို့ နားလည်မယ်ထင်လို့ရွေးခဲ့တာ။ စစချင်းယူတဲ့အချိန်မှာ ကျမအပေါ်မှာ ကောင်းခဲ့တယ်။ ဆေးလည်းမသုံးဘူး။ သူ့မိဘတွေက ကျမကိုတောင် ကျေးဇူးတင်တယ်။ လပေါင်းနည်းနည်းကြာလာတော့ သူတို့ကျမကို ဆက်ဆံတာတွေ ပြောင်းလာတယ်။ သူ့သားက တစ်ဦးတည်းသောသားမို့ အလိုလိုက်တယ်။ သူ့သားပြောတာ အကုန်မှန်တယ်။ သူ့သားဆေးကြောင်တာကို ကျမကို လာအပြစ် တင်တယ်။ သီးခံခဲ့တယ်။ သီးမခံနိုင်တဲ့အဆုံးတော့ ကျမအဖိုးအဖွားဆီကို ပြန်လာနေတယ်။”လို့ နန်းမူးအဲတာ က ပြောပြပါတယ်။

နန်းမူးအဲတာ မှီခိုအားကိုးနေရတဲ့ အဖိုးအဖွားတွေကလည်း ဘ၀ မပြည့်စုံပါဘူး။ သမီးကြီး မွေးတဲ့အချိန်တုန်းကလည်း အဖွားဖြစ်သူကသာ ကျွေးမွေးပြုစုခဲ့ရတာ ကြောင့် ဒီအဖွားနဲ့အဖိုးကို ဒုက္ခမပေးချင်တော့လို့ ထပ်မွေးလာတဲ့ သမီးငယ်လေးကို မွေးစားခွင့်ပေးလိုက်တာဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့သလို ယောကျ်ား တစ်ယောက်ပြီး တစ်ယောက်ယူတယ်ဆိုပြီး ရွာမှာရှိတဲ့လူတွေရဲ့ ကဲ့ရဲ့ပြောဆိုတာတွေကို သူမ ရင်ဆိုင် ခံစားခဲ့ရသလို အပေါင်းအသင်းသူငယ်ချင်းတွေရဲ့မိဘတွေကလည်း သူမနဲ့ပတ်သက်နေရင် သူတို့သားသမီး စောစောအိမ်ထောင်ကျနိုင်တယ်ဆိုပြီး ခွဲခြားဆက်ဆံ ခံရပါတယ်။ အရွယ်နဲ့မမျှအောင် ဘ၀အခက်အခဲကို ရင်ဆိုင်ကြုံတွေ့ရတဲ့ သူမဟာ ဒုက္ခရောက်နေချိန် အားပေးမယ့် မိဘ၊ မောင်နှမတွေလည်း တစ်ယောက်မှ ရှိမနေတာကြောင့် မခံစားနိုင်တော့တဲ့အဆုံး လူ့လောက ကနေ အပြီးထွက်သွားဖို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။

သူမက “ကျမ ယောက္ခမအိမ်ပေါ်ကနေ ဆင်းလာပြီးတော့ ရွာပြန်ရောက်တဲ့အချိန်မှာ လူတွေက ဟိုပြောဒီပြောတော့ ကျမ အရမ်းစိတ်ဆင်းရဲခဲ့ရတယ်။ အဲဒီအ ချိန်မှာ ကျမကိုယ်ဝန်က (၄)လရှိတဲ့အချိန်ပေါ့။ အဲဒါ ကျမ အိမ်သာဆေး ချွတ်ဆေးကိုသောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်။ ကံကောင်းလို့ ဆေးရုံအမှီ ရောက်သွားလို့ ကျမ အသက်မသေခဲ့ဘူး။ ဗိုက်ထဲက ကလေးလည်း ဘာမှမဖြစ်ခဲ့ဘူး။”လို့ ပြန်ပြောပြပါတယ်။

“ဆရာဝန်တွေကလည်း ကျမကိုနားချတော့ ကျမ အရမ်းနောင်တရတယ်။ ဒီကလေး ကိုယ်ဝန်ရခါစတုန်းက ဖျက်ဖို့ ယောက္ခမတွေက လာပြောဖူးတယ်။ ကျမက ဒီကလေးကို မသတ်ရဲဘူး။ ကျမရအောင်မွေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပြီး။ ဒါပေမယ့် ကျမချွတ်ဆေး သောက်တဲ့အချိန်တုန်းက ကျမစိတ်လွတ်သွားတယ်”လို့ သူမက ဆက်လက်ပြောပါတယ်။

ဒီလို ခံစားနေရတဲ့ အမျိုးသမီးတွေကို တစ်ယောက်ထဲ လျစ်လျူရှုမထားသင့်သလို သူနဲ့ယုံကြည်မှုတည်ဆောက်ပြီး ရင်ဖွင့်လာနိုင်အောင်ကြိုးစားလုပ်ဆောင်ပေးသင့်ပြီး အားပေးနှစ်သိမ့်မှုပေးနိုင်တဲ့လူလိုအပ်နေကြောင်းလည်း နယ်စပ်အခြေစိုက် မြန်မာနိုင်ငံဆေး ပညာရှင်များအသင်း(BMA)ရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆက်သွယ်ရေးတာဝန်ခံ မူအေးခင် အခုလို မှတ်ချက်ပေးပါတယ်။

“အဓိက သူတို့ကိုယ်တိုင်က ရင်ထဲမှာ တအားမွန်းကြပ်နေတာဖြစ်တယ်။ တစ်ယောက် ယောက်နဲ့သူတို့ရင်ဖွင့်လိုက်မှ။ သူယုံကြည်မှ သူဖြစ်နေတဲ့ဟာ အကုန်လုံးသူရင်ဖွင့်မယ်။ ရင်ဖွင့်လိုက်မှပဲ သူ့ရင်ထဲမှာ ပေါ့သွားမယ်။ ဒါပေမယ့် တွေ့တဲ့လူနဲ့တော့ သူ့ခံစားချက်ကို ပြောမှာမဟုတ်ဘူး။ သူရင်းနှီးလို့ သူယုံကြည်မှပဲ သူ့ရင်ထဲမှာ ခံစားနေရတာတွေကို သူပြော ပြနိုင်မယ်။ ပြီးရင်သူ့ကိုသူ ပြန်စဉ်းစားနိုင်မယ်။ သူ့မှာရှိတဲ့ပြဿနာကို သူဘယ်လိုလုပ်ရင် ကောင်းသွားမလဲ သေချာပြောပြီး သူနဲ့ ဆွေးနွေးပေးရင် သူလည်းအားရှိလာမယ်” လို့ မူအေး ခင်က ပြောပါတယ်။

နန်းမူးအဲတာဟာ ငယ်စဉ်ကတည်းက သူတစ်ပါးအပေါ် အနိုင်ကျင့်တတ်သူမဟုတ်သလို စိတ်ထားကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး ကြုံတွေ့နေရတဲ့ ပြဿနာတွေကို လည်း တစ်ယောက်ထဲ ကြိတ်မှိတ်ခံစားတတ်တဲ့သူဖြစ်တယ်လို့ သူ့အဖွားက ပြောပါတယ်။

အဖွားက “သူ့ခံစားချက်တွေကို ဖွင့်ပြောလေ့ မရှိဘူး။ ပျော်ပျော်ပဲ နေတယ်။ သူ့ဖာသာသူပဲ တစ်ယောက်ထဲ ခံနေတယ်။ သူ့ကိုယ်သူသတ်သေတုန်းကလည်း မခံ နိုင်တဲ့အဆုံး အဲဒီလို လုပ်လိုက်တာ ဖြစ်မယ်။ အခုသူ့ကလေးကို သူများကို ပေးမွေးစားတာကလည်း ကျမတို့လည်း အသက်ကြီးပြီးဆိုတော့ မကြည့်နိုင်တော့ဘူး လေ။ အဲဒါကြောင့် သူများကို ပေးမွေးစားဖို့ ခွင့်ပြုပေးလိုက်တာဖြစ်တယ်။”လို့ ဆိုပါတယ်။

နန်းမူးအဲတာရဲ့ မိဘတွေဟာ သူမ မွေးလာကတည်းက တကွဲတပြားစီဖြစ်သွားကြပြီး မိခင်ဖြစ်သူက ၂၀၁၁ ခုနှစ်ကတည်းက သေဆုံးသွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ကလည်း သူမ မွေးလာကတည်းက ဆက်သွယ်ထောက်ပံ့ပေးတာမျိုးလည်း မရှိခဲ့ပါဘူး။ ဒီလိုအိမ်ထောင်စုက မွေးဖွားကြီးပြင်းလာရတဲ့ သူမဟာ မွေးလာက တည်းကစပြီး မိဘနဲ့အတူ မနေဖူးခဲ့တော့ မွေးထားတဲ့သမီးတွေကို သူမလို မဖြစ်စေချင်ဘဲ မိဘစုံစုံလင်လင်နဲ့နေရဖို့ အရမ်း မျှော်လင့်ခဲ့ပေမယ့် ကံကြမ္မာနဲ့အခြေအနေက မျက်နှာသာ မပေးခဲ့ပါဘူး။

သမီးလေးနှစ်ယောက်ဟာ သူမလိုဘဲ မိဘမစုံဘဲ ကြီးပြင်းရသလိုဖြစ်လာတဲ့အတွက် အရမ်း စိတ်မကောင်းဖြစ်မိတယ်ဆိုပြီး သူမက ငိုကြွေးရင်း ပြောပြပါတယ်။

“မွေးလာကတည်းစပြီး ယခုအချိန်ထိ သူများနစ်နာအောင် ကျမတစ်ခါမှ မလုပ်ဖူးဘူး။ အခုကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေဟာ အရင်ဘဝက လုပ်ခဲ့တဲ့ အကျိုးဆက်ပဲ ဖြစ်မယ်။ ဝဋ်ရှိရင် ကျမ ဒီဘဝမှာ အကုန်ခံလိုက်မယ်။ ကျမကို လုပ်တဲ့သူတွေ ကျမ ပြန်ပြီး တရားမစွဲချင်ဘူး။”လို့ သူမက ပြောပါတယ်။

ကျေးလက်ဒေသ ကျေးရွာတွေမှာ နန်းမူးအဲတာလို အလားတူ နစ်နာခံစားရတဲ့ အမျိုး သမီးအများစုဟာ အမျိုးသားတွေကို ရုံးတက်တရားစွဲတာ နည်းသလို တရားစွဲ နိုင်တဲ့ လမ်း ကြောင်းတွေကိုလည်း သိရှိမှု အားနည်းသေးတာကို တွေ့ရတယ်လို့ ကရင်အမျိုးသမီး အစည်းအရုံး အမျိုးသမီးခေါင်းဆောင်တွေက ပြောပါတယ်။

အခုနောက်ပိုင်း ဒေသတော်တော်များများမှာ မူးယစ်ဆေးဝါးကြောင့် အိမ်ထောင် ရေးပြိုကွဲကြသူတွေများလာသလို လူမှုကွန်ရက်စာမျက်နှာ(ဖေ့စ်ဘွတ်)သုံးစွဲ နေတဲ့လူတွေကြားမှာလည်း အိမ်ထောင်ရေးဖောက်ပြန်မှုတွေ အများအပြားရှိလာပြီး နောက်ဆက်တွဲ ပြဿနာတိုင်းမှာလည်း အများစုက အမျိုးသမီးတွေကသာ နစ်နာနေရတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး-KWO ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်၊ လူမှုရေးတာဝန်ခံ နော်ဒါးမုထူးက အခုလို ပြောပါတယ်။

နော်ဒါးမုက “ကိုယ်ဝန်ဆောင်တဲ့အချိန်တုန်းက ကလေးအတင်းဖျက်ချခိုင်းတာဟာ အဲဒါက ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲမှာနေရင် ဥပဒေနဲ့မကိုက်ညီဘူး။ ပြန်တရားစွဲလို့ ရတယ်။ သူတို့နှစ်ယောက်မယူကြရင်တောင်မှ ကလေးတာဝန်ဟာ သူ့အမျိုးသားဘက်ကလည်း တာဝန်ယူရမယ်။ ဒါပေမယ့် ရွာထဲမှာနေတဲ့ တော်တော်များများကတော့ အဲလိုတာဝန်ယူတာနည်းတယ်။”လို့ မှတ်ချက်ပြု ပြောဆိုပါတယ်။

ကရင်ပြည်နယ် အပါအဝင် နယ်မြေဒေသအများအပြားမှာ မူးယစ်ဆေးဝါး သုံးစွဲလာကြတဲ့ လူငယ်လူရွယ်တွေ များပြားလာသလို မူးယစ်ဆေးဝါးကြောင့် နောက် ဆက်တွဲ ဆိုးကျိုးအဖြစ် အိမ်တွင်းအကြမ်းဖက်မှုတွေပါ များလာပေမယ့်လည်း ရင်ဆိုင်ခံစားကြရတဲ့ အမျိုးသမီး အများစုဟာ အိမ်တွင်းရေးပြဿနာဆိုပြီး အဖြစ်မှန်ကို ထုတ်ဖော်မပြောရဲကြပါဘူး။

အလားတူ မူးယစ်ဆေးဝါးသုံးတဲ့ ခင်ပွန်းကြောင့် အိမ်တွင်းအကြမ်းဖက်မှု မကြာခဏ ခံခဲ့ရဖူးတဲ့ နော်ဖော့အဲ့ကလည်း “ကျမယောကျ်ားနဲ့ ပေါင်းသင်းတဲ့အချိန် တုန်းက ဆေးသုံး တာကြောင့် ကျမစိတ်ရောလူရော တော်တာ်ဒုက္ခရောက်တယ်။ နောက်ပိုင်း အကုန်လုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး ကိုယ့်ဖာသာကိုယ် အလုပ် ကြိုးစားတယ်။ သမီးလေးကို ပြုစုပျိုးထောင်တယ်။ အခုထိ ကျမအမျိုးသားရော၊ သူ့မိဘတွေရော ကျမကို မဆက် သွယ်ရဲဘူး။ မိန်းကလေးတွေကို ပြောချင်တာက ဘယ်သူ့မှ အားကိုးဖို့ စိတ်မကူးနဲ့ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင်အောင် အရင်လုပ်။ စိတ်ချမ်းသာတယ်။”လို့ အကြံပြုပါတယ်။

မွေးစားခွင့်ပေးလိုက်ရတဲ့ သမီးငယ်အတွက် ရင်ခွင်မဲ့သွားရသူ နန်းမူးအဲတာဟာ ဘ၀အနာဂတ်အတွက် ကိုယ့်ကိုယ်ကို ရပ်တည်သွားနိုင်ဖို့ အလုပ်ကြိုးစားရှာ မယ်ဆိုပြီး ရည်မှန်းချက် ကြီးကြီးမားမား ထားခဲ့ပါတယ်။ အဲဒါအပြင် ပေးစရာအကြွေးတွေရှိနေတဲ့ သူမရဲ့အဖိုးအဖွားတွေအတွက် ကျေးဇူးဆပ်သွားမယ်ဆိုပြီး သူမက ပြောပါတယ်။

“ကျမမှာ နောက်ခံမရှိ အရင်းအနှီး ပြီးတော့ တတ်ကျွမ်းမှု ဘာမှမရှိဘူးဆိုတော့ ဒီမှာနေရင် ကျမပိုက်ဆံများများရှာလို့ရမှာ မဟုတ်ဘူး။ ကလေးမွေးပြီးတာ မကြာသေးဘူးဆိုတော့ ကျန်းမာအောင် အရင်နေမယ်။ ဧပြီလလောက်ကျရင် ဘန်ကောက်တက်ပြီး အလုပ်လုပ်မယ်။ အဖွားအကြွေးဆပ်ပေးချင်တယ်။”ဆိုပြီး သူမရဲ့ဆန္ဒကို ပြောပြပါတယ်။

အသက်(၇၀) ဝန်းကျင် ရှိနေပြီးဖြစ်တဲ့ နန်းမူးအဲတာရဲ့ အဖိုးအဖွားတွေဟာ လက်ရှိအချိန်မှာ တောထဲက ရော်ဘာခြံထဲမှာ တဲဆောက်ပြီးနေရတာကြောင့် အိမ်လေးတစ် လုံးဆောက် ပေးဖို့အတွက် သူမမှာ အိပ်မက်ရှိသလို သမီးကြီးကိုလည်း ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်ဖို့ သူမ အများကြီး ကြိုးစားသွားမယ်ဆိုပြီး ပြောဆိုပါတယ်။

“ကျမ(အသက်)ငယ်သေးတယ်ဆိုတော့ အများကြီး ကြိုးစားနိုင်သေးတယ်။ ကျမကျေးဇူးရှင် အဖိုး၊ အဖွား ပြီးတော့ သမီးတွေအတွက် ကျမသန်မာရမယ်။ သူတို့ အတွက် ဆက်ပြီးတော့ ရုန်းကန်သွားရမယ်။”လို့ ဘ၀ရဲ့ ရှေ့ဆက် အနာဂတ်အတွက် သူမဟာ အားတင်းမာန်ခဲလို့နေပါတယ်။