ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ယမန်နေ့ ဖေဖော်ဝါရီလ(၂၂) ရက်နေ့တွင် စစ်ကောင်စီတပ်များက အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ထားသည့် ကျောင်းဆရာမ ၄ ဦးနှင့် အရပ်သားပြည်သူ ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု နီးစပ်သည့် ဒေသခံများက ပြောသည်။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် CDM ဆရာမများနှင့် ရပ်ကွက်ထဲရှိ အရပ်သား ပြည်သူများကို ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း(ခမရ-၂၈၅) ထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး ငွေညှစ်တောင်းခံမှုများ ကြုံတွေ့ရသည်ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။
“မနေ့တစ်နေ့ကရော ၊ မနေ့ကရော ဖမ်းတာကအကုန်လုံး ၁၆ ယောက်ရှိတယ်။ ဒီထဲမှာ CDM ဆရာမ ၄ ယောက်ပါတယ်။ ကျန်တာက ရိုးရိုးလုပ်သားပြည်သူတွေပဲ။ သူတို့က ဘာလို့ဖမ်းတာလဲဆိုတော့ ပိုက်ဆံငွေညှစ်ချင်လို့ဖမ်းတာ။ ဖမ်းသွားတဲ့သူတွေလည်း အခုထိ ပြန်မလွတ်သေးဘူး။ ဖမ်းသွားတဲ့ CDM ဆရာမတွေက အမှတ် ၃ က တစ်ယောက် ပါတယ်။ အမှတ် ၄ ကတစ်ယောက်ပါတယ်။ ဖမ်းသွားပြီးတော့ တပ်ရင်း ၂၈၅ ထဲကိုခေါ်သွားတာ”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၄)ရက်တွင်လည်း ထားဝယ်မြို့နယ်အတွင်း အရပ်သားပြည်သူများနှင့် CDM ပြုလုပ်သူများကို စစ်ကောင်စီတပ်က အလားတူ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဆရာ၊ ဆရာမများအနေဖြင့် လွတ်မြောက်သည့် နေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု CDM ကျောင်းဆရာမများထံမှ သိရသည်။
လက်ရှိ အာဏာသိမ်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများထဲတွင် နယ်မြေခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။



















