Home သတင်း နှစ်ဖက်စစ်ရေးတင်းမာသေးသည့် အခြေအနေအကြား လေးကေ့ကော် စစ်ရှောင်မိသားစုများ ပြန်လည်နေထိုင်နေရ

နှစ်ဖက်စစ်ရေးတင်းမာသေးသည့် အခြေအနေအကြား လေးကေ့ကော် စစ်ရှောင်မိသားစုများ ပြန်လည်နေထိုင်နေရ

587
Photo: CJ

ဖေဖော်ဝါရီလ ၂၃ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စစ်ဘေးရှောင်စခန်း (ပလော့တပို့) အနီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့လည်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားသဖြင့် သောင်ရင်းမြစ်ဘေးသို့ ထွက်ပြေးတိမ်းရှောင်ရသော စစ်ဘေးရှောင် မိသားစုများသည် လက်ရှိ နှစ်ဖက် စစ်ရေးတင်း မာနေသေးသော်လည်း စခန်းထဲ ပြန်လည်နေထိုင်ကြပြီဟု သိရသည်။

KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေရှိ ဖလူး-ဝေါလေလမ်းမပေါ်တွင် ယမန်နေ့က စစ်ကောင်စီ စစ်ကြောင်း ဖြတ်သန်းသွားလာစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားသည့်အတွက် စစ်ဘေးရှောင်စခန်းနေထိုင်သူများ ရုတ်တရက် သောင်ရင်းမြစ်ဘေးသို့ ထပ်မံ ရှောင်တိမ်းနေထိုင်ကြရခြင်းဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင် နှစ်ဖက်စစ်ရေးတင်းမာနေသေးသော်လည်း သောင်ရင်းမြစ်ဘေး အမိုးအကာ မရှိသည့်အတွက် စစ်ရှောင်စခန်း၀င်းအတွင်း နေအိမ်များသို့ တစ်ချို့ စစ်ဘေးရှောင် မိသားစုများ ပြန်လည် နေထိုင်နေကြပြီဟု လေးကေ့ကော်ဒေသ စစ်ဘေးရှောင်စခန်း(ပလော့တပို့) စခန်း နေထိုင်သူက ပြောသည်။

၎င်းက “ညကသဲသောင်ခုံမှာပဲကပ်ပြီး အိပ်ကြနေကြရတယ်၊ စစ်တပ်က ကားလမ်း မဘေးမှာရှိနေတော့ အချိန်မရွေး စစ်ရှောင်စခန်းထဲ ၀င်လာနိုင်သလို တိုက်ပွဲဖြစ်လို့ လေယာဉ်တွေ လက်နက်ကြီးတွေလည်း ကျပေါက်နိုင်တာကြောင့် မြစ်ဘေးက သဲသောင်မြေသားနံရံတွေ နားကပ်ပြီး နေနေကြတယ်။ အခု မနက် ပိုင်းတိုက်ပွဲ ငြိမ်နေတော့ တစ်ချို့မိသားစုတွေလည်း မြစ်ဘေးမှာနေပူပြီး အမိုးအကာမရှိတော့ ကိုယ့်တဲ ကိုယ် ပြန်နေနေကြတယ်၊ ပစ်တယ်ဆိုရင်တော့ မြစ်ဘေးပြန်ဆင်းပြေးနေကြရုံပေါ့။ သွားစရာ ရှောင်စရာလည်း နေရာမရှိလေ”ဟု ပြောသည်။

ယနေ့နံနက်ပိုင်း အချိန်ထိနှစ်ဖက် ပစ်ခတ်မှုမရှိသေးသော်လည်း စစ်ကောင်စီ စစ်ကြောင်းအနေဖြင့် ဖလူး-ဝေါလေ လမ်းမဘေးနှင့် ဖလူးလေးရွာတွင်း ယာယီစစ်ကာင်စီ၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်း စခန်းတွင် နေရာယူလမ်းကင်းထိုးထားပြီး ဝေါလေ-ကဆောဝါးလေး တောင်ကုန်းဘက်သို့ စစ်ကြောင်း ဆက်တက်ရန် ပြင်ဆင်နေကြောင်း ဖလူးလေးကျေးရွာ ဒေသခံများ ပြောစကားအရ သိရသည်။

“စစ်တပ်က ဝေါလေကားလမ်းကို သူတို့အထိုင်နေရာတွေ၊ စစ်ဆေးရေး ဂိတ်တွေနဲ့ နေနေပေမယ့် အမြဲအပစ်ခံနေရတယ်။ အခုထပ်ပြီး စစ်ကူပို့တာမှာ မနေ့က လမ်းဘေးမှာတင် အပစ်ခံရတော့ စစ်ကြောင်းက ဗိုလ်မှူးနဲ့ ရဲဘော်တစ်ယောက်သေတယ်။ ၄ ယောက်လောက်ဒဏ်ရာရတာ မြ၀တီဘက်ကို ပြန်သယ်သွားတယ်။ ကျန်တဲ့သူတွေက ကားလမ်းဘေးတွေမှာ တချို့၊ ဖလူးလေး ရွာထဲက စစ်တပ်ဂိတ်၊ ရွှေတီဂုံပုံတူ ဘုရားကုန်းဘက်မှာ နေနေကြတာတော့ ရှိနေသေးတယ် ”ဟု ဖလူးလေးကျေးရွာ ဒေသခံက ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည့် ဖလူး-ဝေါလေ လမ်းမဘေးနေရာအနီး လေးကေ့ကော်ဒေသ ရပ်ကွက်များမှ စစ်ဘေးရှောင်နေကြရသူ ၁၀၀၀ ကျော်ရှိနေသည့် ပလောတပို့ ယာယီ စစ်ဘေးရှောင်စခန်းမှာ ဒေသ တွင်း ကျေးရွာများဘက်သို့ နေရပ်မပြန်နိုင်သေးသည့် ရွှေ့ပြောင်းအခြေချနေထိုင်သူများ၊ ဒေသခံကရင် တိုင်ရင်းသားမိသားစုများ အများစုနေထိုင်ရာ စစ်ဘေးရှောင်စခန်းဖြစ်သည်။