Home သတင်း မဲဆောက်မြို့ရှိ ဆာသူးလေကျောင်းတွင် ကျောင်းသားအသစ် လက်မခံနိုင်တော့ဟုဆို

မဲဆောက်မြို့ရှိ ဆာသူးလေကျောင်းတွင် ကျောင်းသားအသစ် လက်မခံနိုင်တော့ဟုဆို

1574

ဖေဖော်ဝါရီလ ၂၃ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း စာသင်ကျောင်းတစ်ကျောင်းဖြစ်သည့် ဆာသူးလေအထက်တန်းကျောင်းအနေဖြင့် လာမည့် ၂၀၂၃ – ၂၄ ပညာသင်နှစ်တွင် ကျောင်းသား/သူ သစ်များကို ကျောင်းအပ်လက်ခံနိုင်တော့မည်မဟုတ်ကြောင်း ယခု ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

နှစ်စဉ်ကျောင်းသားဦးရေ (၇၀၀) ဝန်းကျင်ခန့် ပညာသင်ကြားပေးလျက်ရှိခဲ့ရာမှ ၂၀၂၂-၂၃ ပညာသင်နှစ် အတွင်း မြန်မာပြောင်းရွှေ့ကျောင်းသားများစွာ ကျောင်းအပ်နှံခံသည့်အတွက် လက်ရှိအချိန်တွင် ကျောင်းသား (၁,၁၀၀) ဝန်းကျင်ခန့် ရှိနေသည်။

“ဒီကျောင်းက ကျောင်းသား ၇၀၀ အတွက်ပဲ။ အခုကျောင်းသား ၁,၁၀၀ လောက် ဖြစ်နေတယ်။ ကျမတို့ကို ကူညီတဲ့ အလှူရှင်တွေနဲ့ တိုင်ပင်တော့ အခြေအနေတွေအရ အသစ်တွေ ထပ်လက်ခံလို့ အဆင်မပြေတော့ဘူး” ဟု ဆာသူးလေကျောင်းတည်ထောင်သူဖြစ်ပြီး လက်ရှိ ကျောင်းအုပ် ဆရာမကြီးလည်းဖြစ်သည့် ဆရာမနော်ဖောရေက ကေအိုင်စီသို့ ပြောသည်။

ယခု ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ထိုင်းနယ်စပ်ရှိ ရွှေ့ပြောင်းကျောင်း ၆၅ ကျောင်းကို ထိုင်း ပညာ ရေးဌာနမှ Education-Quality-Framework ဟု ခေါ်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်မှုများ ပြုလုပ်ခဲ့ရာတွင် ဆာသူးလေကျောင်းအနေဖြင့် အချက်အလက်များနှင့် ကိုက်ညီမှုရှိခဲ့ကြောင်း သိရသည်။

သို့သော် ကျောင်းနေရာနှင့် အဆောက်အအုံများမှာ လုံလောက်မှုရှိသော်လည်း သတ်မှတ်ထား သည့်ကျောင်းသားဦးရေကို ကျော်လွန်လက်ခံထားသည့်အတွက် စာသင်ခန်းများ လုံလောက်မှုမရှိသည့် အချက်ကို ထောက်ပြကာ ထပ်ထိုးလက်မခံရန် အကြံပြုသွားခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

ဆရာမနော်ဖောရေက “ကျမတို့ကျောင်းက ပြောင်းရွှေ့ကျောင်းတွေထဲမှာ ကျောင်းကြီးတစ် ကျောင်းအဖြစ် ရပ်တည်နေတယ်။ အဲ့တော့ ပညာရေးဘက်က ချထားတဲ့ စည်းကမ်းတစ်စုံတစ်ရာကို အမှားလုပ်မိရင် တခြားရွှေ့ပြောင်းကျောင်းတွေလည်း နစ်နာမှာစိုးလို့ အခုလို ကြေညာရတာဖြစ်တယ်” ဟု ကျောင်းသားသစ် လက်မခံနိုင်ခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။

ဆာသူးလေအထက်တန်းကျောင်းတွင် မူကြိုအတန်းမှစပြီး အထက်တန်းအထိ ပညာသင်ကြား ပေးလျက်ရှိပြီး အထက်တန်းမပြီးဆုံးသူများအတွက် နိုင်ငံခြားတက္ကသိုလ်များတွင် ပညာဆက် လက်သင်ယူနိုင်ရန် အခွင့်အရေးရစေမည့် GED (General Educational Development) သင်တန်းများကိုပါ သင်ပေးနေသည့် ကျောင်းဖြစ်သည်။

ဆာသူလေးအထက်တန်းကျောင်းကို ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်ထိ ၂၄ တိုင်အောင် မြန်မာရွှေ့ပြောင်းကလေးငယ်များ၏ ပညာရေးကို တာဝန်ယူသင်ကြားပေးလျက်ရှိသည်။ စတည်တည်ထောင်ချိန်တွင် ဆရာမနော်ဖောရေတစ်ဦးတည်းက တာဝန်ယူသင်ကြားခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကျောင်းသားဦးရေ ၂၅ ဦးသာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ဆရာ၊ ဆရာမဦးရေ (၆၀) ဝန်းကျင်ဖြင့် သင်ကြားပေးလျက်ရှိသည်။