Home သတင်း ဘုရားထီးတင်ပွဲတွင် အသံကျယ်လောင်စွာဖောက်ခွဲမှုကြောင့် ဒေသခံ ပြည်သူများ ထိတ်လန့်ခဲ့ရ

ဘုရားထီးတင်ပွဲတွင် အသံကျယ်လောင်စွာဖောက်ခွဲမှုကြောင့် ဒေသခံ ပြည်သူများ ထိတ်လန့်ခဲ့ရ

755
Photo: CJ

ဇန်နဝါရီ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ သစ်ကတင်ရွာတွင် ဇန်နဝါရီလ ၁၀ ရက်က ကျင်းပ သည့် ဘုရားထီးတင်ပွဲအခမ်းအနား၌ နယ်ခြားစောင့်တပ်-BGF စစ်သားများက အသံကျယ် လောင်စွာ ဖောက်ခွဲခြင်းများလုပ်ဆောင်သောကြောင့် တိုက်ပွဲဖြစ်ပွားသည်ဟု ထင်မှားကာ ထိတ်လန့်ခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဘုရားထီးတင်ပွဲတွင် ဗြောက်ဗုံး ၁၀ ကြိမ်ထက်မနည်း ဖောက်ခွဲခြင်းနှင့် သေနတ်ပစ်ဖောက်ခြင်း ပြုလုပ်သည့်အတွက် အသံကြားရသည့် ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာများမှ ပြည်သူလူထုများမှာ တိုက်ပွဲဖြစ်ပွားသည်ဟု ထင်ယောင်ထင်မှားသည့် အတွက် ထိတ်လန့်မှုဖြစ်ပွားခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အခုလိုပစ်ဖောက်တာက ကုသိုလ်လုပ်တာနဲ့မတူဘူး။ သူတို့ BGF တွေ ဘယ်လိုစိတ်ကူးနဲ့ ပစ်ဖောက်လဲမသိဘူး၊ စစကြားချင်းပဲလန့်သွားတယ်။ တိုက်ပွဲဖြစ်တယ်ထင်ပြီး ပြေးရတော့မလားပေါ့၊ စိတ်ထင်တယ်”ဟု ဒေသခံတစ်ဦးက‌ ကေအုင်စီသို့ ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ဒေသတော်တော်များများတွင် တိုက်ပွဲများ ဖြစ်ပွား နေသည့်အချိန် အသံကျယ်လောင်စွာ ဖောက်ခွဲခြင်း၊ သေနတ်သံများကို ပစ်ဖောက်ခြင်း များမှာ ဒေသခံ ပြည်သူများ ထိတ်လန့်နေရ၍ အလုပ်ပျက်အကိုင်ပျက် ဖြစ်ရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးကလည်းပြောသည်။

ဘုရားစေတီပွဲများတွင် ယခုလို ဖောက်ခွဲမှု လုပ်ဆောင်ခြင်းမှာ မြန်မာနိုင်ငံ၏ ဘာသာရေး အယူဝါဒအမှားများဖြစ်သလို ယခုကဲ့သို့ ဆူညံအောင်ပေါက်ကွဲခြင်းများ ပြုလုပ်ခြင်းမှာ ဘာသာရေးအသိဉာဏ်နည်းပါးခြင်းကြောင့်ဖြစ်သည်ဟု အမည်မဖော်လိုသူ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“အခုလို ဗုဒ္ဓ ဘာသာပွဲတော်တွေမှာ ကျယ်လောင်စွာဖောက်ခွဲခြင်းတွေက ကုသိုလ်လည်း မရသလို အနီးအနားရှိ မိဘပြည်သူတွေကို စိတ်ဒုက္ခပေးသလိုဖြစ်ကာ ဘဏ္ဍာငွေတွေကို အလကားဖြုန်းတီးသလိုဖြစ်ပြီး အပျော်သက်သက်သာပြုလုပ်နေတာဖြစ်တယ်”ဟု ထိုဒေသခံဆရာ‌တော်က မွက်ကြားသည်။

BGF တပ်ဖွဲ့က ဦးဆောင်ပြီး ဇန်နဝါရီလ(၁)ရက်မှစ၍ (၁၁)ရက်နေ့အထိ ကျင်းပပြု လုပ်သည့် သစ်ကတင်ရွာဘုရားထီးတင်ပွဲကို ဇာတ်သဘင်ပွဲများနှင့် လောင်းစကားဝိုင်း များထည့်သွင်းကာ စည်ကားစွာကျင်းပသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။