Home သတင်း ကော့ကရိတ်ဒေသ စစ်ရှောင်အမျိုးသမီးများ ရပ်တည်ရေးအတွက် ခက်ခဲနေ

ကော့ကရိတ်ဒေသ စစ်ရှောင်အမျိုးသမီးများ ရပ်တည်ရေးအတွက် ခက်ခဲနေ

900

ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၃ခုနှစ်‌။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးကျေးရွာများတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒေသခံအမျိုးသမီးများသည် စစ်ရှောင်ကာလ ကြာလာသည့်နှင့်အမျှ စားဝတ် နေရေးအတွက် ရပ်တည်ရန် အခက်အခဲများရှိလာနေကြောင်း စစ်ဘေးရှောင်အမျိုးအမီးများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်တွင် ပြန်လည်ဖြစ်ပွားသည့် တကျော့ပြန်တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် သက်ကြီးရွယ်အိုနှင့် အိမ်ထောင်မပြည့်စုံသည့် အမျိုးသမီးများသည် လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် အနိုင်နိုင်ကြိုးစားရုန်းကန်နေရပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် နေအိမ်များ လက်နက်ကြီးကျည် ထိမှန်ပျက်စီးသည့်အတွက် ရှေ့ဆက်နေထိုင်ရပ်တည်ရန် အလွန်ခက်ခဲကြောင်း ဒေသခံအမျိုးသမီးများက ပြောသည်။

နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရသူ အမျိုးသမီးတစ်ဦးက“အိမ်လည်းမရှိတော့ဘူး။ ရှိသမျှလည်း အကုန်ပါသွားပြီး။ ရွာမှာပြန်နေလို့ရရင်တောင် နေစရာမရှိဘူး၊ အခုလည်း တိမ်းရှောင်နေရဆဲပဲ။ စားစရာကုန်သွားရင် ငတ်ပြတ်ပြီးသေဖို့ပဲရှိတယ်။ ကြိုးဆွဲချပြီးတောင်သေချင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အိမ်ထောင်ပြည့်စုံမှုမရှိသည့် စစ်ရှောင်အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများသည် အခြားသူများထက် နေထိုင်ရပ်တည်ရေးအတွက် ပိုမိုအခက်အခဲရှိကြောင့် ဝိုင်းဝန်းကူညီမှုအပိုင်းတွင် ဦးစားပေးလုပ်ဆောင်သင့်ကြောင်း ကော့ကရိတ်မြို့နယ်‌ တောင်ပိုင်း စစ်ဘေးရှောင်ကူညီးထောက်ပံ့ရေးအဖွဲ့က ပြောသည်။

“အမျိုးသမီးတွေက ယောက်ျားလို သစ်ပင်အောက်၊ ဝါးပင်အောက်နေလို့ အဆင်မပြေဘူး။ စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ယောက်ျားတွေထက် ပိုပြီးထိခိုက်တယ်။ မုဆိုးမဆိုရင် စစ်ဘေးရှောင်ပြီး တဲထိုးရမယ်ဆိုရင် တဲထိုးဖို့၊ ဝါးခုတ်ဖို့ အမိုးမိုးဖို့ ယောကျ်ားလို လုပ်နိုင်ဖို့ ခက်ခဲတယ်။ ငွေရေး၊ ကြေးရေးလည်း ခက်ခဲတယ်။ မုဆိုးမဖြစ်တဲ့အမျိုးသမီးကို ပိုပြီးဦးစားပေးသင့်တယ်။ ကျေးရွာအုပ်ချုပ်‌ရေးပိုင်း၊ ရွာမိရွာဖ၊‌ ဆွေမျိုးသား ချင်းများဝိုင်းပြီးပြုစု‌စောင့်‌ရှောက်ဖို့လိုတယ်။”ဟု ပြောသည်။

ထို့အပြင် ကော့ကရိတ်ဒေသအတွင်း အိမ်ထောင်ဦးစီးလုပ်‌နေရသည့် စစ်ရှောင်အမျိုးသမီးများသည် မိသားစု ရပ်တည်နေထိုင်ရေးအတွက် ခက်ခဲသလို အိမ်ထောင်သည် အမျိုးသမီးများသည်လည်း ကုန်စျေးနှုန်းမြှင့်တက်လာမှုကြောင့် အလားတူ အခက်အခဲကြုံတွေ့ရသည်ဟု ကရင်အမျိုးသမီးအစည်း အရုံး-KWO ကလည်း ယခုလိုပြောသည်။

“အိမ်တစ်အိမ်မှာ လင်က ဆုံးပါးသွားတယ်။ အဲ့လိုအိမ်ထောင်ဦးစီးလုပ်ရတဲ့အမျိုးသမီးတွေ စားဝတ်နေ ရေး ပိုခက်တယ်။ တစ်ချို့သောအိမ်ထောင်သည်တွေလည်း ကုန်ဈေးနှုန်းကြောင့် အလုပ်လည်း အဆင်မ ပြေဘူး။ စားဝတ်‌နေရေးအခက်အခဲများစွာရှိနေတယ်”ဟု ကော့ကရိတ်မြို့နယ် KWO အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကော့ကရိတ်ဒေသတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ တကျော့ပြန် ပြန်လည်ဖြစ်ပွားသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းတိုက်ခိုက်မှုပါ အပြင်းအထန်လုပ်ဆောင်ခဲ့သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် အရပ်သား ၃ ဦးသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် အရပ်သားနေအိမ်၊ ဥယာဉ်ခြံ၊ အိမ်မွေးတိရိစ္ဆာန်အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့သလို အမျိုးသမီးနှင့် ကလေးငယ်များ ၊ သက်ကြီး ရွယ်အိုများအပါအဝင် ထောင်နှင့်ချီသော ဒေသခံအရပ်သားပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကော့ကရိတ်မြို့အနီးရှိ ကော့နွဲကျေးရွာမှ လူနေအိမ် (၂၀) နီးပါးကို မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ခဲ့သလို လူနေအိမ်ရှိ လူသုံးကုန်နှင့် တန်ဘိုးရှိပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

လက်နက်ကြီးကြောင့် နေအိမ်ပျက်စီးသွားခဲ့သည့် ရွာသားတစ်ဦးကလည်း “အိမ်တော့မီးရှို့မခံရဘူး။ လက်နက်ကြီးထိလို့ အားလုံးပျက်စီးနေတယ်။ ဘယ်လိုမှပြန်နေလို့မရတော့ဘူး။ ပြန်ပြင်ရင် အများကြီးကုန်မယ်။ အိမ်ပေါ်တက်တာ သတိထားပြီးတက်နေရတယ်။ မီးရှို့ခံရတဲ့အိမ်နဲ့ လက်နက်ကြီး ထိပြီးပျက်စီးတာ ရွာမှာရှိတဲ့အိမ်တွေအကုန်ပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လာ၍ ဒေသခံပြည်သူများမှာ မကြာခဏ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်ထိ အများစုမှာ ၎င်းတို့နေအိမ်ကို မပြန်နိုင်သေးဘဲ ဒုက္ခများစွာကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောသည်။

လက်ရှိကော့ကရိတ်ဒေသတွင် စစ်ဘေးရှောင်အရပ်သားပြည်သူ (၅,၀၀၀)ဝန်းကျင်ရှိပြီး အမျိုးသမီးဦး‌ရေမှာ (၆၀)ရာခိုင်နှုန်းရှိသည်ဟု စစ်ရှောင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။