Home ဆောင်းပါး လေကြောင်းရန်မလုံခြုံမှုအောက်က တဲထိုးသင် ပညာရေးနှင့် ကလေးငယ်များ၏ အနာဂတ်

လေကြောင်းရန်မလုံခြုံမှုအောက်က တဲထိုးသင် ပညာရေးနှင့် ကလေးငယ်များ၏ အနာဂတ်

931

စအိုင်ဆူး (ဇန်နဝါရီလ ၁၁၊ ၂၀၂၃ ခုနှစ်)

တစ်ဟုန်ထိုး စီးဆင်းနေသော ချောင်းငယ်တစ်ခုကို ကြိုးဆွဲ ဝါးဖောင်ဖြင့် ဖြတ်ကူးလိုက်သည်နှင့် တဘက်ချောင်းကမ်းပါးအနီးက သစ်တောအုပ်အတွင်း အစီအရီ တည်ဆောက်ထားသည့် တဲအိမ်ငယ်ကလေးများကို လှမ်းမြင်တွေ့လိုက်ရသည်။

အမိုးအကာလုံရုံမျှ တည်ဆောက်ထားတဲ့ အဆိုပါ တဲအိမ်ငယ်ကလေးများအသီးသီးတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လုံခြုံမှုရှိသည်ဟု ထင်ရသည့် တောထဲတွင် ယာယီ ပြောင်းရွှေ့ ပြီး ပညာ ဆက်လက်သင်ယူနေသည့် မူတြော် ဂျူနီယာကော်လိပ်ကျောင်းသူ၊ ကျောင်းသားများ နေထိုင် နေကြ ခြင်းဖြစ်သည်။

ကျောင်းဟု သတ်မှတ်ထားသည့် အဆိုပါ ယာယီပြောင်းရွှေ့နေရာသစ်တွင် စာသင်ကြားနိုင်သည့် ခန်းမ ဆောင်ငယ်တစ်ခုကလွဲ၍ ကျောင်းအဆောက်အဦးနှင့် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ အလုံ အလောက်မရှိသည်ကိုတွေ့ရသည်။

ယင်းနေရာသည်ဒေသအခေါ် ပွယ်လိုကလိုးဟု အမည်ရပြီး ကေအဲန်ယူတပ်မဟာ ၅ မူတြော် ဒေသတွင်ရှိသည်။

အဆိုပါ ယာယီ ပြောင်းရွှေ့ကျောင်းတွင် ဂျူနီယာ ကောလိပ် ကျောင်းသား ၁၂၀ ခန့် ဆက်လက် ပညာသင် ယူနေသော်လည်း ထိုဒေသတွင် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသေးသောကြောင့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအန္တရာယ်ကို အမြဲသတိထား နားစွင့်နေရပြီး ကျောင်းသူ ကျောင်းသားများ အနေဖြင့် အသက်အန္တရာယ်မလုံခြုံမှုရှိသည့် အခြေအနေအောက်တွင် ပညာကို ဆက်လက်ပညာသင်ယူနေရသည်ဟု ကျောင်းအား အနီးကပ် စီမံကွပ်ကဲနေသည့် ကျောင်းအုပ်ကြီး စောဖိုးလီဂေး က ဆိုသည်။

“အခုအချိန်ထိ သေသေချာချာ လုံခြုံမှုမရှိဘူးဆိုတာတော့ သေချာပြောလို့ရတယ်။ ဘာဖြစ်လဲဆိုတော့ အမြဲတမ်းက ကျနော်တို့ကို သတိနဲ့နေဖို့ အခြေအနေကို စောင့်ကြည့်နားထောင်ဖို့ ပြီးရင်ရာသီဥတု ကောင်းရင် ဘယ်လို အခြေအနေရှိနိုင်လဲဆိုတာတွေ တာဝန်ရှိသူတွေက လာလာသတိပေးတယ်။ အခုက စစ်ကောင်စီ လေယာဉ်တွေက အမြဲတမ်းလိုလို လာဝဲတယ်။ သူတို့ ဒရုန်းနဲ့လည်း လာလာပြီး စုံစမ်းထောက်လှမ်းတာတွေ ပုံမှန်လုပ်နေတုန်းပဲ” ဟု ဂျူနီယာကောလိပ် ကျောင်းအုပ်ဖြစ်သူ စောဖိုးလီဂေးက နယ်မြေ၏ လုံခြုံရေး အခြေအနေကို ရှင်းပြသည်။

အဆိုပါ ကောလိပ်ကျောင်းသည် တောထဲသို့ ယာယီပြောင်းရွှေ့ပြီး ဆက်လက် ပညာသင်ယူနေရသည့် အဓိက အကြောင်းအရင်းမှာလည်း ယခင်လများအတွင်း အဆိုပါ ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် စစ်ကောင်စီ၏ ပြင်းထန်သည့် လေကြောင်း တိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟုသိရသည်။

မူတြော်(ဖာပွန်)ဒေသသည် ပြီးခဲ့သည့် စစ်အာဏာသိမ်းမှု ချိန်မှစ၍ စစ်ကောင်စီ နှင့် KNU အကြား တိုက်ပွဲများ စတင်ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ပြီး အာဏာသိမ်းပြီး တစ်လကျော်အကြာတွင် KNU ဘက်မှ စစ်ကောင်စီ၏ အရေးပါသည့် အခြေစိုက်စခန်းများကို စတင် တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် သံလွင်မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီ၏ သီးမူထား စခန်းကြီးတစ်ခုကို ကေအဲန်ယူဘက်မှ ပထမဦးဆုံးအကြိမ် စတင်ဝင်ရောက်တိုက် ခိုက် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်မှ အများအပြားထိခိုက်သေဆုံးသလို လက်နက်ခဲယမ်းအများအပြားနှင့် တပ်ဖွဲ့ဝင်တချို့ကိုလည်း အရှင်ဖမ်းမိခဲ့သည်။

ထို စခန်းသိမ်းတိုက်ပွဲများ၏ နောက်ဆက်တွဲ အနေဖြင့် စစ်ကောင်စီဘက်မှ ချက်ချင်းဆိုသလို ကေအဲန်ယူ တပ်မဟာ (၅) ၏ ဌာနချုပ်တည်ရှိရာ အနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန် ပြန်လည် လက်တုံ့ပြန်လုပ်ဆောင်ခဲ့ပြီး လူနေအိမ်အဆောက်အအုံများ၊ စာသင် ကျောင်းများကို ထိမှန်ခဲ့ကာ သောင်းနှင့်ချီသည့် ဒေသခံ လူထုများလည်း ဘေးလွတ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“လေယာဉ်လာပစ်တုန်းက ကျနော်တို့ကျောင်းရဲ့ နောက်ဆုံးစာမေးပွဲဖြေဖို့အချိန် တစ်ဘာသာဖြေပြီး ညဘက်ရောက်တော့ လာပစ်တော့တာပဲ။ ကျောင်းထဲမှာ ကျောင်းသားကော ဆရာတွေကော တစ်ရာကျော်ရှိတယ်။ လာပစ် တုန်းကတော့ ကျောင်းကိုတော့ မထိဘူး။ တခြားအပြင်မှာထိသွားတယ်။ ဒါပေမဲ့ သူပြေးကိုယ်ပြေး အကုန်လုံး ဖရိုဖရဲဖြစ်ကုန်တာ။” ဟု မူတြော်ဂျူနီယာ ကောလိပ်ကျောင်းအုပ်က ၎င်း၏ အတွေ့အကြုံကို ပြန်လည် ပြောပြသည်။

လက်ရှိ အဆိုပါ ဒေသတွင် နေ့စဉ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသေးသလို နှစ်ဖက် တိုက်ပွဲများတွင်လည်း အထိအခိုက် အကျအဆုံးများသည့် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှုကို ထပ်မံ ပြုလုပ်လာ နိုင်ဖွယ်ရှိသေးသဖြင့် စစ်ဘေးရှောင်ခဲ့ရသည့် ဒေသခံ တစ်ချို့ နေအိမ်မပြန်လာရဲသေးဘဲ နေအိမ် ပြန်လည်ဝင်ရောက်နေထိုင်သူများအနေဖြင့်လည်း သတိဖြင့် နေထိုင် သွားလာကြရန်လည်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားရသည်ဟု သိရသည်။

နေ့အချိန်တွင် ပုံမှန် လုပ်ကိုင် စားသောက်နိုင်ကြသော်လည်း ညအချိန်တွင်မူ လုံခြုံရေး အခြေအနေအရ သက်ဆိုင်ရာ ကေအဲန်ယူ တာဝန်ရှိသူများက ည ၇ နာရီမှ စ၍ နေအိမ်အပြင် မထွက်ကြရန် နှင့် မီးအလင်း ရောင်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုကြရန် ဒေသန္တရ အမိန့် ထုတ်ပြန်ထားသည်။

“ကြည်းကြောင်းက တက်လာမယ့် စစ်တပ်ကိုတော့ ကျနော်တို့ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တာဝန်ယူပြီး ပိတ်ဆို့ တားမြစ်တာမျိုး လုပ်နိုင်တာပေါ့။ ဒါပေမဲ့ လေကြောင်းကပဲ ဖြစ်ဖြစ် လက်နက်ကြီးပဲဖြစ်ဖြစ် ဒါတွေကျတော့ ကျနော်တို့ ဟန့်တားနိုင်စွမ်းမရှိတဲ့အပေါ်မှာ ဒါတွေအတွက် ပြင်ဆင်ထားပြီး လုံခြုံရေးအတွက် အမြဲသတိထားဖို့ ညွှန်ကြား အကြံပြုတာတွေ တော့ရှိတာပေါ့” ဟု KNU တပ်မဟာ(၅)၏ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒို့က ဒေသတွင်း လူထုလုံခြုံရေးနှင့် ပတ်သက်ပြီး ၎င်းတို့၏ စီမံလုပ်ဆောင်ထားမှုကို ပြောပြသည်။

လေကြောင်း တိုက်ခိုက်ခဲ့မှုကြောင့် နေရာသစ်ပြောင်းရွှေ့ပညာသင်ယူနေရသည်မှာ မူတြော်ဂျူနီယာကောလိပ် ကျောင်းတစ်ခုသာမကဘဲ ယခင်နှစ် မတ်လ လေကြောင်း တိုက်ခိုက်မှုတွင် ကျောင်းအဆောက်အအုံ တစ်ခုလုံး ထိခိုက် ပျက်စီးခဲ့ရသည့် လူသောမြို့နယ်အတွင်းရှိ ဒေဖိုးနို အထက်တန်းကျောင်းလည်း အပါအဝင်ဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် ဒေဖိုးနို အထက်တန်းကျောင်းသည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အအုံ တစ်ခုလုံးနီးပါး ထိခိုက်ပျက်စီးသွားခဲ့သော်လည်း ကံကောင်းသွားသည်မှာ ကျောင်းပိတ်ရက် ဖြစ်သောကြောင့် ကျောင်းသူ၊ ကျောင်းသား ထိခိုက် သေဆုံးမှု ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း ကျောင်းတာဝန် ရှိသူများက ဆိုသည်။

ကျောင်းအဆောက်အအုံ ပျက်စီးသွားသလို လေကြောင်းရန် မလုံခြုံမှုအခြေအနေများလည်း ရှိနေသေးသော်လည်း ဒေဖိုးနို အထက်တန်းကျောင်းကို တောတွင်း တစ်နေရာတွင် ယာယီ အဆောက်အအုံ ကလေးများဖြင့် ဆက်လက် ဖွင့်လှစ်ပေးထားပြီး ကျောင်းသူကျောင်းသားများကို ဆက်လက် ပညာသင်ယူခွင့်ပေးထားသည်။

ဝါးဖြင့် ယာယီ ဆောက်လုပ်ထားသည့် ကျောင်းအဆောက်အအုံများတွင် ပညာဆက်လက် သင်ယူ နေသည့် ကျောင်းသူကျောင်းသားများမှာ ၅၀၀ နီးပါးရှိနေပြီး သင်ထောက်ကူပစ္စည်း လုံလောက်မှု မရှိသည့်အပြင် ကလေးများသည် လုံခြုံရေးစိုးရိမ်မှု ရှိသည့် အခြေအနေအောက်တွင် ပညာကို ဆက်လက် သင်ယူနေကြရသည်ဟု ကျောင်းသူ ကျောင်းသားများနှင့်အတူ အဆိုပါ ကျောင်းနေရာသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

“ကျမတို့ ပြန်မရဲသေးဘူး။ ကျမတို့ စိုးရိမ်တာက ညဘက်ကြီး လာပစ်ရင် ဘာမှ မလုပ်တတ်ဘူး။ အရင် လာပစ်တုန်းက ကျမတို့ အိမ်အနားမှာပဲ ကျသွားတာ အိမ်အမိုးကိုလည်း ထိသွားသေးတယ်။ အဲ့ဒါကြောင့် ဒီကျောင်းမှာပဲ လာကပ်ပြီး အတူတူနေရတာပေါ့။ ကျောင်းသားတွေလည်း အခုထိကြောက်နေတုန်းပဲ။ ဒါပေမဲ့ အခုအနေကြာလာတော့ သိပ်တော့ မကြောက်ကြတော့ဘူး။ အရင်က ဆို လေယာဉ်သံကြားတာနဲ့ အရမ်းကို ကြောက်ကြတာ” ဟု ကျောင်းသား မိဘတစ်ဦးဖြစ်သူ နော်လဲ့ဖောက ဆိုသည်။

ထို့အပြင် လက်ရှိ အဆိုပါ တောတွင်း ပြောင်းရွှေ့ထားရသည့် ယာယီကျောင်းတွင် ကျောင်းသားများအနေဖြင့် လုံခြုံရေးအရ ညဖက်တွင် မီးအလင်းရောင်း ကောင်းကောင်းအသုံးမပြုရဲကြသလို ဖယောင်းတိုင်ကိုသာ အသုံးပြု၍စာများလေ့လာ ကျက်မှတ်နေရပြီး ဓါတ်မီးအလင်းရောင်များကိုလည်း ကောင်းကင်ကလေယာဉ်မြင်မည်စိုးသဖြင့် မသုံးစွဲရဲကြကြောင်း နော်လဲ့ဖော က ၎င်းတို့၏ လုံခြုံရေး စိုးရိမ်မှု အခြေအနေကို ပြောပြသည်။

မူတြော်(ဖာပွန်)ခရိုင် အတွင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန(KECD) လက်အောက်တွင်ရှိသော ကရင်ပညာ ရေးကျောင်း ၃၁၈ ကျောင်းရှိပြီး ကျောင်းသူကျောင်းသားပေါင်း အားလုံး နှစ်သောင်းခွဲကျော်ပညာသင်ယူနေကာ ဒေသတွင်း ကျောင်းဆရာ၊ ဆရာမပေါင်း ၁၉၂၉ ဦးဖြင့် ပညာသင်ကြားပေးနေကြောင်း မူတြော်(ဖာပွန်) ခရိုင်၏ ပညာရေးမှူး စောယူဘီဖိုးက ဆိုသည်။

သို့သော် အဆိုပါ ကျောင်းပေါင်း ၃၁၈ ကျောင်းထဲတွင် ကျောင်း ၂၈ ကျောင်းမှာ ကျေးရွာအတွင်း ဆောက်လုပ်ထားပေးသည့် ကျောင်းအဆောက်အအုံများတွင် မသင်ကြာနိုင်ကြတော့ဘဲ လုံခြုံရေး စိုးရိမ်မှုအရ တောထဲတွင် ပြေးလွှာပုန်းရှောင်ရင်း ပညာကို ဆက်လက်သင်ကြားနေရကြောင်း ပညာ ရေးမှူး စောယူဘီဖိုးက ယခုလို ရှင်းပြသည်။

“ကျောင်းသားတချို့က စစ်တပ်ရဲ့ လေယာဉ်ပစ်ခတ်ခံထိထားတဲ့ ကျောင်းတွေမှာ သွားပြန် မတက်ရဲကြတော့ဘူး။ ကျောင်းသားမိဘတွေကလည်း သူတို့ကလေးတွေကို ပေးမတက်ရဲကြတော့ဘူး။ ခရိုင် တစ်ခုလုံးမှာ ကျောင်းပေါင်း ၃၁၈ ကျောင်းရှိတဲ့အထဲမှာ ၂၈ ကျောင်းက အပြင်မှာပဲ စာသင်နေရတယ်။ အဲ့ဒီ ၂၈ ကျောင်းက ကောင်းကောင်းမွန်မွန်ပဲ တက်နေရပါတယ်။ ဒါပေမဲ့ ရွာထဲမှာပဲ မတက်ရတာ။ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် စိုးရိမ်ကြောက်ကြတဲ့ စိတ်နဲ့ အပြင်မှာပဲ တက် နေကြရတယ်” ဟု ပြောသည်။

ယခုလို လုံခြုံရေး အခြေအနေများကြောင့် ကျောင်းသားမိဘ တချို့မှ မိမိကလေးများကို ကျောင်း မထားရဲကြတော့သောကြောင့် ကျောင်းတချို့တွင် ကျောင်းသားဦးရေ လျှော့နည်းလာပြီး တချို့ကျောင်း သားမိဘများက ၎င်းတို့၏ ကလေးငယ်များကို လုံခြုံစိတ်ချရသည့် ဒေသများသို့ ပြောင်းရွှေ့ ပညာသင်ကြားပေးမှုများလည်း ရှိနေကြောင်း ပညာရေးမှူးက ဖြည့်စွက်ပြောဆိုသည်။

စစ်တပ်အာဏာ သိမ်းယူပြီးနောက် တကျော့ပြန် တိုက်ပွဲ ပြန်ဖြစ်ပေါ်လာသည့် ကေအဲန်ယူ နယ်မြေ အသီးသီး အနက် မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲ ဖြစ်ပွားမှု အများဆုံး ဒေသဖြစ်နေသလို စစ်ကောင်စီ အထိအခိုက် အကျအဆုံးလည်း အများဆုံးဖြစ်ပေါ်နေသည်။

ယခု နောက်ဆုံးထုတ်ပြန်ထားသည့် ဒီဇင်ဘာဘာလကုန် တိုက်ပွဲဖြစ်ပွားမှု စာရင်းအရ တွင်လည်း တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲ ဖြစ်ပွားမှု အကြိမ်အရေအတွက်မှာသိသိသာသာ လျော့နည်းခြင်းမရှိသေးသည်ကို တွေ့ရသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်တွင် ရှိသည့် စာသင်ကျောင်းအများစုသည် အစိုးရ ပညာရေးစနစ်ကို လက်မခံကြဘဲ ၎င်းတို့၏ ကရင်ပညာရေးဌာန(KECD)က ချမှတ်ထားသည့် ကိုယ်ပိုင်ပညာရေး စနစ်ဖြင့်သာ သွားနေကြသော်လည်း ၎င်းပညာရေး စနစ်မှာ ခေတ်အဆက်ဆက် ပြည်တွင်းအစိုးရအပြင် နိုင်ငံတကာ အစိုးရများ၏ အသိအမှတ်ပြုခြင်းမခံရသည့် ပညာရေး စနစ်တစ်ခုသာဖြစ်သည်ဟုလည်း သိရသည်။

ထိုသို့ အသိအမှတ်ပြုခြင်းမခံရဘဲ အနာဂတ်မရေရာသည့် ကိုယ်ပိုင် ပညာရေး စနစ်ဖြင့် ကျောင်းပညာရေးကို လက်နက်ကိုင် ပဋိပက္ခဖြစ်နေသည့် ကာလအတွင်း သင်ယူနေကြရသည့် ဒေသခံ တိုင်းရင်းသား ကလေးငယ်များအတွက် တိုင်းပြည်အတွင်း တည်ငြိမ် အေးချမ်းမှုမရှိသေးသ၍ ၎င်းတို့၏ အနာဂတ်မှာ သေချာရေရာမှု မရှိမည်မှာ မြေကြီး လက်ခတ်မလွဲပင်ဖြစ်သည်။

သို့သော် ကျောင်းကို ပြောင်းရွှေ့ပြီး ပညာကို လုံခြုံမှုမရှိသည့် အခြေအနေအောက်တွင် ဆက်လက် သင်ကြားနေရသော်လည်း အခွင့်အရေး နည်းပါးပြီး အသိအမှတ်မပြုခံရသည့် ကလေးငယ်များအတွက် ပညာတတ်မြောက်ရေးအတွက် ရနိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက် လက်ဆင့်ကမ်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း မူတြော် ဂျူနီယာကောလိပ် ကျောင်းအုပ်ကြီး စောဖိုးလီဂေ အနေဖြင့် ယခုလိုပဲ အားပေးတိုက်တွန်းပြောဆိုခဲ့သည်။

“တိုင်းပြည်မှာတော့ ပဋိပက္ခကတော့ နေ့တိုင်းဆက်ဖြစ်နေတုန်းပဲ။ ကျနော်ကတော့ ကျောင်းသားတွေကို အလကား နေရတာမျိုး မဖြစ်စေချင်ဘူး။ သူတို့အတွက် စိုးရိမ်တယ်။ ဒါပေမဲ့ နေရာတစ်ခု ပျက်စီးသွားလို့ စိတ်ပျက်အားငယ်စရာမလိုဘူး။ နေရာတွေ အများကြီးရှိသေးတယ်။ အရေးကြီးတာက ကလေးတွေရဲ့ စိတ်ဓါတ်၊ ဆရာတွေ စိတ်ဓါတ် ဒီစိတ်ဓါတ်တွေက နှစ်ဖက်စလုံးမှာရှိနေရင် နေရာက အဓိက မကျဘူး။ ကျောက်တုံးပေါ်မှာလည်း သင်လို့ရတယ်၊ တာလပတ်အောက်မှာလည်း ဆက်သင်လို့ရတယ်။ အဓိက က စိတ်ဓါတ်ပဲ”ဟု ကျောင်းအုပ်ကြီးက ပြောသည်။

သို့သော် လက်ရှိတွင် ပွင့်လင်းရာသီ ရောက်လာပြီးဖြစ်၍ စစ်ကောင်စီ ဘက်မှ ကင်းထောက်လေယာဉ်ဖြင့် ပျှမ်းမျှတစ်ရက်ကို တစ်ကြိမ်ခန့် လာရောက် ထောက်လှမ်းနေမှုများပြုလုပ်နေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ဆန်းပိုင်းတွင်လည်း လေယာဉ်ဖြင့် ထပ်မံ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးကာ လူနေအိမ် အဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့သေးသည်။

ထိုသို့ လေကြောင်းအန္တရာယ်များ ပိုမိုရှိလာနိုင်သောကြောင့် ဒေသတွင်းရှိ စာသင်ကျောင်း တချို့ကို ယာယီ ပိတ်၍ လုံခြုံစိတ်ချရသည်ဟု ယူဆရသော တောတောင် လျှိုမြောင်များတွင် ကျောင်းသူ၊ ကျောင်းသားများကို ပြောင်းရွှေ့ ပညာဆက်လက်သင်ကြားပေးနေသလို ပွယ်လိုကလိုး ချောင်းနံဘေးရှိ မူတြော်ဂျူနီးယာကော လိပ်ကျောင်းမှာလည်း နောက်ထပ် တောတွင်းတစ်နေရာသို့ ထပ်မံ ပြောင်းရွှေ့ လိုက်ရပြီးဟု ၎င်းကျောင်းတွင် စာသင်ကြားပေးနေသည် ကျောင်းဆရာမတစ်ဦးက ဆိုသည်။

မည်သို့ပင်ဖြစ်စေ မူတြော်(ဖာပွန်)ခရိုင်အတွင်း တိုက်ပွဲနေ့စဉ် ရက်ဆက် ဆက်လက်ဖြစ်ပေါ်နေသလို စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများနေသည့် အဆိုပါ ဒေသတွင် စစ်ကောင်စီဘက်မှ အပြင်းအထန် လက်တုံ့ပြန်သည့် အန္တရာယ် ရှိနေသေးသည့် အခြေအနေတွင် အနာဂတ်အတွက် ပညာရေးဆုံးခန်းတိုင် မသွားနိုင်မည်ကိုလည်း ဂျူနီယာကောလိပ် ကျောင်းသား စောဆဲဂေထူးက ၎င်း၏ စိုးရိမ်မှုကို ယခုလို ရင်ဖွင့်ပြောဆိုလာသည်။

“ကျောင်းတက်ရတာ အခက်အခဲအများကြီး ရှိနေတယ်ဆိုပေမဲ့ အဓိက ကျနော်တို့ကြုံတွေ့နေရတာက ဒီစစ်တပ်ရဲ့ လုပ်ရပ်တွေပေါ့ဗျား။ သူတို့က ကျနော်တို့ကို ကြောက်အောင် လာလုပ်တော့ ကိုယ့်နေရာမှာ စာကောင်းကောင်း မသင်ရဘူး။ ရှေ့ဆက်ပြီး သူတို့က ကျနော်တို့ ဒေသမှာ လာပြီး ပိုပျက်စီးအောင် လုပ်မှာကို အရမ်းစိုးရိမ်တယ်။ ကျနော်တို့လို လူငယ်တွေ အဆင့်မြင့်ပညာရေးစနစ်တွေ ဆက်သင်ခွင့်မရအောင် ပညာရေးကို ဆက်မသွားနိုင် အောင် လာလုပ်မှာကိုတော့ အရမ်းစိုးရိမ်မိတယ်” ဟု စောဆဲဂေထူးက ဆိုသည်။