Home သတင်း မွန်ပြည်နယ် နှစ်ကရင်ကျေးရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ဟု YGF ထုတ်ပြန်

မွန်ပြည်နယ် နှစ်ကရင်ကျေးရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ဟု YGF ထုတ်ပြန်

1042
Photo: Crd.

ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ လမိုင်းမြို့နယ် နှစ်ကရင်ကျေးရွာရဲစခန်းကို ယနေ့ နံနက် (၁)နာရီအချိန်တွင် ရေးပြောက်ကျား(YGF)တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲများထွက်ပြေးသွားကာ စခန်းကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း YGF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းရဲစခန်းကို တိုက်ခိုက်ခဲ့ပြီးသည့်တစ်ပြိုင်နက် နံနက် ၆ နာရီ ခွဲအချိန်တွင်လည်း ကြိုးတံတားရွာရှိ စစ်ကောင်စီတပ်၏ စခန်းရှိရာနေရာသို့ (YGF)အဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သေးသောကြောင့် စစ်ကောင်စီ တပ်များနှင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေးပြောက်ကျား အဖွဲ့ဝင်တစ်ဦးက “ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး။ လက်နက်ခဲယမ်းတော့မကျန်ခဲ့ဘူးဗျ။ စာရွက်စာတမ်းတွေပဲရခဲ့တယ်။ အဲ့ဒါတွေအကုန်လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်။ လက်ရှိမြေပြင်အနေအထားကတော့ မသိရသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်၏ တပ်ရင်း (၅၈၈) မှ ပစ်ခတ်မှုဖြစ်ပွားရာနေရာသို့ လက်နက်ကြီး အချက်ပေါင်းများစွာဖြင့် ပစ်ကူပေးခဲ့သောကြောင့် (YGF)အဖွဲ့မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းနှင့် စစ်ကောင်စီတပ်များက ရေးပြောက်ကျား တပ်ဖွဲ့များရှိရာ အနီးအနားဝန်းကျင်များထဲသို့ လက်နက်ကြီး (၄)လုံးခန့် ပစ်ခတ်ခဲ့ကြောင်းလည်း ၎င်းအဖွဲ့က ဆိုသည်။

“ဒီကြိုးတံတားဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်နက်ကြီးကတော့ စောစောက ၂ လုံးလောက်ထပ် ကျသေးတယ်။ ကျနော်တို့ဆီကို ၄ လုံးရှိပြီး ထုနေတာ။ အခုတော့ ငြိမ်နေပြီး”ဟု တပ်ဖွဲ့ဝင်တစ်ဦးက ဆက်ပြောသည်။

အဆိုပါ နှစ်ကရင်ကျေးရွာရှိ ရဲစခန်းကို (YGF) အဖွဲ့၏ တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကေအိုင်စီအနေဖြင့် သက်ဆိုင်ရာ စစ်ကောင်စီတာဝန်ရှိသူများနှင့် ဒေသခံရပ်မိရပ်ဖများကို ဆက်သွယ်မေးမြန်း၍ မရရှိပေ။