Home သတင်း စစ်ကောင်စီကင်းစခန်းများကြောင့် နယ်စပ်ရှိ ဒေသခံစစ်ရှောင်များ နေထိုင်သွားလာလုပ် ကိုင်ရန် အခက်ကြုံနေရ

စစ်ကောင်စီကင်းစခန်းများကြောင့် နယ်စပ်ရှိ ဒေသခံစစ်ရှောင်များ နေထိုင်သွားလာလုပ် ကိုင်ရန် အခက်ကြုံနေရ

811

ဇန်နဝါရီလ ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုး -ဝေါလေ လမ်းပိုင်း တစ်လျှောက် စစ်ကောင်စီ ကင်းစခန်းများမှ ဒေသခံစစ်ဘေးရှောင်များ သွားလာနေထိုင်အလုပ်အကိုင်သွားလာမှု အပေါ် စစ်ဆေးတင်းကြပ်မှုများကြောင့် စားသောက်နေထိုင်ရေး အခက်တွေ့ နေကြကြောင်း သိရသည်။

ဖလူး-ဝေါ်လေ လမ်းပိုင်းရှိ သုံးထပ်ကွေ့၊ ကျော်ဝါးဘိုး၊ မြွေနှစ်ကောင်၊ မြွေသုံးကောင် ၊ သဲဖြူချောင်း၊ ကျောက်ခက်၊ သေ့ဘောဘိုး၊ ဘလယ်ဒို၊ ဥကရစ်ထ၊ ဝေါလေလမ်း ပိုင်းအထိ စစ်ကောင်စီတပ်ကင်းစခန်းဂိတ်များချထားပြီး စစ်ဆေးမှုများ လုပ်ဆောင် သောကြောင့် သွားလာလုပ်ကိုင်နေကြသည့် ဒေသခံ စစ်ရှောင်များမှာ အခက်တွေ့ နေကြသည်ဟု စစ်ရှောင်တစ်ဦးက ယခုလို ပြောသည်။

“အစစ်အဆေး အမေးအမြန်း တအားလုပ်တယ်၊ စားစရာတွေ ၀ယ်လာရင် တောင်း စားတယ်၊ ဆန်သယ်တာလည်း အများကြီးဆို ပေးမသယ်ဘူး။ သူတို့သိမ်းမယ် ပြောတယ်။ တစ်ပြည်၊ နှစ်ပြည်၀ယ်ဖို့ မြို့တက်၀ယ်တာမျိုးမှ မရတာ ဆန်အိတ်လိုက် ဆီပုံးလိုက်ဆို သိပ်အမြင် မကြည်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြ၀တီ -ဝေါလေ လမ်းပိုင်းအား စစ်ကောင်စီတပ် စစ်ကြောင်းများ စခန်းချ၊ ဂိတ်ချ၊ စစ်ရေးလှုပ်ရှား နေမှုများကြောင့် ဒေသတွင်း ကျေးရွာ ၂၀ ခန့်မှ ဒေသခံများမှာ ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ တစ်နှစ်ကျော် အချိန်ကြာသည်အထိ နေရပ်မပြန် နိုင်ကြသေးကြောင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းများမှ ဒေသခံများ သွားလာနေထိုင်မှု အပေါ် စောင့်ကြည့် စစ်ဆေးမှုများကြောင့် သွားလာမှုနှင့် လုပ်ငန်းခွင်ကိစ္စများ အခက်အခဲ ဖြစ်နေကြောင်း နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောသည်။

“ကျနော်တို့ စိုက်ထားတဲ့ တောင်ယာ ခြံတွေ၊ ပြောင်းခင်းတွေ သွားတာလာတာလည်း စစ်တပ်ဂိတ်တွေက အသွားလည်း စစ်၊ အပြန်လည်း စစ်ဆိုတော့ အခုက စစ်ဘေးရှောင် စခန်းနေလည်း မလွယ်၊ ကိုယ့်အိမ်ကိုယ်တောင်ယာ နေလည်းမလွယ်၊ သွားရေးလာရေး လည်းမလွယ် ဖြစ်နေရတယ်”ဟု ၎င်းဒေသခံ စစ်ရှောင်က ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့များ နှင့် တစ်နှစ်နီးပါး စစ်ရေးတင်းမာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးသည့် နောက်ပိုင်း တိုက်ပွဲများ ငြိမ်နေသော်လည်း နှစ်ဖက်စစ်ရေးတင်းမာမှု၊ စစ်ရေးလှုပ်ရှားမှု များ ဆက်လက်ရှိနေဆဲဖြစ်သည်။ ထိုအခြေအနေကြောင့် တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ် ပွားနိုင်သည့် အခြေအနေတွင်ရှိနေသေးကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။

လက်ရှိ မြ၀တီ -ဝေါလေလမ်းပိုင်း တစ်လျှောက် ဖလူးဒေသ၊ ရပ်ကျေးနယ်ရှိ မယ်ထော်သလေး၊ မင်းလက်ပံ၊ ပဟိကလော်၊ ထီးမယ်ဝါးခီး၊ အင်ကြင်းမြိုင် ကျေးရွာ များဘက်တွင် စစ်ဘေးရှောင် ဒေသခံအချို့ ပြန်လည် နေထိုင်သွားလာ နေကြပြီဟု သိရသည်။

သို့သော်လည်း လေးကေကော် မြို့သစ်ရပ်ကျေးနယ်များအပါအ၀င် သေ့ဘောဘိုး ၊ဥကရစ်ထကျေးနယ် ကျေးရွာများဘက်တွင် နေရပ်ရင်း ပြန်လည်နေထိုင် သွားလာခွင့် မရရှိကြသေးဘဲ စစ်ကောင်စီတပ်၏ စစ်ဆေးမေးမြန်း စောင့်ကြည့်ကန့်သတ် မှု များကြောင့် စားသောက်စရာ ရိက္ခာထောက်ပံ့မှုပြတ်လပ်လာနေသည့်အတွက် စစ်ဘေးရှောင် ဒေသခံများ အခက်အခဲရှိနေကြောင်း သိရှိရသည်။