Home သတင်း စစ်ကောင်စီ၏ လေကြောင်းရန်ကြောက်သဖြင့် သစ်ခေါင်းရွာမှ ဒေသခံများ နေရပ်မပြန်ရဲဘဲတိမ်းရှောင်နေရ

စစ်ကောင်စီ၏ လေကြောင်းရန်ကြောက်သဖြင့် သစ်ခေါင်းရွာမှ ဒေသခံများ နေရပ်မပြန်ရဲဘဲတိမ်းရှောင်နေရ

884

ဇန်နဝါရီ(၁၄)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် ၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ ဘလောခိုကျေးရွာအုပ်စု၊ သစ်ခေါင်းကျေးရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီ၏ လေကြောင်းရန်ကို ကြောက်လန့်သဖြင့် နေရပ်ပြန်မနေရဲကြသေးဘဲ ယခုအချိန်ထိ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ(၃၂)လုံးနှင့် လူဦးရေ(၁၈၈)ဦးခန့် နေထိုင်လျက်ရှိရာ ပြီးခဲ့သည့် ဇန်နဝါရီလ(၇) ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်ဟု ကေအဲန်ယူ-ဗဟို၏ ဖေ့ဘွတ်ခ်လှုမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ(၈)ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများသည် လက်ရှိအချိန်ထိ နေအိမ်များသို့ မပြန်ရဲဘဲ အနီးအနားရှိ ကျေးရွာများတွင် ခိုလှုံနေထိုင်နေကြဆဲဖြစ်ပြီး အဆင်ပြေသလို နေထိုင်စားသောက်နေကြရကြောင်း ဒေသခံများနှင့်နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။

“ဒေသခံတွေက အခြေခံစားသောက်စရာတွေကို တောထဲမှာဖွက်ထားကြတာ။ လောလောဆယ်တော့ အဲဒီဖွက်ထားတဲ့ဟာတွေနဲ့ပဲ စားနေရတယ်။ သူတို့ကို ကူညီထောက်ပံ့ပေးတဲ့သူတော့ မရှိဘူးလေ။ ကျနော်သွားကြည့်တာတော့ တစ်ယောက်မှရွာမှာပြန်မနေကြဘူး။ လေယာဉ်နောက်တစ်ခေါက် လာပစ်မှာကြောက်လို့ပြောတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတစ်လတွင်လည်း ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်သို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံအမျိုး သမီးငယ်(၁)ဦးသေဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လူနေအိမ်နှင့်ဆိုင်ခန်းများအား စစ်ကောင် စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို လေကြောင်းဖြင့်လည်း ဗုံး(၈)လုံးခန့်ကြဲချခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ဇန်နဝါရီလ(၇)ရက်နေ့တွင် ထုတ်ပြန်ထားသည်။