ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီက ယခု ဇန်နဝါရီလဆန်းပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ယမန်နေ့ ဇန်ဝါရီ လ ၁၃ ရက်နေ့တွင်လည်း လူသောမြို့နယ်အတွင်း လူနေအိမ်နှင့် ဘုရားကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း KNU တပ်မဟာ(၅)၏ မူတြော်ခရိုင်သတင်းစဉ်ထုတ်ပြန်ချက်အရသိရသည်။
ယခုလ ဇန်နဝါရီလ ၃ ရက်နေ့မှစ၍ ဇန်ဝါရီလ ၇ရက်၊ ၁၂ ရက် နှင့် ယမန်နေ့ ၁၃ ရက်နေ့အထိ ၄ရက်တာ လေကြောင်း တိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်ခဲ့ပြီး လူနေအိမ်များ၊ ဘုရားကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခံနေရသည်ဟု မူတြော်ခရိုင်သတင်းစဉ်ကဆိုသည်။
ယမန်နေ့ ဖြစ်စဉ်တွင် လူသောမြို့နယ်၊ ပေကေ ကျေးရွာအုပ်စု ဆာလောပူ ကျေးရွာတွင် ဂျက်တိုက်လေယာဉ်တစ်စင်းမှ ဗုံးသီးကြီး ၂လုံး လာရောက်ပစ်ချသောကြောင့် လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးဝန်းကျင်ရှိ အဆောက်အဦးများကို လွင့်စင်ထိမှန်ခဲ့သေးကြောင်း မူတြော်ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ ဗုံးကြဲ တိုက်ခိုက်မှုဖြစ်စဉ်တွင် ဆာလောပူကျေးရွာရှိ စောလေ့ဆန်းထူး ပိုင်ဆိုင်သည့် နေအိမ်တစ်လုံးနှင့် စပါးကျီတစ်လုံး ထိမှန်သွားသလို အနီးဝန်းကျင်ရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတစ်လုံးအပြင် အသင်းအုပ် ဆရာတော် စောထို့ဘိဘီ၏ နေအိမ်တစ်လုံး၊ စောပေထူး နေအိမ်တစ်လုံး နှင့် စောခိကပေါ်၏ ကွမ်းခြံ အပေါ် လွင့်စင် ထိမှန်ပျက်စီးသွားကြောင်း မူတြော်သတင်းစဉ်တွင် ဖော်ပြပါရှိသည်။
ထိုသို့ လူနေအိမ်အဆောက်အဦးများ၊ ဘာသာရေး အဆောက်အဦးများအပေါ် ထိမှန်ခဲ့သောကြောင့် အဆောက်အဦးများ ပျက်စီးသွားသော်လည်း ဒေသခံ လူထု ထိခိုက်သေဆုံးမှုကိုမူဖော်ပြထားခြင်းမရှိသလို ကေအိုင်စီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းလည်မရှိသေးပေ။

အလားတူ ဇန်နဝါရီလ ၁၂ ရက်နေ့တွင်လည်း လူသောမြို့နယ်၊ ပေကေကျေးရွာအုပ်စု၊ လေးဝါးကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို နေ့လည် ၂နာရီအချိန်တွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက် သောကြောင့် ခရစ်ယာန် အသင်းအုပ်ဆရာတော်နှစ်ဦးအပါအဝင် ကလေးငယ်တစ်ဦးနှင့် ဒေသခံရွာသား၂ ဦး စုစုပေါင်း (၅)ဦး ထိမှန် သေဆုံးသွားကြောင်းနှင့် ၄ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း KNU ဘက်က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်း ဒွယ်လိုးမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ လယ်ထူဖိုးဒေသထဲကို လေယာဉ်ဖြင့်ဗုံးကြဲချခဲ့သောကြောင့် ဆေးရုံတစ်ရုံ အပါအဝင် အဆောက်အဦး (၇) လုံးပျက်စီးခဲ့သလို၊ အဆိုပါ တစ်ရက်ထဲတွင် နောက်ထပ် ဗုံးလေးလုံးထပ်မံ ပစ်ချတိုက်ခိုက်သောကြောင့် ရွှေတူးသူ သူဌေးမ ဒေါ်နွယ်နီနှင့် သူမ၏သားနှစ်ဦး၊ ချွေးမတစ်ဦး နှင့် အလုပ်သမားနှစ်ဦး သေဆုံးသွားခဲ့သေးသည်။
ဆက်လက်၍ ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စု၊ မဲဝိုင်ကျေးရွာ၊ ဒိုမယ်ခီးကျေးရွာ၊ ခလိုခီးကျေးရွာနှင့် လုပ်ငန်းခွင်များထဲကို စစ်ကောင်စီမှ တိုက်လေယာဉ် (၄) စင်းဖြင့် ဗုံးအလုံး (၅၀) ကျော်ကြဲချခဲ့ပြီး၊ ကျည်ဆံအလုံး (၂၀၀,၀၀) နှစ်သောင်းကျော်ပစ်ခတ်ခဲ့သေးကြောင်း KNUက သတင်း ထုတ်ပြန်ထားသေးသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုများ မတိုင်မီ ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ ၁ရက်နေ့ကလည်း KNU တပ်မဟာ(၅) ဌာနချုပ်မှ ဒေသခံပြည်သူများအနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် ပူးပေါင်းခြင်းမပြုရန် ဌာနဆိုင်ရာဝန်းထမ်းများအားလုံး နုတ်ထွက်၊ ထွက်ခွါသွားရန် အမိန့်ထုတ်ပြန်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။




















