Home သတင်း စစ်ကောင်စီတပ်၏အထူးထောက်လှမ်းရေး ဗိုလ်ကြီးညီညီ ပစ်သတ်ခံရ၍ သေဆုံး

စစ်ကောင်စီတပ်၏အထူးထောက်လှမ်းရေး ဗိုလ်ကြီးညီညီ ပစ်သတ်ခံရ၍ သေဆုံး

764

ဇန်နဝါရီ ၉ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့တွင် စစ်ဘက်ဆိုင်ရာတွင်အရေးပါသည့် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီကို ယနေ့(ဇန်နဝါရီ ၉) နံနက် (၆)နာရီခွဲအချိန်၌ ရေးပြောက်ကျားတပ်ဖွဲ့−YGF အဖွဲ့က ပစ်သတ်၍သေဆုံးခဲ့ကြောင်း YGF မှ ဗိုလ်ကျန်ရစ်က အတည်ပြု ပြောဆိုသည်။

လမိုင်းမြို့ရှိ ဗိုလ်ကြီးညီညီ ဆိုသူသည် (CDM)ပြုလုပ်ထားသူများ၊ (PDF)များနှင့် ဆက်နွယ်နေသူများကို သတင်းလိုက်ယူပေးပြီး ဖမ်းဆီးမှုများပြုလုပ်နေသောကြောင့် ရေးပြောက်ကျားတပ်ဖွဲ့−YGF အဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကျန်ရစ်က ယခုလို ပြောသည်။

၎င်းက “သူက စကစရဲ့အဓိကထောက်တိုင်ပဲ။ စစ်ဘက်ကော၊ ရဲဘက်ကော သူပဲ တာဝန်ယူထားတယ်။ ပြည်သူတွေ CDM တွေ၊ PDF တွေနဲ့ အဆက်အသွယ်ရှိတဲ့သူတွေကို လိုက်ဖမ်းပေးတာ။ CDM သမားဆို NON-CDM ပြန်လုပ်ရတယ်။ သူရှိနေတော့ အဲ့ဒီနယ်မှာ ဘယ်သူမှ မလှုပ်ရဲကြဘူး။ သူက ကျည်ကာဝတ်ထားတာ ကျောကိုနှစ်ချက်ပစ်တာ မပေါက်လို့ ခေါင်းကိုပြန်ပစ်တာ။ ၄ချက်ထိသွား တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ ပစ်ခတ်ရှင်းလင်းရာတွင် ဗိုလ်ကြီးညီညီ၏ ကျောကုန်းကို (၂)ချက်နှင့် ဦးခေါင်းကို (၂)ချက် ပစ်ခတ်ခဲ့သောကြောင့် ဖြစ်စဉ်နေရာ$ပင် သေဆုံးသွားခဲ့သည်ဟု ဗိုလ်ကျန်ရစ်က ဆက်လက်ပြော ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်၏ အထူးထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်ကြီးညီညီဆိုသူကို ပစ်ခတ်ရှင်းလင်းရာတွင် အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များက ၎င်းအခင်းဖြစ်ပွား မှုနေရာတွင် စစ်ကောင်စီက လုံခြုံရေးချထားလျက်ရှိကြောင်း YGF က ဆိုသည်။

“တစ်ချက်က ခေါင်းကိုပေါက်ပြီး အနောက်က မိန်းကလေးမှာ သွားထိတယ်။ အခု မိန်းကလေးက မစိုးရိမ်ရတော့ဘူးလို့ ပြောတယ်။ အခုလက်ရှိတော့ ပတ်ပတ်လည်မှာ သူတို့လူတွေချည်းပဲ။ ကျနော် တို့အဖွဲ့တွေလည်း လုံခြုံတဲ့နေရာကို ပြန်ရောက်ပါပြီး”ဟု ဗိုလ်ကျန်ရစ်က ဖြည့်စွက်ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိနေသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သီးခြား သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။