Home ဆောင်းပါး ပြည်သူက ချစ်ခင်လေးစားမှသာ ထာဝစဉ် မော်ကွန်းဝင်- ကဗ္ပည်းတင်နိုင်မှာပါ

ပြည်သူက ချစ်ခင်လေးစားမှသာ ထာဝစဉ် မော်ကွန်းဝင်- ကဗ္ပည်းတင်နိုင်မှာပါ

1215

ပြည်သူက ချစ်ခင်လေးစားမှသာ ထာဝစဉ် မော်ကွန်းဝင်- ကဗ္ပည်းတင်နိုင်မှာပါ

မောင်ကျော်စွာ

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ရက်)

အုပ်စိုးသူအဆက်ဆက်ဟာ ပြည်သူတွေကို သူတို့ရဲ့ စစ်တပ်၊ ရဲတပ်တွေနဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်ခဲ့ကြသလို၊ ပြည်သူတွေအချင်းချင်းအကြားမှာ လည်း ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး သွေးခွဲရန်တိုက်ပေးကာ အချင်းချင်း မယုံသင်္ကာဖြစ်အောင် သံသယပွားအောင်၊ ခိုက်ရန်ဖြစ်ပွားသတ်ဖြတ်ကြအောင် အဆက်မပြတ် ပြုလုပ်ခဲ့ကြတာပါ။ ပြုလုပ်နေဆဲလည်း ဖြစ်ပါတယ်။ အဲဒီလို ပြည်သူတွေအချင်းချင်း သွေးကွဲနေမှ၊ ရန်ဖြစ်နေမှ၊ သတ်ဖြတ်နေမှ သူတို့အုပ်စိုးရ တာ လွယ်ကူမယ် ခိုင်မြဲရှည်ကြာ မဟုတ်ပါလား။

အခုလို လွတ်လပ်ရေးရပြီးလို့ ၇၅နှစ်တာ ဖြတ်သန်းလာတဲ့ ကာလရှည်ကြီးကို ကြည့်လိုက်ပါ။ အုပ်စိုးသူအဆက်ဆက်ကို လူမျိုးတိုင်းလိုလိုက နည်းသဏ္ဌာန်ပေါင်းစုံနဲ့ တော်လှန်နေကြတယ် မဟုတ်ပါလား။ ဘာလို့ ဒီအုပ်စိုးသူအဆက်ဆက်ကို ပြတ်ပြတ်သားသား ဖယ်ရှား ရှင်းလင်းမပစ်နိုင်သေးတာလဲ ဆိုတဲ့ မေးခွန်းကြီးအတွက်ဖြေဆိုရမယ့် အဖြေတွေထဲမှာ အုပ်စိုးသူအဆက်ဆက်ကို ခုခံတွန်းလှန်နေကြတဲ့ လူမျိုးပေါင်းစုံပြည်သူတွေဟာ နိုင်ငံရေးပါတီ အဖွဲ့အ စည်းတွေဟာ လိုအပ်တဲ့ သွေးစည်းညီညွတ်မှုကို ပီပီပြင်ပြင် မတည်ဆောက်နိုင်ကြသေးလို့ဖြစ်တယ် ဆိုတဲ့အချက်ဟာ အင်မတန်အရေးကြီးတဲ့ အချက်တစ်ခုအ ဖြစ် ပါဝင်နေတာကို အထင်အရှား တွေ့ရပါလိမ့်မယ်။

ထို့အတူ သွေးစည်းညီညွတ်ရေးကို ပါးစပ်နေ အင်အားစုအားလုံးလိုလိုက ပြောနေကြသော်လည်း လက်တွေ့မှာတော့ ပါးစပ်ကပြောသလို လက်တွေ့မှာ မတည်ဆောက်နိုင်ကြသေးဘူး ဆိုတာကလည်း အင်မတန်ထင်ရှားတဲ့ အချက်တစ်ခုပါပဲ။

ကျနော် အလေးထားပြောနေတဲ့ သွေးစည်းညွတ်ရေးဆိုတာဟာ အပိုင်း ၃ခုကို ဦးတည်ပြီးပြောတာပါ။ ပထမအပိုင်းက အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူ များ သွေးစည်းညီညွတ်ရေးပါ။ ဒုတိယအပိုင်းက အုပ်စိုးသူအဆက်ဆက်ကို ခုခံတွန်းလှန်နေကြတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ အချင်းချင်းအကြား သွေးစည်း ညီညွတ်ရေး ဖြစ်ပါတယ်။ တတိယပိုင်းကတော့ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတစ်ခုချင်းအတွင်း သွေးစည်းညီညွတ်ရေးဖြစ်ပါတယ်။

ဒီ ၃ပိုင်းစလုံးမှာ မတူတဲ့အတိုင်းအတာနဲ့ ချိနဲ့လျော့လျဲနေတာကို မြင်နိုင်ပါတယ်။ ဖရိုဖရဲ ဖြစ်နေပါတယ်။ ဒီတော့ ဘုံရန်သူက ဒီအချက်ကိုကိုင်ပြီး စိတ်ကြိုက်ကစားနေနိုင်ပါတယ်။ သူတို့ကိုယ်တိုင် တိုက်ခိုက်ချေမှုန်းသတ်ဖြတ်နေသလို၊ အချင်းချင်း သတ်ဖြတ်ကြအောင်လည်း အမျိုးမျိုး ရန်တိုက် ဘေးတီးပေး ပါတယ်။ ဒီအလုပ်ကို မရပ်မနား ပြုလုပ်နေတာပါ။ ဒီအချက်ကို မြင်အောင်ကြည့်တတ်ကြဖို့ လိုပါတယ်။ မြင်အောင်ကြည့်နိုင်ပြီဆိုရင် ရဲရဲပြုပြင်နိုင်ကြဖို့ လိုပါ တယ်။ ဒါမှသာ ဒီအပိုင်း ၃ပိုင်း ညီညွတ်ရေးကို ခြေလှမ်းရှိရှိ စတင်နိုင်ပါလိမ့်မယ်။ ဒီလိုညီညွတ်သွေးစည်းနိုင်မှလည်း ဒီကနေ့ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်(စကစ) စစ်အုပ်စုကို ဖြိုချပစ်ရေးဟာ လွယ်ကူလျင်မြန်လာပါလိမ့်မယ်။ ဒီလိုမှ မလုပ်နိုင်သေးရင်တော့ ဒီတိုက်ပွဲဟာ ကွေ့ကောက်ရှည်ကြာနေပါလိမ့်အုံးမယ်။

အကြမ်းဖက်သမား မင်းအောင်လှိုင်က သူ့ရဲ့ ၇၅နှစ်မြောက် လွတ်လပ်ရေးသဝဏ်လွှာဆိုတာထဲမှာ “၇၅နှစ်တာ ကာလအတွင်း အမြင်ချင်းမတူ၊ ခံယူချက် ချင်းမတူ၊ ရပ်တည်ချက်ချင်းမတူသော်လည်း အမိမြန်မာနိုင်ငံတော် အကျိုးအတွက် နယ်ပယ်အသီးသီးမှကဏ္ဍအမျိုးမျိုးဖြင့် သယ်ပိုးခဲ့ကြသူများကို ပုဂ္ဂိုလ်ရေးရာ ခွဲခြားခြင်းမရှိဘဲ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့ပါသည်”လို့ ဖော် ပြပါရှိပါတယ်။

ဒီပြောဆိုချက်နဲ့ ဒီလုပ်ရပ်ဟာ ပထမအချက်အနေနဲ့ ဗြောင်အကျဆုံး လိမ်ညာတာပါ။ ဒုတိယအချက်အနေနဲ့ ဗြောင်အကျဆုံး သွေးခွဲရန်တိုက်တာပါ။ တတိယအချက်ကတော့ သူ့ကိုယ်သူ (သူ့မှာမရှိတဲ့ သိက္ခာကို) အရောင်တင်တာပဲ ဖြစ်ပါတယ်။

တခြားအချက်ကို ဝေးဝေး ရှာဖွေ ကြည့်မနေပါနဲ့။ သူတို့စစ်အုပ်စုအကျိုးကိုပဲ တစ်ဖက်သတ်ကြည့်ပြီး မိုးကောင်းပြီး ဓားထက်စဉ်မှာ ထင်သလိုလုပ်ခဲ့တဲ့ သူတို့ရဲ့တချိန်က စစ်အုပ်စုထိပ်သီး ဗိုလ်ခင်ညွန့်ကို သူတို့ဘယ်လိုသဘောထားသလဲ။ ဗိုလ်ခင်ညွန့်ဟာ သူတို့အတွင်းစည်းထဲကလူ မဟုတ်ပါလား။ ဗိုလ်ခင်ညွန့် ဟာ ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို သွေးချောင်းစီးအောင် သတ်ဖြတ်ဖြိုခွဲခဲ့ကြသူတွေထဲမှာ ထိပ်ဆုံးကတာဝန်ရှိသူတွေထဲ တစ်ဦးအပါအဝင်ပဲ မဟုတ်ပါလား။

ဗိုလ်ခင်ညွန့်နဲ့သူတို့ဟာ “အမြင်ချင်း၊ ခံယူချက်ချင်း၊ ရပ်တည်ချက်ချင်း” မတူညီစရာ ဘာအကြောင်းမှ မရှိပါဘူး။ သူတို့ဟာ စစ်အုပ်စုတစ်ခုထဲက ပေါက် ဖွားလာကြသူတွေပါ။ အာဏာစားခွက်လုကြတာ ဗိုလ်လုကြတာမှာတော့ ဗိုလ်ခင်ညွန့်အုပ်စုဟာ လက်ဦးမှုမဲ့သွားတယ်။ ဒါကြောင့် အခုလို အစွယ်ချိုးခံလိုက်ရတာ မဟုတ်ပါလား။ ဒီဖြစ်ရပ်ကို နမူနာထားပြီး ကြည့်မယ်ဆိုရင် သူတို့နဲ့ “အမြင်ချင်း၊ ခံယူချက်ချင်း၊ ရပ်တည်ချက်ချင်း” မတူခြားနားတဲ့ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း တချို့ထဲက လူပုဂ္ဂိလ်အချို့ကို သီးခြားခွဲထုက်ပြီး “ဘွဲ့တွေ/တံဆိပ်တွေပေးတယ်” ဆိုတဲ့လုပ်ရပ်ဟာ ပုဂ္ဂိုလ်ရေးခွဲခြားပြီး ရန်တိုက်သွေးခွဲတာ မဟုတ်ရင် ဘာလဲ။ ဒီတော့ ဒါဟာ တခြားဘာမှမဟုတ်ဘဲ ဗြောင်ကျတဲ့လိမ်ညာမှုပဲပေါ့။ သွေးခွဲရန်တိုက်ပေးမှုပဲပေါ့။

ဒီနေရာ အကြမ်းဖက်(စကစ) စစ်အုပ်စုကပေးတဲ့ ဘွဲ့/တံဆိပ်တွေကို လက်ခံ/သွားယူတဲ့သူတွေဘက်ကိုလည်း နည်းနည်းတော့ သုံးသပ်ကြည့်ချင်ပါ တယ်။ သွားပြီးယူကြသူတွေမှာ မလွန်ဆန်နိုင်တဲ့ ဘယ်လိုအကြောင်းအချက်တွေ ရှိနေသလဲတော့ အတိအကျ မသိနိုင်ပါဘူး။ သေချာတာတော့ သူတို့ဟာ အမြင် တိုတိုနဲ့ သွားယူကြဟန်တူပါတယ်။ ဒီဘွဲ့တွေ၊ ဒီတံဆိပ်တွေပေးနေသူဟာ လတ်တလောမှာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေမှုမှာ အဓိကတာဝန်ရှိသူ ဖြစ်တယ်။ တိုင်းပြည်နဲ့အဝန်း လေယာဉ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်၊ မီးရှို့လုယက် သတ်ဖြတ်နေမှုများရဲ့ နံပါတ်တစ် ရာဇဝတ်ကောင်ဖြစ်ပါတယ်။ သူတို့လက်မှာ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေရဲ့ မျက်ရည်တွေ၊ ချွေးတွေ၊ သွေးတွေစွန်းထင်းနေတာပါ။ မဲမသမာမှုလို့ လုပ်ကြံအကြောင်းပြ အာဏာသိမ်းပိုက်ပြီး ပြည်သူ့ ဆန္ဒ (ရွေးကောက်ပွဲရလဒ်)ကို ဖျက်ဆီးပစ်တဲ့ အကြမ်းဖက် လူရမ်းကားတွေဖြစ်ပါတယ်။

ဒီလိုလူ၊ ဒီလိုအဖွဲ့အစည်းက ပေးတဲ့ “ဘွဲ့နဲ့တံဆိပ်”ကို ဘယ်လိုအတ္တကိုယ်ကျိုး၊ ဘယ်လိုမက်မောမှု ဘယ်လိုစိတ်ဓာတ်နဲ့များ သွားယူကြပါသလဲ။ မိမိတစ် ဦးချင်းရဲ့ နိုင်ငံရေးအမြင်၊ ခံယူချက်၊ ရပ်တည်ချက်၊ မိမိကိုယ်စားပြုတဲ့ အဖွဲ့အစည်းရဲ့ နိုင်ငံရေးအမြင်၊ သဘောထား၊ ခံယူချက်၊ ရပ်တည်ချက်တွေကို ဘယ်မှာ၊ ဘယ်လိုစွန့်ပယ်ပြီး သွားယူကြပါသလဲ။ ဒီလိုသွားယူတဲ့အခါမှာ ခုခံရေးတိုက်ပွဲတွေမှာ အသက်နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပေးလှူသွားကြတဲ့ မိမိအဖွဲ့အစည်း က ခေါင်းဆောင်တွေ၊ အာဇာနည်ရဲဘော်တွေရဲ့ မျက်နှာတွေ၊ အမှာစကားတွေကို ရက်ရက်စက်စက် ကျောခိုင်းလျစ်လျူရှုရက်ပါကလား။ ကျဆုံးသွားတဲ့ အာဇာ နည်တွေ၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း ပေးလှူခဲ့ကြတဲ့ ရဲဘော်တွေရဲ့ မျက်နှာကိုတော့ ထောက်ထားငဲ့ညှာရမယ် မဟုတ်ပါလား။ သူတို့အပေါ် သစ္စာထားရမယ် မဟုတ်ပါလား။ အဲဒီလိုထားတဲ့ သစ္စာဟာ တည်ကြည်မြဲမြံ ခိုင်မာရမယ် မဟုတ်ပါလား။

ပြည်သူ့ဘက်က ရပ်တည်မှ၊ ပြည်သူ့အကျိုးဆောင်မှ ပြည်သူတွေက ချစ်ခင်လေးစားမှသာ ထာဝစဉ် မော်ကွန်းဝင်-ကဗ္ပည်းတင်နိုင်မှာပါ။ ဒီလိုပြည် သူ့မော်ကွန်းဝင်မှုနဲ့ ပြည်သူ့ကဗ္ပည်းတင်မှုကို ဘယ်လိုမှ ဘယ်သူကမှ ဘယ်တော့မှ ဖယ်ရှားပစ်လို့မရနိုင်ဘဲ ထာဝစဉ် ဥဒါန်းတွင်စေပါလိမ့်မယ်။

ဒီတော့ သူတို့ပေးတဲ့ “ဘွဲ့/တံဆိပ်” ဆိုတာ မိမိသက်ဆိုင်ရာ နိုင်ငံရေးပါတီအဖွဲ့အစည်းနဲ့ အိုးစားကွဲအောင်၊ မိမိကိုယ်စားပြုရပ်တည်တဲ့ ပါတီအဖွဲ့အစည်း၊ လူမျိုးနဲ့ ခြားနားကွဲကွာသွားအောင်၊ သွေးကွဲသွားအောင် လျှိုသွင်းလိုက်တဲ့၊ ရန်တိုက်ပေးတဲ့ “သပ်”တွေသာဖြစ်ပါတယ်။ ဒါကြောင့် လည်မှာဆွဲ၊ အင်္ကျီမှာချိတ်၊ အိမ်နံရံနဲ့မှန်ဘီရိုထဲမှာ ချိတ်ဆွဲထားရှိဖို့လည်း ဘယ်လိုမှမထိုက်တန်ပါဘူး။ အကြမ်းဖက်သမား မင်းအောင်လှိုင်ကတော့ ဒီဘွဲ့တံဆိပ်ဆိုတာတွေ တစ်ဖက်ကနေ ပေးပြီး ရန်တိုက်သွေးခွဲသပ်လျှိုနေသလို အခြားတစ်ဖက်မှာလည်း သူ့မှာ ကုန်းကောက်စရာတောင် မရှိတဲ့ဂုဏ်သိက္ခာကို အရောင်တင်တာပဲဖြစ်ပါတယ်။

အကြမ်းဖက်(စကစ)စစ်အုပ်စုရဲ့ အဆက်မပြတ် ပုံစံမျိုးစုံနဲ့ သွေးခွဲရန်တိုက်ပေးမှုတွေကို ကျော်လွှားပြီး တော်လှန်ရေး အောင်ပွဲလမ်းကြောင်းမှန်ပေါ်ကို တက်ရောက်နိုင်ဖို့အတွက်ဆိုရင် အထက်မှာ ကျနော်အလေးထားတင်ပြခဲ့တဲ့ “အပိုင်း ၃ခု သွေးစည်းညီညွတ်ရေး”ကို လက်တွေ့တည်ဆောက်ကြဖို့ လိုအပ်ပါလိမ့် မယ်။