Home သတင်း ကြာအင်းဆိပ်ကြီးတွင် လေယာဉ်များ လာရောက်ပျံသန်းနေ၊ မြို့ခံလူထုများ စိုးရိမ်မှုများရှိ

ကြာအင်းဆိပ်ကြီးတွင် လေယာဉ်များ လာရောက်ပျံသန်းနေ၊ မြို့ခံလူထုများ စိုးရိမ်မှုများရှိ

655
Photo: CJ

ဇန်နဝါရီ ၉ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ နှင့် နယ်မြေခံ တော်လှန်ရေး ပူးပေါင်းအင်အားစုများအကြား တိုက်ပွဲများပြင်းထန်ခဲ့သည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့ပေါ်တွင် စစ်ကောင်စီတပ်ဘက်မှ လေယာဉ်များဖြင့် သွားရောက်ပျံသန်းနေသေးသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ထပ်မံ ဗုံးကြဲခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီအမြောက်တပ်၊ ခြေလျင်တပ်ရင်း (ခလရ- ၃၂) စခန်းအနီးနှင့်မြို့တွင်း စစ်ကောင်စီတပ်များ အခြေစိုက်ရာနေရာများတွင် ယမန်နေ့ ညပိုင်းက နှစ်ဖက်အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လေယာဉ်များဖြင့် ယနေ့ နံနက်ပိုင်းတွင် အဆက်မပြတ် ပျံသန်းမှုများ လုပ်ဆောင်နေသောကြောင့် မြို့ခံများအနေဖြင့် လေကြောင်း ထပ်မံ တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေရကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“လေယာဉ်ကတော့ တိုက်ပွဲဖြစ်တဲ့နေ့တိုင်း လာတယ်။ ညအချိန်လည်းလာတာပဲ။ အခြေအနေကတော့ မတည်ငြိမ်ဘူးပေါ့။ ပြီးခဲ့တဲ့ရက်ကလည်း လေယာဉ်နဲ့ဗုံးလာကြဲတယ်လေး။ သူတို့က ရမ်းသမ်း ပစ်ချတာဆိုတော့ ကြောက်မိတာပေါ့။ ပြီးတော့ မနေ့ညကလည်း လက်နက်ကြီး အသံတွေ တစ်ညလုံး ကြားနေရတယ်။ ပြေးရင်လည်း ဘယ်ကိုပြေးလို့ပြေးရမလဲ မသိဘူး။ လေယာဉ်လာပြီးဆို ပုန်း နေရတယ်။ နေစရာ နေရာမရှိအောင်ဘဲ။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်၊၊

ဇန်နဝါရီလ ၄ရက်နေ့ကလည်း တိုက်ပွဲပြင်းထန်နေသည့် မြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဝင်ရောက်ဗုံးကြဲချမှုကြောင့် မြို့အနီးရှိ ရာဘာခြံထဲမှ အလုပ်သမား (၂)ဦး လက်နက်ကြီးကျည် အစ ထိမှန်ကာ ဒဏ်ရာရရှိခဲ့သေးသည်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် နေ့စဉ် လာရောက်ပစ်ခတ်မှုများကို ပြုလုပ်ခဲ့ပြီး မြို့ခံပြည်သူလူထုအနေဖြင့် တိုက်ပွဲဖြစ်ပွားနေသော်လည်း စစ်ဘေးတိမ်းရှောင် စရာ နေရာမရှိသည့်အတွက် နေအိမ်အတွင်း၌သာ နေထိုင်ပုန်းအောင်းနေကြခဲ့ရသည်ဟု ဆိုသည်။

သို့သော် လက်ရှိ တိုက်ပွဲကာလ ကြာမြင့်လာပါက စားနပ်ရိက္ခာ အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်းနှင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် တော်လှန်ရေးတပ်ပေါင်းစုများရှိနိုင်သည့် နေရာများနှင့် ကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိနေသေးကြောင်းလည်း နောက်ထပ်မြို့ခံတစ်ဦးက ဆိုသည်။

သူက “တချို့တွေကတော့ တခြားနေရာတွေ စစ်ဘေးရှောင်စခန်းတွေမှာ သွားကြတာပဲ။ တချို့ကကျတော့ ရှောင်စရာနေရာမရှိဘူးလေး။ မြို့ထဲမှာဘဲ ကြိတ်မှိတ်ပြီးနေကြတာပေါ့။ တိုက်ပွဲက ရက်ရှည်မယ်ဆိုရင်တော့ အဆင်မပြေလောက်ဘူး။ ပြီးတော့ စစ်တပ်ကမြို့ရဲ့အပြင်မှာ ရှိတယ်လေး။ ရဲဘော်တွေက တောကနေပြီးတော့ စစ်တပ်ကိုလာပစ်တာ။ မြို့ကိုပစ်တာမဟုတ်ဘူး။ အဲ့တာ ကြောင့် စစ်တပ်က လက်နက်ကြီးတွေနဲ့ ရဲဘော်တွေရှိနိုင်မဲ့ ကျေးရွာတွေ၊ တောစပ်တွေဘက်ကို ရမ်းပြီးလိုက်ပစ်တာပေါ့။ အဲ့တာနဲ့ပဲ ကျေးရွာသူရွာသားတွေက စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရ တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့က စတင်ဖြစ်ပွားသည့် ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲနှင့် တောင်စွန်းဒေသ တိုက်ပွဲများတွင် စစ်ကောင်စီ၏ အခြေစိုက်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အဆောက်အဦးအချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က လေယာဉ်ဖြင့် ၅ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အတွက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၅ဦးထက်မနည်း ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀၀နီးပါး သေဆုံးသွားကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ဇန်နဝါရီ ၁ရက်မှ ၅ရက်နေ့အထိ လေကြောင်းဖြင့် နေ့စဉ်လာရောက်ဗုံးကြဲ တိုက်ခိုက်သည့်အတွက် အရပ်သား ၁၀ဦးခန့် ကျည်ထိမှန်ဒဏ်ရာရပြီး သံပုရာ၊ တောင်စွန်း၊ ဝင်းခန၊ အနန်းကွင်း၊ ခုံခံ၊ ကျောက်ဘီလူး၊ ကိုရောင်၊ ဆင်ပြေးရွာ စသည့်ကျေးရွာများမှ ဒေသခံ ၄,ဝဝဝခန့် စစ်ဘေးမှ တိမ်းရှောင်နေကြရသည်။

လက်ရှိတွင် အဆိုပါစစ်ရှောင်အရပ်သားပြည်သူများသည် အစာရေစာနှင့် ကျန်းမာရေးဆေးဝါးများ အရေးပေါ် လိုအပ်နေလျက်ရှိသည်ဟုလည်း စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။