Home သတင်း အသေးစား ချေးငွေယူထားသည့် ဒေသခံပြည်သူများ ချေးငွေပြန်ဆပ်ရန် ခက်ခဲနေ

အသေးစား ချေးငွေယူထားသည့် ဒေသခံပြည်သူများ ချေးငွေပြန်ဆပ်ရန် ခက်ခဲနေ

711

ဒီဇင်ဘာ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးလာပြီး နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် အသေးစားချေး ငွေယူထားသည့် ဒေသခံပြည်သူများအနေဖြင့် ချေးငွေပြန်လည်ပေးဆပ်ရန် အခက်ကြုံနေကြရသည်ဟု ဒေသခံများများက ပြောသည်။

လက်ရှိတွင် မိမိတို့ ချေးငွေယူထားသည့် အသေးစား ပုဂ္ဂလိက ချေးငွေကုမ္ပဏီမှ အကြွေးဆပ်ရန်အတွက် အခက်အခဲရှိလာပြီး အချို့ဒေသခံများက မိမိတို့ ပိုင်ဆိုင်သည့် ပစ္စည်းများထုခွဲရောင်းချကာ ချေးငွေ များကို ပြန်လည်ပေးဆပ်နေကြရသည်ဟု ချေးငွေယူထားသည့် ဖားအံမြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက ကေအိုင်စီသို့ ပြောသည်။

၎င်းက ” အခုချိန်မှာ သိတဲ့အတိုင်းပါပဲ နယ်မြေမတည်ငြိမ် မအေးချမ်းတော့ လူတွေက အလုပ်ရှားပါးလာ ကြတယ်။ နယ်စပ်တွေမှာလည်း လမ်းပိတ်၊ ဘာလုပ်လုပ် အဆင်ပြေဘူး။ စီးပွားရေးမကောင်းတော့ ချေးငွေနဲ့ အလုပ်လုပ်ကြတဲ့ သူတွေက ငွေပြန်ဆပ်ဖို့ မတတ်နိုင်ကြတော့ သူတို့တွေမှာ ရှိတဲ့ ပစ္စည်းတွေကို ရောင်းချပြီးတော့ ချေးငွေပြန်ဆပ်ရတယ်” ဟု ပြောသည်။

အလားတူ တစ်ပိုင်တစ်နိုင် နို့စားနွားမွေးမြူပြီး လုပ်ငန်းထပ်မံတိုးချဲ့ရန်အတွက် အသေးစား ပုဂ္ဂလိကချေးငွေ ကုမ္ပဏီမှ ငွေများချေးယူခဲ့ပြီး လုပ်ငန်းအခြေအနေ လည်ပတ်နိုင်ခဲ့သော်လည်း ကိုဗစ်ရောဂါကာလနှင့် စစ်အာဏာသိမ်းချိန်မှစ၍ လုပ်ငန်းအဆင်မပြေမှုအခြေအနေ ပိုမိုဆိုးဝါးလာသည့်အတွက် ချေးငွေများ ပြန်လည်ဆပ်နိုင်ရန် မွေးမြူထားသည့် နို့စားနွားအချို့ရောင်းချကာ ပြန်ဆပ်နေရသည်ဟု နို့စားနွားမွေးမြူသူ ဖားအံဒေသခံတစ်ဉီးကလည်း ယခုလို ပြောသည်။

” စလုပ်တော့ အဆင်ပြေပါတယ်။ လုပ်ငန်းလည်ပတ်နေတော့လေ။ ကိုဗစ်ရောဂါကာလတုန်းက တချိန် အထိနာခဲ့ပြီးပြီ။ အခုတော့ အဆိုးဆုံးလို့ပြောရမှာပဲ ဘယ်လိုမှ လှည့်လို့မရလှုပ်လို့မရ နောက်ဆုံးတော့ ရှာထားတဲ့ ငွေအချို့နဲ့ နွားအချို့ကို ရောင်းပြီးတော့ ချေးထားတဲ့ငွေတွေကို ပြန်ဆပ်ရတာပေါ့လေ။ ဘယ်တတ်နိုင်ပါ့မလဲ။ အားလုံးက ဒီလိုပဲ ခံစားနေကြရတာချည်းပဲ မဟုတ်လား” ဟု ၎င်းက ပြောသည်။

အဆိုပါ အသေးစား ပုဂ္ဂလိက ကုမ္ပဏီချေးငွေလုပ်ငန်းတို့သည် ပြီးခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် လုပ်ငန်းလိုင်စင်ချထားပေးသည့် လုပ်ငန်းများဖြစ်သည်။

မြန်မာနိုင်ငံနေရာအနှံ့ရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် တရားဝင် အသေးစား ပုဂ္ဂလိက ချေးငွေကုမ္ပဏီ စုစုပေါင်း ၁၉၃ ဖွဲ့ရှိပြီး ငွေချေးယူထားသည့် ဦးရေမှာ စုစုပေါင်း ၄ ဒဿမ ၆ (၄.၆)သန်းရှိသည်ဟု NLD အစိုးရ လက်ထက်က မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီ(MMFA) ၏ ၂၀၂၀ ခုနှစ် ထုတ်ပြန်ချက်အရ သိရသည်။

ယခုလက်ရှိအချိန်တွင် အသေးစားနှင့်အလတ်စားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီ အစုအဖွဲ့များ အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် မိမိတို့ ချေးပေးထားသည့်ငွေများကို ပြန်လည် ကောက်ခံနေပြီး ဒေသခံပြည်သူများအား ချေးငွေများ ပြန်လည် ထုတ်ပေးခြင်းလုပ်ငန်းများ မလုပ်ဆောင်နိုင် တော့ချေ။ ၎င်းအပြင် မိမိတို့ ဝန်ထမ်းအားလုံးနီးပါးကိုလည်း လျှော့ချထားသည်ဟု ချေးငွေ ဝန်ထမ်းများနှင့် နီးစပ်သူ တစ်ဉီး ကေအိုင်စီသို့ ပြောသည်။