Home သတင်း ခလယ်တံခွန်တိုင်တွင် စစ်ကြောင်းထပ်မံရောက်ရှိလာ၍ တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေ

ခလယ်တံခွန်တိုင်တွင် စစ်ကြောင်းထပ်မံရောက်ရှိလာ၍ တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေ

939
Photo: CJ

ဒီဇင်ဘာလ ၅ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာ ရဲစခန်းတွင် စစ်ကောင်စီတပ်များ ထပ်မံ၍ စစ်ကြောင်းထိုးရောက်ရှိလာနေသည့်အတွက် ဒေသအ တွင်း တိုက်ပွဲဖြစ်လာမည်ကို ရွာသားများက စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာ နောင်တဲလမ်းဝမှတစ်ဆင့် တံခွန်တိုင်ရဲ စခန်းသို့ ယနေ့ ဒီဇင်ဘာလ ၅ ရက်၊ နံနက် ၈ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်မှ အိမ်စီးကားနှင့် လုပ်ငန်းသုံးကားများ အသုံးပြုကာ ထပ်မံရောက်ရှိလာနေသည့်အတွက် ရွာသားအချို့ စစ်ဘေးတိမ်းရှောင်နေကြပြီးဟု ဒေသခံတစ်ဦးက ပြောသည်။

“ အိမ်စီးကားရော လုပ်ငန်းသုံးကားနဲ့ပါ သူတို့မနက်ကတည်းက တက်လာကြတယ်။ အင်အား ၁ဝဝ လောက်ရှိ မယ်ထင်တယ်။ သူတို့လာရင် ရွာသားတွေက မနေရဲဘူး လေနော်။ စခန်းအနီးအနားလူတွေဆို ခုထိစစ်ရှောင် နေရတယ်။ တစ်ခုခုဆို ရွာထဲကိုပဲ လက်နက်ကြီးပစ်ချကြတယ်။ အလုပ်တွေလည်း ပုံမှန်မလုပ်နိုင်ကြသေးတော့ အားလုံးစား ဝတ်နေရေးတွေ ခက်ခဲကုန်ကြတယ်” ဟု ဝင်းရော်ဒေသခံ ရွာသားတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ အင်အားအလုံး အရင်းဖြင့် စစ်ကြောင်းထိုးတက်လာပြီး ငြိမ်းချမ်းမြိုင်ဒေသရှိ လူနေအိမ် ၂ လုံး မီးရှို့ ဖျက်ဆီးခဲ့သည်။ ၎င်းအပြင် ခရီးသွားလာနေကြသည့် အမျိုးသား၊ အမျိုးသမီးများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များကို လည်း ရှာဖွေမွှေနှောက်ကာ ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံရွာသားများ ထံမှ သိရသည်။

Photo: CJ

“ အရက်သောက်ဖို့ ပိုက်ဆံလိုက်တောင်းတာလည်း ရှိတယ်။ သေနတ်ပစ်ဖောက်သူနဲ့ ရွာသားတွေရဲ့ အိမ်ကို လိုက်မွှေပြီး ပစ္စည်းတွေ ဖျက်ဆီးပစ်တာလည်း ရှိတယ်။ သူတို့တက်လာပြီးဆိုရင် အားလုံးက အေးဆေးမနေရတော့ဘူး။ အခုလည်း တက်လာ နေပြန်ပြီး။ သူများ(တော်လှန်ရေးအဖွဲ့)တစ်ခုခုလုပ်ရင် ရွာထဲကို လက်နက်ကြီး ပစ်မယ်။ ရွာသားတွေ ပြန်ခြိမ်းခြောက်တယ်။ သူတို့ရှိရင် ရာဘာလည်း ဘယ်သူမှ သွားခြစ်မရဲတော့ဘူးလေးနော်။ အားလုံးခက်ခဲနေကြတယ်” ဟု ခလယ်တံခွန်တိုင်ရွာသူ နောင်းမီးမီးက ပြောသည်။

KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်၏ အုပ်ချုပ်မှုတွင် တည်ရှိနေသည့် ဝင်းရော်ဒေသ ကျေးရွာအုပ်စု တံခွန်တိုင်၊ လွတ်ရှမ်း၊ အနန်းကွင်း တောင်စွန်းကျေးရွာများတွင် စစ်ကောင်စီ တပ်စခန်းများတည်ရှိပြီး ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် ဒေသခံရွာသားများ မကြာခဏ စစ်ဘေးတိမ်းရှောင်နေရကြရသည်။

ထို့အပြင် ၎င်းတို့တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ လာရောက်ပစ်ခတ်ပါက ကျေးရွာကို မီးရှို့ပစ်မည်ဟုလည်း ရွာသားများအား မကြာခဏခြိမ်းခြောက်ပြောဆိုလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။