Home သတင်း စစ်ကောင်စီတပ်က ရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် တိမ်းရှောင်ရသည့် စစ်ဘေးရှောင်အရေအတွက် ပိုတိုးလာနေ

စစ်ကောင်စီတပ်က ရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် တိမ်းရှောင်ရသည့် စစ်ဘေးရှောင်အရေအတွက် ပိုတိုးလာနေ

1081
Photo: CJ

ဒီဇင်ဘာလ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့ တောင်ပိုင်း ကျေးရွာများဘက်တွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသောကြောင့် ဒေသခံများ နေ့စဉ် ရွှေ့ပြောင်းနေထိုင်ကာ ရွာပုန်းရွာရှောင်အဖြစ် လှည့်လည်နေထိုင်စစ်ဘေးရှောင် နေကြရသူအ ရေအတွက် ပိုတိုးလာနေကြောင်း သိရှိရသည်။

စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက “စစ်ဖြစ်နေတာဆိုတော့ အချိန်မရွေးကိုယ်တွေနေရာ ရောက်လာမှာစိုးလို့ တစ်နေရာထဲမှာ မနေရဲ ကြဘူး။ ဒီနေ့တစ်နေ့ရာ နောက်နေ့ တစ်နေရာ အဲ့သလို နေနေကြရရင်း စစ်ဘေးရှောင်နေရတယ် ဆို တော့ သူတို့ပြောင်းနေကြတဲ့ နေရာတွေအထိအစားအ သောက်ပေးဖို့က ပိုခက်ခဲလာတယ်၊ အခုက စစ်ဘေးရှောင်ဆိုပြီး တစ်စုတစ်စည်းထဲ နေလို့မရတော့ဘူး၊ တချို့လည်း ဖားအံတို့၊ ကျုံဒိုးတို့၊ ကော့ ကရိတ်တို့က ရပ်ကွက်တွေမှာရှိတဲ့ ဆွေမျိုးတွေဘက်ရွာက အိမ်ပစ်ပြီး သွားရှောင်နေကြတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ဘော့ဒိုင်း၊ တောင်ကြာအင်း၊ လောင်းကိုင်နှင့် အံကောင် စသည့်ကျေးရွာများထဲသို့ လက်နက်ကြီး နေ့စဉ်ပစ်ခတ်မှုကြောင့် လူနေအိမ်များ၊ ဥယာဉ်ခြံများ ကျည်ထိမှန်ပျက်စီးခဲ့ပြီး လက်နက်ကြီးရန်ကြောင့် ထွက်ပြေးတိမ်းရှောင်ကြသည့် စစ်ဘေးရှောင် ငါးထောင်ကျော်လည်း လက်ရှိအချိန်တွင် စားနပ်ရိက္ခာ ပြတ်လပ်နေပြီဟု ၎င်းစစ်ရှောင်ကူညီသူက ဆက်ပြောသည်။

ကော့ကရိတ် တောင်ပိုင်းကျေးရွာများနှင့် တောင်ကြာအင်း-ကျိုက်မရော -ကြာအင်း ဆိပ်ကြီးလမ်းပိုင်း တစ်လျှောက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF မှ ကျေးရွာများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များ ၀င်ထွက်သွားလာ စခန်းချနေထိုင်နေမှုကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုကာ KNLA နှင့် PDF ပူးပေါင်းအဖွဲ့ များအား ဒေသခံလူထုမှ လက်မခံရဲအောင် ကျေးရွာများ အတွင်း လက်နက်ကြီး ပစ်ခတ်မှုတိုက်ခိုက်မှုများ၊ ပိတ်ဆို့စစ်ဆေးရှာဖွေ မှုများ နေ့စဉ်လုပ်ဆောင်လာ နေကြောင်း KNLA စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “အခုလပိုင်းတွေမှာ တိုက်ပွဲကြီးဖြစ်တာ သိပ်မရှိဘူး။ ဒါပေမယ့် စစ်ကောင်စီတပ်၊ BGF တပ်က စစ်ကြောင်းတွေအင်အားပို၀င်လာတယ်၊ ပြီးရင် ကျေးရွာတွေဘက် စစ်လာမတိုက်ဘဲ လက်နက်ကြီးတွေ ပစ်ပစ်ထည့်တယ်၊ ရွာတွေမှာ ကရင်အဖွဲ့တွေ၊ လက်သုံးချောင်း (PDF) အဖွဲ့တွေ လက်ခံထားရင် ရွာပျက်မယ်ရွာကြေမယ်ဆိုပြီး ခြိမ်းခြောက်ပြောတာတွေ ရှိတယ်၊”ဟု ကေအိုင်စီသို့ ပြောသည်။

KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်မှ စစ်အင်အားတိုးချဲ့ကာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများဖြင့် နေ့စဉ်လုပ်ဆောင်လျက်ရှိသည်ဟု ဒေသတွင်း သတင်းအရင်းများထံမှ သိရသည်။

စစ်ကောင်စီတပ်က မြ၀တီ-ဝေါလေလမ်းပိုင်း၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းပိုင်း၊ ကော့ကရိတ်-တောင်ကြာအင်း-ကျိုက်မရော-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်း၊ ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းပိုင်းများအား စိုးမိုးထိန်းချုပ်နိုင်ရေး စစ်ရေးဗျူဟာ အရှိန်မြင့်တိုက်ခိုက်နေမှုကြောင့် ယခင် ၂၀၂၂ ခုနှစ်၊ သြဂုတ်လအထိ KNU ဒူးပလာယာ ခရိုင်အတွင်း စစ်ဘေးရှောင် နေရသူ ၁၂,၀၀၀ ထောင်ကျော်မှ ယခု ဒီဇင်ဘာလအထိ စစ်ဘေးရှောင်ကျေးရွာနှင့် စစ်ဘေးရှောင် လူဦးရေ ဆက်လက်မြှင့် တက်လာနေကြောင်း သိရှိရသည်။