Home သတင်း အလွတ်တန်းသတင်းထောက် ကိုမျိုးနောင်နောင်ဇော်(ခ)နေနော် ထောင် ၆ နှစ်ချမှတ်ခံရ

အလွတ်တန်းသတင်းထောက် ကိုမျိုးနောင်နောင်ဇော်(ခ)နေနော် ထောင် ၆ နှစ်ချမှတ်ခံရ

727

ဒီဇင်ဘာလ ၃၀ ရက်၊၂၀၂၂ ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ အကျဉ်းထောင်တွင် အချုပ်ကျခံထားရသည့် အလွတ်တန်း သတင်းထောက် ကိုမျိုးနောင်နောင်ဇော်(ခ)နေနော်ကို ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နေ့လည်(၁) နာရီအချိန်တွင် စစ်ကောင်စီက ထောင် (၆)နှစ်ချမှတ်လိုက်ကြောင်း နီးစပ်သူများက ပြောသည်။

မြဝတီ အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုမျိုးနောင်နောင်ဇော်(ခ)နေနော်အား မြို့နယ်တရားရုံးက ပုဒ်မ ၅၀၅−က ထောင်(၂)နှစ်၊ ပုဒ်မ ၅၂(ခ) ထောင်(၄)နှစ် စုစုပေါင်း ထောင်(၆)နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီနေ့ ချလိုက်တယ် ၆ နှစ် (၅၀၅)က (၂)နှစ် ပုဒ်မ၅၂ က (၄) နှစ်ချလိုက်တယ်။ တစ်ရက်ထဲ တစ်ချိန်ထဲပဲချတာ။ အမိန့်ချပြီးတော့ စခန်းကိုပဲခေါ်သွားတယ်။ (၁)နာရီလောက်မှာအမိန့်ချတယ်။ သူကျန်းမာရေးကတော့ ကောင်းပါတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

အလွတ်တန်းသတင်းထောက် ကိုမျိုးနောင်နောင်ဇော်(ခ)နေနော်ကို ယခုနှစ် မတ်လ(၂၈)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မြဝတီမြို့ အချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မ၅၀၅(က)နှင့် ၅၂(ခ)တို့ဖြင့် တရားစွဲဆိုထားပြီး (၉) လအကြာတွင် ယခုလိုထောင်ချလိုက်ခြင်းဖြစ်သည်။

“ပြောရမယ်ဆိုရင်တော့ သူများထက်ဆိုင်ရင်နှစ်နည်းတယ်ပဲ ပြောရမှာပေါ့။ သူများတွေက (၁၀)နှစ် အထက်မှာရှိတယ်။ ချလိုက်တော့လည်း ကောင်းပါတယ်။ လျှော့ရက်လေး ဘာလေးသူ့အတွက်ရ တောပေါ့။ လွတ်လပ်ရေးနေ့တို့ဘာတို့ဆို သူ့အတွက်လျှော့ ရက်ရတာပေါ့”ဟု ၎င်း နီးစပ်သူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ရက်နေ့တုန်းကလည်း မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်၊ ကရင်စာပေ (၅) လမ်းနေ ကိုမျိုးနောင်နောင်ဇော် (ခ) နေနော်နေအိမ်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(ခ)/၅၀(ည)အမှုဖြင့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က လာရောက်ချိပ်ပိတ်ခဲ့သေးသည်။