Home သတင်း ဆိုင်ကယ်နှင့်ကားများ မီးသတ်စတေကာ မကပ်ထားပါက ငွေညှစ်ခံရ

ဆိုင်ကယ်နှင့်ကားများ မီးသတ်စတေကာ မကပ်ထားပါက ငွေညှစ်ခံရ

1169
Photo: CJ

ဒီဇင်ဘာ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ယာဉ်ထိန်းရဲများ၊ စစ်ကောင်စီတပ်သားတို့ ပူးပေါင်းပြီး ဆိုင်ကယ်နှင့် ကားများတွင် မီးသတ်တပ်ဖွဲ့စတေကာများ မဖြစ်မနေ ကပ်ခိုင်းကာ မကပ်ထားပါက ငွေညှစ်တောင်းခံမှုများ ကိုပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့ပေါ်တွင် ယခုလ ဒီဇင်ဘာလ ၂၇ ရက်နေ့မှစတင်ပြီး အရပ်သားပြည်သူများစီးသော ဆိုင်ကယ် နှင့်ကားများတွင် မီးသတ်တပ်ဖွဲ့ဖုန်းနံပါတ်ပါ စတေကာများကိုမဖြစ်မနေ ကပ်ခိုင်းပြီး မကပ်ပါက ဒဏ်ကြေးငွေ သုံးသောင်းမှ ငါးသောင်းကျပ်ထိ ပေးဆောင်ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “မနေ့ကတည်းက မီးသတ်ဖုန်းနံပါတ် ၁၉၁ ပါတဲ့စတေကာတွေကို တပ်ခိုင်းတာ။ မနေ့ကဆိုလူတွေ တန်းစီနေတာဘဲ၊ ဒီနေ့အထိပဲ။ အဲ့ဒီစတေကာ မကပ်ရင် လူအခြေအနေပေါ်ကြည့်ပြီး သုံးသောင်းကနေ ငါးသောင်း ထိ ကိုပေးနေရတာ၊၊ စတေကာကပ် ရင်တော့ပိုက်ဆံမပေးရဘူး။ သူတို့က တစ်ခုခုဆိုပြည်သူအတွက် ပြောပေမဲ့ အမှန်တော့သူတို့အတွက်ပဲ သူတို့လုပ်နေကြတာ။”ဟု ကေအိုင်စိသို့ ပြောသည်။

ကား၊ ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များပေါ်တွင် အရွယ်အစားတူညီသည့် မီးသတ်တပ်ဖွဲ့ စတစ်ကာများကို ကပ်ထားခိုင်းခြင်းဖြစ်ပြီး ၎င်းစတေကာများနှင့်အတူ ဆိုင်ကယ်မောင်းရာတွင် အကုန်အပြည့်အစုံပါသော်လည်း အကြောင်းအမျိူးမျိူးပြကာ ငွေညှစ်တောင်းခံမှုများကို ဆက်တိုက်ပြုလုပ်နေသောကြောင့် ဆိုင်ကယ်မောင်း သူများအနေဖြင့် အခက်တွေ့နေရကြောင်း ကိုယ်တိုင်ကြုံတွေ့သူများက ပြောသည်။

ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဉီးက “သူတို့က တရားလွန်လာကြတာ၊ ဆိုင်ကယ်ဘီးခွန်လည်း ဆောင်ရတယ်။ ဆိုင်ကယ်ဘီးပါးနေရင်လည်း ငါးသောင်းပေးရတယ်။ မနေ့ကဆို ဆိုင်ကယ်မောင်းလိုင်စင်လုပ်ထားတာ တစ်လ စောင့်ရတယ်လေ၊ ခုထိမရသေးဘူး။ အဲ့ဒါကို ငါးသောင်းပေးရတယ်၊ အဖမ်းခံရတာ ဆိုင်ကယ်မှာလည်း အကုန်ပြည့်စုံပါတယ်။ ဉီးထုပ်လည်း ဆောင်းထားတယ်။ နည်းအမျိုးမျိုးပြပြီး၊ ငွေညှစ်တောင်းခံနေတာ။”ဟု ကေအိုင်စီသို့ ပြောသည်။

ထားဝယ်မြို့နှင့် မြို့ပေါ်ရှိ ဂိတ်များတွင်လည်း အာဏာသိမ်းကာလအတွင်း အကြောင်းအမျိုးမျိူး ပြကာ ပြည်သူများအပေါ်ညအချိန်မတော် ဧည့်စာရင်းစစ် ဝင်ရောက်ဖမ်းဆီးခြင်း၊ ငွေညှစ်တောင်းခံခြင်း၊ အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်ခြင်းများကို ယခုချိန်ထိ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ သိရသည်။