Home သတင်း ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာ ၆ ရွာမှ စစ်ဘေးရှောင် ၂,၀၀၀ ခန့် ဆေးဝါးနှင့်အစားအသောက်များ အရေးပေါ်လိုအပ်

ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာ ၆ ရွာမှ စစ်ဘေးရှောင် ၂,၀၀၀ ခန့် ဆေးဝါးနှင့်အစားအသောက်များ အရေးပေါ်လိုအပ်

1086

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့် ကော့ကရိတ် တောင်ပိုင်းဒေသရှိ စစ်ရှောင်နေကြရသော ဒေသခံကျေးရွာသူ/ကျေးရွာသား ၂၀၀၀ ခန့်သည် လက်ရှိတွင် ဆေးဝါးနှင့် အစားအသောက်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ကော့ကရိတ်မြို့အနီးအနားဝန်းကျင်ကျေးရွာများတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ ယနေ့အချိန်ထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့်အတွက် ကောကော့နွဲကျေးရွာအုပ်စုရှိ ကော့နွဲ၊ ရွာသစ်ကုန်း၊ တတန်ကူး၊ အံကလော်၊ ကျောက်စရစ်ကုန်းနှင့် မြို့ဟောင်းစသည့်ကျေးရွာများမှ စစ်ရှောင်ရွာသားများသည် စစ်ရှောင်ရက်ကြာလာသည့်အတွက် အစားအသောက်များလျော့နည်းလာသလို ကျန်းမာရေးအတွက် အရေးပေါ်ဆေးဝါးများလိုအပ်နေသည်ဟု စစ်ရှောင်များက ပြောသည်။

စစ်ရှောင် ရွာသစ်ကုန်းရွာသူတစ်ဦးက ” တိမ်းရှောင်တာတော့ တစ်ရွာလုံးပဲ။ လူကြီးကော‌လူ ငယ်ကော အားလုံးပါတယ်။ လောလောနဲ့တိမ်းရှောင်နေရတော့ အစားအစာလည်းအများကြီး မပါဘူး။ တိမ်းရှောင်တာ ၁ဝရက် နီးပါးရှိပြီးဆိုတော့ အစားအစာကနည်းလာတယ်။ သွားလာရေးလမ်း‌ကြောင်းကလည်း ခက်ခဲတယ်။ အခုတော့ အစားအစာနဲ့ဆေးဝါးကအရေးပေါ်လိုအပ်နေပြီး”ဟု ကေအိုင်စီသို့ပြောသည်။

စစ်ဘေးရှောင်သူများအတွက် အရေးပေါ်လိုအပ်နေသည့် အစားအစာများကို အနည်းငယ်သာ ကူညီ ထောက်ပံ့မှု ပေးနိုင်သေးပြီး နောက်ထပ်ကူညီထောက်ပံ့မှုပေးနိုင်ရေးအတွက် စီစဉ်လုပ်ဆောင်နေသည်ဟု စစ်ရှောင်များအား အကူအညီပေးနေသူတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေတော့ တကယ်လိုအပ်နေပြီး။ အခုက အခြေအနေကြောင့် အနည်းငယ်ပဲ ကူညီထောက်ပံ့နိုင်တယ်။ ဆက်ပြီး စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ဖို့ အစီအစဉ်‌တွေရှိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြိုအနီး ကျေးရွာများတွင် ယခုလဒီဇင်ဘာလ ၁၆ရက်မှစ၍ တိုက်ပွဲများပြန်လည်ပြင်းထန်လာပြီး စစ်ကောင်စီတပ်ဘက်က ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်သည့်အတွက် လူနေအိမ်အဆောက်အအုံနှင့် အိမ်မွေးတိရစ္ဆာန်အများအပြား သေဆုံးပျက်စီးခဲ့ပြီး ထောင်နှင့်ချီသော ဒေသခံပြည်သူများလည်း အသက်ဘေးလွတ်ကင်းရာနေရာသို့ တိမ်းရှောင်နေရသည်မှာ ယခုအချိန်ထိဖြစ်သည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့တောင်ပိုင်းဘက်ကိုစစ်ကောင်စီစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သေးသည်။