Home သတင်း သင်္ဃန်းညီနောင် ဓါတ်အားခွဲရုံမှပေးလွှတ်သည့် ၆၆kv ဓါတ်တိုင်များပျက်စီး၍ မြို့နယ် ၃ ခုရှိ ရပ်ကွက်နှင့် ကျေးရွာများ လျှပ်စစ်မီးပြတ်တောက်နေ

သင်္ဃန်းညီနောင် ဓါတ်အားခွဲရုံမှပေးလွှတ်သည့် ၆၆kv ဓါတ်တိုင်များပျက်စီး၍ မြို့နယ် ၃ ခုရှိ ရပ်ကွက်နှင့် ကျေးရွာများ လျှပ်စစ်မီးပြတ်တောက်နေ

990
Photo: CJ

ဒီဇင်ဘာလ ၈ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီ -ကော့ကရိတ် အာရှလမ်းသစ် လမ်းပိုင်းအတွင်း မြ၀တီမြို့နယ် သင်္ဃန်းညီနောင် ဓါတ်အားခွဲရုံ မှ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးသို့ လျှပ်စစ်မီးသွယ်တန်းပို့ လွှတ်သည့် ၆၆kv ဓါတ်တိုင်ကြီး ၃ ခု ပျက်စီးကာ မီးပြတ်တောက်နေသည့်အတွက် မြို့နယ် ၃ခုအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ လျှပ်စစ်မီးပြတ်တောက်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် နို၀င်ဘာ ၃၀ ရက်က အဆိုပါ ၆၆kv ဓါတ်တိုင် ၃ ခု မိုးကြိုးပစ်၍ ပျက်စီး နေသည်ဟု စစ်ကောင်စီ လျှပ်စစ်ဌာနက သတင်းထုတ်ပြန်ထားသော်လည်းမြေပြင် အခြေအနေအကြောင်းအရင်း သတင်းအမှန်မသိရဘဲ ပြိုကျပျက်စီးလျှပ်စစ်မီးပြတ် တောက်နေသည့်အတွက် မြ၀တီမြို့မှအပ ကျန်မြို့နယ် ၃ ခုနှင့် ကျေးရွာရပ်ကွက်များ မီးပြတ်တောက်နေသည်မှာ ၉ ရက်ရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မီးက ပထမတစ်ခါတစ်လကျော် မီးပျက်တယ်။ ဓါတ်တိုင်ပျက်စီးတာကို ပြင်ရတဲ့ မီးတိုင် ကုမ္ပဏီကို ပေးဖို့ဆိုပြီး စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေကို မီးပြင် စရိတ်ဆိုပြီး ရပ်ကွက်တွေမှာ ငွေကောက်တယ် ။ အခုတခါ ထပ်ပျက်တယ်၊ ၉ ရက်ရှိပြီ မီးပျက်နေတာ။ မိုင်းခွဲတာလား၊ အလုံးကြီးကျတာလား၊ မိုးကြိုးပစ်တာလား အမျိုးမျိုး ပြောကြတယ်၊ အဲ့ဒီနေရာတွေက စစ်တပ်တို့၊ BGF တို့နဲ့ ကရင်ပူးပေါင်းအဖွဲ့တွေ ခဏ ခဏတိုက်ပွဲ ဖြစ်နေတာဆိုတော့ ဘာဖြစ်ပြီးပျက်စီးကုန်တယ်ဆိုတာ သေသေချာချာ မသိရဘူး”ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ် သြဂုတ်လ ၂၀ ရက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲ ဖြစ်စဉ်အတွင်း ကော့ကရိတ်အနီး အံကလော်ရွာနှင့် ကော့နွဲ့ကျေးရွာအကြားရှိ ၂၃၀ kv ဓါတ်တိုင် ၂ ခု ထိခိုက်ပျက် စီးသွားခဲ့သည့် အခြေအနေအား ပြန်လည်ပြင်ဆင်ပြီး လျှပ်စစ်မီးပြန်လည်ရရှိနေသည့် တစ်လခန့်အကြာတွင် ဒုတိယအကြိမ်အဖြစ် မြ၀တီမှအပကျန် မြို့နယ် ၃ ခုသို့ တစ်ဆင့် ပြန်လည် ပို့လွှတ်သည့် ၆၆kv လျှပ်စစ်ဓါတ်အားတိုင် ၃ ခုထပ်မံပျက်စီးနေခြင်းဖြစ်သည်။

အခြားကော့ကရိတ် ဒေသခံတစ်ဦးကလည်း “လူထုက မီးပျက်နေတော့ ပညာရေး၊ ကျန်းမာရေး၊ စား၀တ်နေရေး အကုန်ခက်ကုန်တယ်၊ မီးစက်တို့၊ ဆိုလာပြားတို့ရှိတဲ့ အိမ်တွေကတော့ ဘာဖြစ်ဖြစ်သူတို့က အဆင်ပြေနေသေးတယ်။ အရင်အခေါက် မီးတိုင်ပျက်တော့ ဘုန်းကြီးကျောင်းတွေ၊ ရွာသားတွေ၊ ရပ်ကွက်သားတွေကတော့ မီးတိုင်ပြင်ဖို့ ပိုက်ဆံလည်းထည့်ရတယ်။ အခုနောက်တစ်ကြိမ်မီးက ပြန်ပျက် တယ်ဆိုတော့ ဘာဆက်ဖြစ်မလဲ မသိတော့ဘူး ”ဟု ပြောသည်။

မော်လမြိုင်- ကော့ကရိတ် အာရှလမ်းသစ်ဘက်မှ မြ၀တီမြို့ဘက်သို့ မြန်မာ လျှပ်စစ်မီးသွယ်တန်းထားသည့် ဓါတ်အားတိုင်များမှာ မော်လမြိုင်-မြ၀တီ ၂၃၀kv ဓါတ်အားလိုင်းဖြင့် ပို့လွှတ်သွယ်တန်းထားပြီးနောက် သင်္ဃန်းညီနောင် ဓါတ်အားခွဲ ရုံမှ တစ်ဆင့် ၆၆ kv ဓါတ်အားခွဲလိုင်းဖြင့် ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး မြို့နယ် အတွင်းရှိ၊ ရပ်ကွက်ကျေးရွာများသို့ လျှပ်စစ်မီးဖြန့်ဖြူးနေခြင်းဖြစ်သည်။

Photo: CJ

ထို့ကြောင့် ယခုတဖန် ၆၆kv ဓါတ်တိုင် ၃ ခု ပျက်စီးသွားသည့်အတွက် ပြန်လည်ပြင် ဆင်ရန် ကြာမြင့်နေမည့်အခြေအနေအပေါ် မြ၀တီစစ်ကောင်စီ လျှပ်စစ်ဌာနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ယခုလို ပြောသည်။

“တောနော်ရေတံခွန် အထက်ပိုင်း တောင်ကုန်းတွေမှာ ထောင်ထားတဲ့ ၆၆Kv တိုင်အမှတ် ၄၅၊ ၄၆၊ ၄၇ လဲပြိုပျက်စီးကုန်တယ်လို့ သိရတယ်၊ ပထမအစ သတင်းကတော့ မိုးကြိုး ပစ်လို့ ပျက်စီးတယ်ဆိုတာ သိရတယ်။ မနေ့က သိရတာက လက်နက်ကြီးကြောင့်လား၊ မိုင်းကြောင့်လားဆိုပြီးတော့ ပြောနေကြတယ်၊ ဌာနကတော့ သွားကြည့်လို့ မရသေးပါဘူး၊ ဓါတ်တိုင်ပျက်စီးတဲ့ပုံတွေတော့ လိုင်းပေါ် ပျံ့နေတယ်၊ မီးတိုင်ပြင်မယ့် အဖွဲ့တွေတော့ သွားလို့မရဲသေးဘူး”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လက လျှပ်စစ်ဓါတ်တိုင် ၂ ခု စစ်ကောင်စီ နှင့် KNLA ပူးပေါင်း အဖွဲ့ များ တိုက်ပွဲဖြစ်စဉ်ကြောင့် ပထမအကြိမ် ပျက်စီးသည့်ဖြစ်စဉ်တွင် ပြုပြင်ရန်သွားသည့် စစ်ကောင်စီလျှပ်စစ်၀န်ထမ်း ၄ ဦး သေဆုံးပြီး ၃ဦးဒဏ်ရာ ရရှိမှုရှိခဲ့သည်။

ထိုအခြေအနေကြောင့် ပြင်ပပုဂ္ဂလိက လျှပ်စစ်ဓါတ်တိုင်ပြင်ဆင်သည့် ကုမ္ပဏီမှ အဆိုပါ ဓါတ်တိုင်များအား ပြင်ဆင်ပေးခဲ့ပြီး ဓါတ်တိုင်ပြုပြင်ခအဖြစ် လျှပ်စစ်မီတာသုံးစွဲသည့် အိမ်သုံး/လုပ်ငန်းသုံး အခြေအနေအလိုက် တစ်အိမ်လျှင် ကျပ်ငွေနှစ်သောင်းမှ သုံးသိန်း အထိ ပေးဆောင်ရမည်ဟု စစ်ကောင်စီခန့် မြို့ရွာအုပ်ချုပ်ရေးမှူးအချို့က လိုက်လံကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။