Home သတင်း အခါလွန်မိုးကြောင့် ပိုင်ကျုံမြို့နယ်၌ စပါးခင်းများ ပျက်စီးဆုံးရှုံးနေ

အခါလွန်မိုးကြောင့် ပိုင်ကျုံမြို့နယ်၌ စပါးခင်းများ ပျက်စီးဆုံးရှုံးနေ

1075

ဒီဇင်ဘာလ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အခါလွန်မိုးရွာသွန်းမှုများကြောင့် စပါးပျက်စီးမှုနှင့်ကြုံနေရပြီး ယခုနှစ်စပါးအထွက် နှုန်းကျဆင်းနေသည့်အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း တောင်သူများက ပြောသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိကျေးရွာဒေသများတွင် လယ်စပါးစိုက်ပျိုးမှုကို အဓိကလုပ်ကိုင်ကြပြီး မိုးစပါးများကို အထွက်နှုန်းမြင့်အောင် စိုက်ပျိုးကြသော်လည်း ယခုလိုအခါလွန်မိုးကြောင့် စပါးများပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေသည်ဟု တောင်သူများက ပြောသည်။

ပိုင်ကျုံးမြို့နယ်ရှိ တာကရားကျေးရွာ တောင်သူ ကျော့မျိုးက “ကျနော်တို့ဒီနှစ်မိုးစပါးက အထွက်ကောင်းမယ်ထင်ခဲ့တာ၊ စပါးရိတ်သိမ်းချိန်ရောက်ရော မိုးကထရွာတာ။ ကျနော်တို့လယ်ဆိုရင် ရိတ်ပြီးပုံထားတဲ့အချိန်ပဲ တစ်ချို့စပါးဆိုရင် အညှောင့်ထွက်တယ် ၊ စပါးသီးတွေလည်း ကြွေကျကုန်တယ်၊ တော်တော်ပျက်စီးကုန်တယ်။ လယ်လုပ်တဲ့ သူတိုင်းပြောတယ်၊ မိုးရွာမယ်မထင်ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ပိုင်ကျုံမြို့နယ်တွင် လယ်ယာစိုက်ပျိုးမှုကို ၇၅ ရာခိုင်နှုန်းခန့် လုပ်ကိုင်နေကြပြီး ယခုနှစ် အခါလွန်မိုးရွာသွန်းမှုကြောင့် လယ်ဧကပေါင်းများ စွာပျက်စီးနေကြ၍ ယခုနှစ်စပါးအထွက်နှုန်း သိသာစွာကျနေဆင်းကြောင်းလည်း ဒေသတွင်း လယ်သမားများက ပြောသည်။

“ဒီနှစ်ကပိုင်ကျုံတစ်မြို့နယ်လုံး စပါးတော်တော်များများပျက်စီးတယ်။ တစ်ချို့လူတွေက စပါးနည်းတယ်၊ သိမ်းလို့နိုင်တယ်။ ကျနော်တို့ဆိုရင် ဧက၂၀ လောက်ရှိတယ်၊ လုံးဝသိမ်း လို့မနိုင်ဘူး။ နေ့လည်မှာနည်းနည်းရွာပြီးတော့ ညဘက်မှာအများကြီးရွာတော့ ဘယ်လိုမှ သိမ်းမနိုင်ဘူးဖြစ်သွားတာပေါ့ ”ဟု လယ်သမား ဉီးစိုင်မင်းကလည်း ကေအိုင်စီသို့ ပြောသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာဒေသများတွင် အခါလွန်မိုးရွာသွန်းမှုကြောင့် စပါးပျက်စီးဆုံးရှုံးမှုအများအပြားတွေ့ကြုံနေရသည့်အခြေအနေမှာ ယခုနှစ်တွင် ပထမဉီးဆုံးအကြိမ်ဖြစ်သည်။

စစ်အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာသည့် စစ်ရေးပဋိပက္ခကြောင့် ကရင်ပြည်နယ်ရှိ တောင်သူလယ်သမားများသည် စပါးရိတ်သိမ်းချိန်မရခြင်း၊ အခါလွန်မိုး ရွာသွန်းသဖြင့် စပါးရိတ်သိမ်း၍မရခြင်းတို့ကြောင့် စပါးများပျက်စီးပြီး စပါးအထွက်နှုန်းလည်းများစွာလျော့နည်းလာသည်ဟု တောင်သူလယ်သမားများက ပြောသည်။