Home သတင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် ဘ.ကကျောင်း ပြန်မဖွင့်နိုင်သေး

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် ဘ.ကကျောင်း ပြန်မဖွင့်နိုင်သေး

693
Photo: CJ

ဒီဇင်ဘာလ ၈ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ။

စစ်ကောင်စီစစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းခံရသည့် ကော့ကရိတ်မြို့ တောင်ပိုင်းရှိ မောင်းမရွာသစ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဘ.ကကျောင်း)သည် ယခုအချိန်ထိ ပြန်လည်မဖွင့်လှစ်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှု ပြုလုပ်ခဲ့သည့်အတွက် ကော့ကရိတ်တောင်ပိုင်း မောင်းမရွာသစ် ဘ.က စာသင် ကျောင်း‌ ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ကျောင်းဆရာမတစ်ဦး“စစ်ကောင်စီတွေအမြဲလိုလိုလက်နက်ကြီးရမ်းပစ်တယ်။ ကျောင်း ကတော့ ပိတ်လိုက်ဖွင့်လိုက်ပေါ့။ အခုတစ်ခါတော့ ကျောင်းတည့်တည့်ထိသွားတယ်။ ကျောင်းသားတွေကလည်း ထိတ်လန့်ကုန်ကြပြီး။ ကျောင်းတက်မရဲတော့ဘူး။ ကျောင်းပိတ်ဖို့တော့များတယ်။ အခြေအနေတော့ စောင့်ကြည့်ရမှာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပညာရေးကျောင်းများမှာ ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ ကိုယ်ထူကိုယ်ထကျောင်းနှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန သင်ကြားမှုစနစ်ကိုသာ သင်ကြားမှုရှိကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်ဒေသခံတစ်ဦး“မြို့ပေါ်ကကျောင်းလည်း ပိတ်လိုက်ဖွင့်လိုက်ပဲ၊ စာလည်း ကောင်းကောင်းမသင်ရဘူး။ ကလေးတွေလည်း စိုးရိမ်စိတ်နဲ့ ကျောင်းသွားနေရတယ်။ မြို့ပေါ်မှာ ကျောင်းပြန်ဖွင့်တာ တောင်မကြာသေးဘူ။ ရွာက အစိုးရကျောင်းက မဖွင့်ကြဘူးလေ။ ကရင်ကျောင်းတော့ တစ်ချို့ရွာတွေမှာ ဖွင့်တယ်ကြားတယ်။ ”ဟု ၎င်းဒေသခံက ပြောသည်။

ကော့ကရိတ်တောင်ပိုင်း ကျေးရွာတော်တော်များများတွင် စစ်ကောင်စီ အုပ်ချုပ်မှုအောက်ရှိ စာသင်ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိဘဲ တစ်ချို့ကျေးရွာတွင် ကိုယ်ထူကိုယ်ထ ပညာရေးစနစ်ဖြင့်သာ ကျောင်းဖွင့်စာသင်ကြားနေကြသည်။