Home သတင်း ဖမ်းဆီးခေါ်ဆောင်ထားသည့် ခလယ်ရွာဒေသခံများကို ပြန်လွှတ်သော်လည်း စစ်ကောင်စီက ရွာထဲ၌တပ်စွဲထားဆဲ

ဖမ်းဆီးခေါ်ဆောင်ထားသည့် ခလယ်ရွာဒေသခံများကို ပြန်လွှတ်သော်လည်း စစ်ကောင်စီက ရွာထဲ၌တပ်စွဲထားဆဲ

883
Photo: CJ

ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု ခလယ်ကျေးရွာတွင် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်က အမျိုးသမီးနှင့်ကလေးငယ်အပါအဝင် ဖမ်းဆီးထားသည့် ဒေသခံအယောက် ၅၀ ဝန်းကျင်ကို ပြန်လွှတ်ပေးလိုက်သော်လည်း ရွာထဲတွင် တပ်စွဲပြီး စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေဆဲဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့နံနက်ပိုင်းက စစ်ကြောင်းထိုးဝင်လာသည့် ထိုစစ်ကောင်စီစစ်ကြောင်းသည် တံခွန်တိုင်နှင့် ပုလိမ်ရွာမှတစ်ဆင့် ဆင်းလာကာ လမ်းတစ်လျှောက်တွင်တွေ့ရှိသည့် ဒေသခံအရပ်သားများကို ဖမ်းဆီးပြီး နယ်မြေအတွင်း စစ်ဆင်ရေးလှုပ်ရှားမှု လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဒေသခံ လူထုတွေကို ဖမ်းဆီးထားတဲ့အချိန်မှာ ဖုန်းတွေလည်းသိမ်းတာရှိတာပေါ့။ ပြန်တော့ ပြန် လွှတ်ပေးလိုက်ပြီ။ ဘုန်းကြီးကျောင်းမှာ ဖမ်းပြီးခေါ်ထားချိန်မှာ သူတို့စစ်ဆင်ရေးလုပ်တာပဲ၊ မကြောက်ဖို့ အဲလိုတွေတော့ ပြောတာရှိတယ်။ ပြီးတော့ သူတို့စားဖို့အတွက်ကိုလည်း ရွာသားတွေ သွားပို့ပေးရတဲ့ဟာလည်း ရှိတယ်။ အခုတော့ ရွာသားတွေက ကြောက်လန့်ပြီးတော့ နေရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ရွာထဲတပ်စွဲနေထိုင်သည့် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် ခလယ်-တံခွန်တိုင်ရွာအပြင် ခလယ်ရွာလေး၊ မြို့ဟောင်း ၊ ဘုရားငါးဆူ စသည့်ကျေးရွာများတွင် သွားလာလှုပ်ရှားမှုလုပ်ဆောင်ကာ တပ်ဖြန့်ထားသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် မွန်ပြည်နယ်ကျိုက်မရောမြို့နယ်မှတစ်ဆင့် စစ်ကြောင်း ၃ ကြောင်းနှင့် ဝင်ရောက်လာခြင်းဖြစ်ပြီး တံခွန်တိုင်ရွာရှိ စစ်ကောင်စီတပ်စခန်းအထိသွားကာ ယခုလို စစ်ကြောင်းထိုးဝင်ရောက်လာခြင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ ကြိမ်မြောက်ရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီ စစ်ကြောင်းထိုးဝင်လာသည့်အချိန်တိုင်းတွင် ဒေသခံများကို ဖမ်းဆီးဆောင်သွားခြင်းရှိသည့်အပြင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွား မည်ကိုလည်း ဒေသခံများမှ စိုးရိမ်နေသည့်အတွက် ဒေသခံလူထုအချို့မှာ ထွက်ပြေးတိမ်းရှောင်နေထိုင် သည့်အပြင် အချို့မှာ ၎င်းတို့လယ်၊ ယာခြံများကို မသွားရဲကြတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့လည်း ထိုစစ်ကောင်စီတပ်ဖွဲ့သည် တံခွန်တိုင်ကျေးရွာအုပ်စု ပုလိမ်ရွာအနီး ငြိမ်းချမ်းမြိုင်ဒေသရှိ အရပ်သားနေအိမ် (၂) လုံးထက်မနည်း ဝင်ရောက် မီးရှို့ဖျက်ဆီးသွားခဲ့သလို ဒေသခံ ၁၀ဦးနီးပါးကိုလည်း ပေါ်တာအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားမှု လုပ်ဆောင်ခဲ့သေးသည်။

လက်ရှိ တံခွန်တိုင်ကျေးရွာ ရဲစခန်းဝင်းထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်ဖွဲ့များသည် ကျေးရွာထဲသို့ မကြာခဏ လက်နက်ကြီးများနှင့် လှမ်းပစ်ခတ်သည့်အတွက် ဒေသခံ ရွာသားများထိခိုက်သေဆုံးမှုရှိခဲ့သည်။ ရဲစခန်းအနီးရှိ နေထိုင်သူများလည်း ပြီးခဲ့သည့် ဧပြီလကတည်းကစတင်၍ ယနေ့အချိန်ထိ ၎င်းတို့နေအိမ်တွင် ပြန်လည်နေထိုင်၍ မရဲကြသေးကြောင်း သိရသည်။