Home သတင်း တိုင်းရင်းသားပြည်သူများ သူးလေထီကို ထိုး၍အားပေးကြရန် ထီလုပ်ငန်းတာဝန်ခံ ဖိတ်ခေါ်

တိုင်းရင်းသားပြည်သူများ သူးလေထီကို ထိုး၍အားပေးကြရန် ထီလုပ်ငန်းတာဝန်ခံ ဖိတ်ခေါ်

1000

ဒီဇင်ဘာ ၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ၏ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနက တရားဝင် အသိအမှတ်ပြုထားသည့် သူးလေထီလုပ်ငန်းမှာ ကေအဲန်ယူအတွက် ဘတ်ဂျက်ရှာဖွေပေးမည့် စီမံကိန်းတစ်ခု ဖြစ်သောကြောင့် ကေအဲန်ယူကို ဝန်းရံလိုသော တိုင်းရင်းသားပြည်သူများ သူးလေထီထိုးကြပါရန် ဒေါကလူကွန်ရက် ဥက္ကဋ္ဌလည်းဖြစ်ပြီး သူးလေထီ၏ တာဝန်ခံတစ်ဦးဖြစ် သူ စောဝယ်လ်ကိုးက ဖိတ်ခေါ်လိုက်သည်။

၎င်းက “ထီဖွင့်တဲ့ အရင်အကြိမ်တွေတုန်းကဆိုရင် သူးလေထီကို စတင်မိတ်ဆက်ခါစ လူသိပ်မသိတော့ တစ်ခါတစ်လေ တစ်လလုံးမှာမှ ထီဖွင့်ဖို့ ရောင်းအားမကောင်းတော့ (၂)ကြိမ်ပေါင်းပြီးမှ ဖွင့်ရတဲ့ အခြေအနေမျိုးအထိ ရှိခဲ့ပါတယ်။ ရောင်းအားအကောင်းဆုံးပမာဏကလည်း စောင်ရေ တစ်ထောင်အထိပါပဲ။ အခုနောက်ဆုံး ထီဖွင့်တဲ့ (၈)ကြိမ်မြောက်မှာတော့ အဲ့ဒီရောင်းအားထက်စာရင် (၃)ဆ ကျော်လောက်ရောင်းချနိုင်ခဲ့ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

သူးလေထီကို ထီစာရွက်အရေအတွက်အားဖြင့်လည်းကောင်း၊ အွန်လိုင်းမှတဆင့် Link သို့ဝင်ထိုး၍လည်းကောင်း ပုံစံနှစ်မျိုးဖြင့် ဝယ်ယူအားပေးနိုင်ကြောင်း၊ ဆုကြေးငွေကို တစ်လတာ သူးလေထီရောင်းရငွေပမာဏကို နှစ်ပိုင်းပိုင်းပြီး ပထမပိုင်း၏ ၇၀ရာခိုင်နှုန်းကို ပထမဆု၊ ၃၀ရာခိုင်နှုန်းကို ဒုတိယဆု (၅)ဆု သတ်မှတ်ထားသည့်အပြင် ဒုတိယ ပိုင်း ငွေပမာဏကိုမူ ကေအဲန်ယူ၏ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနထံ ပြန်လည်အပ်နှံသည်ဟုလည်း စောဝယ်လ်ကိုးက ဆက်ပြောသည်။

ကရင်လူမျိုးများသည် မြန်မာနိုင်ငံအတွင်း၌သာမက အခြားနိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံသားများအဖြစ် ရပ်တည်နေကြသော်လည်း မိခင်အဖွဲ့အစည်းမှာ ကေအဲန်ယူ(ကော်သူးလေ)ဖြစ်သောကြောင့် ကေအဲန်ယူ၏လက်အောက်တွင် တရားဝင်ထီတစ်ခုရှိနေသင့်ပြီး ကရင်လူမျိုးများအတွက်လည်း ထီထိုးခွင့်ရသင့်သည်ဟူသော ရည်ရွယ်ချက်ဖြင့် သူးလေထီလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

ထီထိုးခဲ့ဖူးသူတစ်ဦးက “သူးလေထီက အာဏာသိမ်းပြီးမှ ပေါ်လာတဲ့ထီဖြစ်လို့ ကျမ အပါအဝင် တော်တော်များများက မသိခဲ့ပါဘူး။ ကျမကို သူးလေထီအဖွဲ့ဝင်တစ် ယောက်က မိတ်ဆက်ပေးတာနဲ့ ကိုယ်ကိုယ်တိုင်ကလည်း အာဏာရှင်ကိုမကြိုက်လို့ တော်လှန်ရေးလုပ်နေတာဆိုတော့ တော်လှန်ရေးအတွက် ရန်ပုံငွေဖြစ်တဲ့ သူးလေထီ ကို ထိုးဖြစ်ခဲ့ပါတယ်။ ကရင်လူမျိုးတစ်ယောက်အနေနဲ့ သူးလေထီက အရမ်းကို အရေးပါတဲ့ ကဏ္ဍတစ်ခုလို့ မြင်ပါတယ်။ အရင်ကတည်းက ရှိခဲ့သင့်တယ်။ တော်လှန်ရေးအ တွက် တကယ်ကို အထောက်အပံ့တစ်ခုလည်း ဖြစ်တာကြောင့် ကျမကိုယ်တိုင်လည်း လစဉ်လတိုင်း ဝန်းရံအားပေးသွားမှာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၂၂ခုနှစ်၊ မေလ (၃၀)ရက်နေ့တွင် တရားဝင် စတင်ဖွင့်လှစ်ခဲ့သည့် သူးလေထီကို ထီရောင်းအားကောင်းရန်အတွက် (https://thooleilottery.com/) ဖြစ်သော Link မှတ ဆင့် ထီဝင်ထိုးနိုင်သော အွန်လိုင်းစနစ်ဖြင့် အရောင်းမြှင့်တင်ရေး ပြုလုပ်သွားမည်ဖြစ်ပြီး စာရွက်(အရွက်ရေ)ဖြင့် ထီထိုးနိုင်သောစနစ်အတွက် အွန်လိုင်းဖြင့်ရောင်းချခြင်း၊ ကြော်ငြာခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ထီကိုယ်စားလှယ်များလည်း ဖိတ်ခေါ်နေကြောင်း သိရသည်။

သူးလေထီတာဝန်ခံ စောဝယ်လ်ကိုးက “ကိုယ်စားလှယ်ဆိုတဲ့နေရာမှာ ကေအဲန်ယူကိုချစ်လို့ ဝန်းရံပေးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ဖာသာကိုယ် ရောင်းချင်တာပဲဖြစ်ဖြစ်၊ လစဉ် အစောင်ရေ ငါးဆယ်၊ တစ်ရာ ဒါမှမဟုတ်လည်း ကိုယ်နိုင်သလောက်ပေါ့။ ရောင်းချင်တဲ့ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပါတယ်။ အဲဒီအတွက်လည်း ကိုယ်စားလှယ်အတွက် မိမိရောင်းချလို့ရတဲ့ ပမာဏရဲ့ ၅ရာခိုင်နှုန်း ပြန်ပေးပါတယ်။ နောက်ပိုင်းလည်း ကျနော်တို့ KNU ထိန်းချုပ်တဲ့နေရာတွေမှာ ယခု ဒီဇင်ဘာလကစပြီးပေါ့။ နယ်မြေဆင်းပြီး လှည့်လည်မိတ်ဆက် ရောင်းချတာတွေ လုပ်သွားမှာပါ။ ဒုက္ခသည်စခန်းတွေမှာ မိတ်ဆက်ရောင်းချဖို့တွေလည်း စီစဉ်ထားပါတယ်။”ဟု ပြောသည်။

သူးလေထီကို ဒေါကလူကွန်ရက်အဖွဲ့ရှိ ကရင်လူငယ်များက စတင်ဆောင်ရွက်ခဲ့ပြီး ကေအဲန်ယူ၏ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနလက်အောက်ခံ လုပ်ငန်းတစ်ခုအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကရင်လူမျိုးများအတွက်နှင့် တော်လှန်ရေးကို အားပေးနေကြသော တိုင်းရင်းသားများအတွက် သိရှိမှုနည်းပါးနေဆဲ ဖြစ်၍ ယခုအစီအစဉ်အား ပြုလုပ်ရခြင်းကြောင်း နိုဝင်ဘာလ ၂၅ရက်နေ့က ပြုလုပ်ခဲ့သော ‘သူးလေထီနှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးပြောကြားခြင်း’ အစီအစဉ် တွင် ကေအဲန်ယူ ဗဟို စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန၏ ဒုဌာနမှူး ပဒိုစောကလယ်စေးက ပြောဆိုခဲ့သည်။

ယခုနှစ်မေလကစတင်ခဲ့သည့် သူးလေထီဖွင့်ပွဲကို ၅ကြိမ်မြောက်အထိ တစ်လလျှင်နှစ်ကြိမ် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ကြပြီး ၆ကြိမ်မြောက်မှ ယခု ၈ကြိမ်အထိကိုမူ တစ်လ တစ်ကြိမ် ဖွင့်လှစ်လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။