Home သတင်း စစ်ကောင်စီမှ သေ့ဘောဘိုး စစ်ရှောင်သူများအတွက် ဆန်အိတ် ၂၀၀ လာရောက်လှူဒါန်းကြောင်း ဒေသခံများပြော

စစ်ကောင်စီမှ သေ့ဘောဘိုး စစ်ရှောင်သူများအတွက် ဆန်အိတ် ၂၀၀ လာရောက်လှူဒါန်းကြောင်း ဒေသခံများပြော

1188
Photo: CJ

ဒီဇင်ဘာ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်-DKBA ၏ ပြောဆိုပေးမှုကြောင့် စစ်ကောင်စီမှ သေ့ဘောဘိုး စစ်ရှောင်များအတွက် ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့က ဆန်အိတ် ၂၀၀ လှူဒါန်းပေးခဲ့ကြောင်း စစ်ရှောင်များအတွက် အကူအညီပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။

DKBA မှ ဗိုလ်မှူး စောသရီးတူး၏ ပြောဆိုပေးမှုကြောင့် စစ်ကောင်စီမှ ဒေသခံ စစ်ဘေးရှောင်များ အတွက် ဆန်အိတ် ၂၀၀ အပြင် တကိုယ်ရည်သုံးဆပ်ပြာတချို့ကို လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီပေးသူ ဒေသခံတာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“အဲ့ဒါက ဗိုလ်သရီးတူးက သူတို့ကို သွားပြောတယ်လေ။ မင်းတို့ လာပစ်လို့ ဒေသခံတွေ လိုက်ပြေးနေရ၊ ဒုက္ခရောက်နေရတာဆိုတော့ ဆန်လေးလာကျွေးကြအုံးပေါ့။ အဲ့ဒါနဲ့ သူတို့က လာပေးတာပေါ့။ ကျနော် တို့က အရပ်သားတွေဆိုတော့ ဘယ်သူလာကျွေးကျွေး၊ သူများကျွေးရင်တော့ စားရမှာပဲလေ။ ဘယ်သူ့ကို ဆန့်ကျင် ရမယ်ဆိုတာမျိုးထက် ပြေးနေရတဲ့ ပြည်သူတွေ အစားအသောက်ရဖို့အတွက်ပဲ စိုးရိမ်နေရတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က စစ်ကောင်စီမှ ဆန်အိတ် ၂၀၀ အပြင် ဆပ်ပြာနှင့် အခြား ပစ္စည်းအနည်းအငယ်ပါဝင်ပြီး ဆန်အိတ် ၂၀၀ အနက် ၁၅၀ မှာ သေ့ဘောဘိုးအတွက် လှူဒါန်းပြီး ကျန်အိတ် ၅၀ မှာ ဘလယ့်ဒို ကျေးရွာအတွက် ပေးအပ်ခဲ့ကြောင်းနှင့် ဒေသခံတချို့သာ လက်ခံ ယူခဲ့ကြောင်းလည်း အဆိုပါ ဒေသခံ တာဝန်ရှိသူက ဆက်ပြောသည်။

သေ့ဘောဘိုးကျေးရွာကို စစ်ကောင်စီမှ ဝင်ရောက် ထိန်းချုပ်လိုက်ပြီးနောက် ၎င်းဒေသခံ စစ်ရှောင်များ နေရပ်ပြန်နိုင်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က စစ်ကောင်စီဘက်မှ လိုက်လံ ကြေငြာခဲ့ သော်လည်း စစ်ရှောင်များမှာ မပြန်ကြသေးဘဲ DKBA တပ်ဖွဲ့ဝင်များက နေရပ်ပြန်နိုင်ကြောင်း ထပ်မံလိုက်ကြေညာချိန်မှ ဒေသခံတချို့ ပြန်ဝင်လာကြကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် ဒေသခံများအနေဖြင့် ကျေးရွာအတွင်း ပြန်ဝင်လာကြသော်လည်း တချို့မှာ နေအိမ်တွင် ပြန်နေထိုင်ကြ ခြင်းမျိုးမဟုတ်သေးဘဲ ၎င်းတို့ စိုက်ပျိုးထားသည့် ပြောင်း၊ စပါးများကို ပြန်လည်ရိတ်သိမ်းကြခြင်းသာဖြစ်ကြောင်းလည်း ဒေသခံ တချို့ကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း သေ့ဘောဘိုး စစ်ဘေးရှောင်များကို နေအိမ်ပြန်ပို့ ပေးနေကြောင်း သေ့ဘောဘိုး ဒေသခံမဟုတ်သူများကို ခေါ်ယူအသုံးပြု၍ စစ်ကောင်စီပိုင် သတင်းမီဒီယာများတွင် ဝါဒဖြန့် သတင်း ထုတ်ပြန်ခဲ့သေးသည်။

အလားတူ ယမန်နေ့က ဆန်အိတ်များ လာရောက်လှူဒါန်ပေးရာတွင်လည်း ဒေသခံများကို ကိုဗစ် ကာကွယ်ဆေး ထိုးပေးနေကြောင်း ရုပ်သံ၊ ဓါတ်ပုံများ ရိုက်ယူခဲ့သော်လည်း အမှန်တကယ် ဒေသခံများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့ကြခြင်းမဟုတ်ကြောင်းလည်း ခိုင်လုံသည့် ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီနှင့် DKBA၏ ပြန်လည် ခေါ်ယူမှုအပေါ် နေရပ်ပြန်လာသူများရှိသော်လည်း လက်ရှိ သေ့ဘောဘိုး ကျေးရွာအတွင်း စစ်ကောင်စီများရာနှင့်ချီ၍ ဝင်ရောက်နေခြင်းကြောင့် လုံခြုံရေး အရ ပြန်လည် ဝင်ရောက်နေထိုင်းခြင်းမပြုသည့် ဒေသခံ စစ်ဘေးရှောင်အများအပြားလည်း သောင်ရင်းမြစ်နံဘေးတွင် ဆက်လက် စစ်ရှောင်နေကြဆဲဖြစ်သည်။

စစ်ကောင်စီ အနေဖြင့် ဥကရစ်ထ စခန်းမှနေ၍ သေ့ဘောဘိုး၊ ဝေါလေ လမ်းပိုင်းတစ်လျှောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီး လမ်းပိုင်းထိန်းချုပ်နိုင်ရန် လပေါင်းများစွာ ကြိုးပမ်းခဲ့ပြီး နယ်မြေခံ Cobra စစ်ကြောင်းနှင့် နေ့စဉ် နီးပါး တိုက်ပွဲ ဖြစ်ပွားနေကာ စစ်ကောင်စီဘက်မှ ပိုမိုအထိနာခဲ့ခြင်းကြောင့် လေကြောင်း ပစ်ကူများပါ အသုံးပြုခဲ့ရသည်။

လက်ရှိတွင် အဆိုပါ ဒေသတွင် နှစ်ဖက်တိုက်ပွဲများ မဖြစ်ပွားသေးသော်လည်း လေးကေကော်ဘက်တွင် ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲများ ဆက်ဖြစ်နေပြီး ကော့ကရိတ်မြို့ အနီးအနားဘက်တွင်လည်း ပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောစကားအရ သိရသည်။