Home သတင်း ငါးဈေးကွက် မတည်ငြိမ်၍ ပိုင်ကျုံရှိ ဒေါ်လမ်းဒေသမှ ငါးဖမ်းလုပ်သားများ စားဝတ်နေ ရေး အဆင်မပြေ

ငါးဈေးကွက် မတည်ငြိမ်၍ ပိုင်ကျုံရှိ ဒေါ်လမ်းဒေသမှ ငါးဖမ်းလုပ်သားများ စားဝတ်နေ ရေး အဆင်မပြေ

1716

ဒီဇင်ဘာလ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ငါးဖမ်းရှာသည့် လုပ်ငန်းကိုသာ အဓိက အသက်မွေးဝမ်းကျောင်းပြုကြသည့် ကရင်ပြည် နယ်၊ ပိုင်ကျုံမြို့နယ်ရှိ ဒေါ်လမ်းဒေသမှ ငါးဖမ်းလုပ်သားများသည် လက်ရှိ ငါးဈေးကွက် မတည်ငြိမ်၍ ဝင်ငွေအဆင်မပြေကြတော့ဘဲ စားဝတ်နေရေးကြပ်တည်းလာသည်ဟု သိရသည်။

ငါးဒိုင်ကြီးများသည် ဒေသထွက်ငါးများကို ဈေးနှိမ်ဝယ်ခြင်း၊ ဈေးကစားခြင်း တို့ကြုံတွေ့နေရသောကြောင့် ငါးဖမ်းလုပ်သားများအနေဖြင့် ၎င်းတို့ရှာဖွေကြ သည့်ငါးများကို ပြန်လည်ရောင်းချရာတွင် အဆင်မပြေမှုများရှိလာသည်ဟု ဒေါ်လမ်းဒေသခံများက ပြောဆိုကြသည်။

စစ်အာဏာမသိမ်းခင်တွင် အဆိုပါ ဒေါ်လမ်းဒေသခံများသည် ၎င်းတို့ ရှာဖွေရရှိထားသည့် ငါးများကို ငါးဒိုင်များထံသို့ ကာလပေါက်ဈေးအတိုင်းရရှိ၍ အဆင်ပြေခဲ့ကြသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း၌ ငွေကြေး ဖေါင်းပွခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်လာခြင်း၊ စက်သုံးဆီဈေးနှုန်းတက်ခြင်းနှင့် ငါးအဝယ်ဒိုင်များက ငါးဈေးကို လိုသလို ဈေးကစားပြီး ၎င်းတို့ ပေးသည့်ဈေးနှင့်သာ ရောင်းချနေရသည်ဟု ငါးဖမ်းလုပ်သားတစ်ဦးက ပြော သည်။

ငါးဖမ်းလုပ်သား ကိုထိုက်ကြီးက “ဈေးကတော့ ငါးတွေဖမ်းလို့များများရတဲ့ အချိန် ဆို ဈေးကစားခံရတာပေါ့ဗျာ၊ ဒိုင်ကြီးတွေက ငါးဈေးတွေ ကို လျှော့ချပစ် လိုက်ရင် အကုန်အခက်အခဲဖြစ်တော့တာပဲ၊ ငါးရှာတဲ့သူတွေအတွက် ကလည်း ရောင်းမှပဲရမှာကိုဗျာ၊ မရောင်းနိုင်ရင်လည်း ငါးတွေ ပုပ်သွားမှာ ပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုဒေါ်လမ်းဒေသခံအများစုသည် ငါးဖမ်းရှာသည့် လုပ်ငန်းတစ်ခုကိုသာ အဓိက လုပ်ကိုင်နေကြသဖြင့် ယခု ငါးဈေးမတည်ငြိမ်မှုကြောင့် စားဝတ်နေရေးအခက်ခဲများ ဖြစ်ပေါ်လာ၍ ငါးဖမ်းရှာသည့် လုပ်ငန်းအပြင် တစ်ခြားအလုပ်များကိုလည်း ရှာဖွေလုပ်ကိုင်ကြရသည့်အခြေအနေဖြစ်လာသည်ဟု သိရသည်။

“ငါးမရတဲ့နေ့တွေမှာဆိုရင်တော့ စားစရိတ်ကုန်တာပေါ့၊ ငါးဖမ်းလို့အဆင်မပြေရင် တော့ ကျနော်တို့ နေ့စားအလုပ်တွေ ဒီလိုပဲဝင်လုပ်ကြတာပေါ့” ဟု ငါးဖမ်းလုပ် သက် ဆယ်နှစ်ကျော်ရှိတဲ့ ဦးရဲမင်းက ပြောသည်။

၎င်းဒေါ်လမ်းဒေသအများစုသည် ခေတ်အဆက်ဆက်မှ လှိုင်းဘွဲမြစ်ကို အခြေခံပြီး ငါးဖမ်း ရှာသည့် လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေကြသူများဖြစ်ကြသည်။ ထိုမြစ်တွင် ပုဇွန်၊ ငါးရံ့၊ ငါးဖယ်၊ ငါးကြင်းနှင့် ငါးဘတ် စသည့် ငါးများကို ရှာဖွေရရှိကြသည်။

လက်ရှိတွင် ဖောက်သည်ဈေးအနေဖြင့် ငါးဘတ်တစ်ပိဿာကို ကျပ်တစ်သောင်းကျော်ရှိသော်လည်း ငါးဒိုင်များက ကျပ် ၇ဝဝဝ မှ ၈ဝဝဝ ခန့် သာ ပေးဝယ်ကြသည်။ ငါးရှာမရသည့်ရက်များတွင် စက်သုံးဆီဈေးနှုန်းများလည်း တက်နေသောကြောင့် ငါးဖမ်းစက်လှေထွက်ရန် အဆင်မပြေကြောင်းလည်း ဒေသခံများ က ပြောသည်။