Home သတင်း ကရင်အလံ နှစ်ထောင်ကျော် ပေးဝေသွားနိုင်ရန် ဧရာဝတီတိုင်း ကရင်လူငယ်များ စည်းရုံး လှုံ့ဆော်

ကရင်အလံ နှစ်ထောင်ကျော် ပေးဝေသွားနိုင်ရန် ဧရာဝတီတိုင်း ကရင်လူငယ်များ စည်းရုံး လှုံ့ဆော်

1299

ဒီဇင်ဘာ ၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်နှစ် ၂၇၆၂ နှစ်တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အားလုံးတွင် ကရင်အမျိုးသား အလံတော်ပေါင်းနှစ်ထောင်ကျော်ကို ပေးဝေသွားနိုင်ရန် ဧရာဝတီတိုင်း ကရင်လူငယ် များမှ ဦးဆောင်၍ စည်းရုံးလှုံ့ဆော်မှု(Campaign) တစ်ခု ပြုလုပ်နေကြောင်း စီစဉ်ဆောင် ရွက်သူများက ပြောသည်။

ကရင်နှစ်သစ်ကူးနေ့ကို အကြောင်းပြု၍ အမျိုးသားရေး စိတ်ဓာတ် ရှင်သန်နိုးကြား လာစေရန်၊ ကရင်အမျိုးသား အလံတော်ကို လေးစားတန်ဖိုး ထားတတ်စေရန်၊ ရိုးရာဓလေ့ များကို ထိန်းသိမ်းမြှင့်တင်နိုင်ရန်နှင့် ကရင်အမျိုးသားအလံတော်အား ကြိုတင်လွှင့်ထူနိုင် စေရန်အတွက်ရည်ရွယ်ပြီး လာမည့် ကရင်နှစ် ၂၇၆၂ ခုနှစ်အထိမ်းအမှတ်အဖြစ် ကရင်အ မျိုးသားအလံတော် (၂၇၆၂) ခုကို ပေးဝေသွားမည်ဖြစ်ကြောင်း ဦးဆောင် စီစဉ်နေသည့် ကရင်လူငယ်တစ်ဦးက ယခုလို ပြောသည်။

“ဒီ Campaign ကို ပြုလုပ်ရတဲ့ အဓိက မျှော်မှန်းချက်က ဧရာဝတီမှာရှိတဲ့ ကရင်လူထုတွေကို ကရင်အမျိုးသားအလံ မျှဝေတဲ့နေရာမှာ အမျိုးသားရေး စိတ်ဓါတ် အဓိက ပိုမိုနိုးကြားပြီးတော့မှ အမျိုးသားလွတ်မြောက်ရေးနဲ့ အမျိုးသားတန်းတူရေး အတွက် အမျိုးသားအလံတော်ကို ပိုမို ချစ်မြတ်နိုးတတ်ပြီးတော့ အမျိုးသားအလံတော် အပေါ်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပိုမို လိုက်နာလာနိုင်ဖို့အတွက် ကျနော်တို့ လုပ်ဆောင်ရ ခြင်းဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုလို ပြုလုပ်သည့် Campaign တွင်လည်း ပြည်တွင်း ပြည်ပရောက် ကရင်အမျိုးသားအားလုံး စုပေါင်းပါဝင်နိုင်ရန်လည်း အဓိက ရည်ရွယ်ထားသလို ပေးဝေသွားရန် စီစဉ်နေသည့် ကရင်အမျိုးသားအလံတော်အတွက်လည်း စေတနာရှိသမျှ ပါဝင်သွားကြရန်လည်း အဆိုပါ ကရင်လူငယ်က ဆက်လက် တိုက်တွန်းပြောဆိုခဲ့သည်။

၎င်း Campaign ပြုလုပ်ခြင်းကို ဒီဇင်ဘာလ ၃ ရက်မှ စ၍ လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပါဝင်လှူဒါန်းလိုသူများအနေဖြင့် Ayeyarwady Karen Youth Facebook စာမျက်နှာမှတဆင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်းလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

လက်ရှိ ပြုလုပ်သည့် Campaign တွင်လည်း ကရင်အမျိုးသားများသာ မကဘဲ ကရင်အမျိုးသားကို အသိအမှတ် ပြုထားသည့် မည်သည့် လူမျိုးတိုင်းရင်းသားများမဆို ပါဝင်နိုင်ကြောင်းနှင့် ပါဝင်သွားရန်လည်း ထိုလူငယ်များက ဖိတ်ခေါ်ထားသည်။