Home သတင်း တိုက်ပွဲကြောင့် သီပေါမြို့နယ်တွင် ဒေသခံ ၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

တိုက်ပွဲကြောင့် သီပေါမြို့နယ်တွင် ဒေသခံ ၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

771
Photo-SHRF

ဒီဇင်ဘာ ၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အရှေ့ဘက် မန္တလေး-မူဆယ်လမ်းမကြီးပေါ်ရှိ ကုန်းသာကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ(၂၅)ရက်နေ့က စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)တပ်ဖွဲ့တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ်ကြောင့် ဒေသခံ ၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ဒီဇင်ဘာလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကုန်းသာကျေးရွာနှင့် ၃ ကီလိုမီတာခန့်အကွာရှိ ခိုလုံတံတားတွင် တပ်စွဲထားသော လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ် ခလရ ၆၈ နှင့် သီပေါမြို့အခြေစိုက်တပ် ခလရ ၂၃ တပ်တို့ ပူးပေါင်း၍ ကုန်းသာရွာရှိ SSPP/SSA တပ်ဖွဲ့အား ပစ်မှတ်ထားတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဘက်က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကုန်းသာကျေးရွာနှင့် အနီးအနားရွာများဖြစ်သည့် နောင်အန်၊ ကုန်းပျဉ်ကျေးရွာများမှ ဒေသခံများသည် သီပေါမြို့ပေါ်နှင့်နီးစပ်ရာကျေးရွာရှိ ဘုရားကျောင်းနှင့်ဘုန်းကြီး ကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ထိုသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်အင်အား ၈၀ ခန့်ရှိ အဆိုပါ စစ်ကောင်စီတပ်များသည် ကုန်းသာကျေးရွာ စာသင်ကျောင်းတွင် တပတ်ကြာတပ်စွဲနေထိုင်ခဲ့သေးသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကုန်းသာကျေးရွာသားတစ်ဦးက “စာသင်ကျောင်းမှာ တစ်ပတ်လောက်တပ်စွဲသွားတယ်။ ကလေးတွေ ကျောင်းပြန်တက်လို့ရအောင် ရွာလူကြီးတွေကတောင်းဆိုတော့ လက်ရှိမှာ စေတီကုန်း(အန္တရာယ်ကုန်း)ကို ပြောင်းသွားကြတာ (၃)ရက်လောက်ရှိပြီ။ ကလေးတွေကတော့ ဒီနေ့အထိ ကျောင်းမတက်ချင်ကြတော့ဘူး။ ကျနော့်အိမ်မှာလည်း ကလေး(၆) ယောက်ကျောင်းတက်တယ်လေ။ ကျောင်းမှာဆရာမတွေစောင့်နေပေမယ့် ကလေးတွေကတော့ ကျောင်းမသွားကြတော့ဘူး။ တချို့မိဘတွေကလည်း ကျောင်းမတက်စေချင်တော့တာလည်းရှိတယ်။ ကျောင်းတက်တဲ့လူက ဆယ်ယောက်တောင်မပြည့်ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ရွာအတွင်းရှိ နေအိမ်(၁၄)လုံးထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံရွာသူရွာသားများမှာ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Photo-SHRF

” တိုက်ပွဲဖြစ်တုန်းက ရှမ်းနှစ်သစ်ကူးပွဲသိမ်းချိန်ဆိုတော့ ရွာခံတော်တော်များများ ဘုန်းကြီးကျောင်းရောက်နေလို့ မဟုတ်ရင် တိုက်ပွဲဖြစ်တဲ့နေရာက လူနေထူထပ်တော့ ရွာခံတွေ ထိခိုက်ဖို့အလားအလာများနိုင်ပါတယ်။ အခုတော့ စပါးသိမ်းချိန်မို့လို့ စပါးသိမ်းဖို့ စစ်ရှောင်တွေ ကြောက်ကြောက်နဲ့အိမ်ပြန်သွားပြီ။ ကျမတို့ စာရင်းအတိအကျ ကောက်လို့မရသေးပေမယ့် ရွာခံတွေစစ်ရှောင်နေတုန်းက နေအိမ်မှာရှိတဲ့ပစ္စည်းတွေမွှေ နှောက်အရှာခံထား ရတာတို့ ပျောက်ဆုံးတာတို့တွေရှိတယ်။ တံခါးတွေ၊ ဆိုင်ကယ်တွေကိုလည်း ဖျက်ဆီးသွားတယ်၊ ပြီးတော့ စပါးခြွေတဲ့စက်ထဲကို ဘာအရည်တွေမှန်းမသိ လောင်းထည့်သွားတာလည်းရှိတယ်လို့ကြားရတယ်။” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောသည်။

SSPP/SSA နှင့် စစ်ကောင်စီတို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမဖြစ်ပွားခင် နိုဝင်ဘာလ (၂၂) ရက်နေ့မှစပြီး ယခုအချိန်အထိ သီပေါမြို့ပေါ်နှင့်ကျေးရွာများတွင် တစ်နေ့တစ်ကြိမ်ထက်မနည်း ညဘက်တွင်သာမက နေ့ဘက်များတွင်ပါ စစ်ကောင်စီမှ လေယာဉ်ပျံဝဲမှုများရှိလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ သိရသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)ကို ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ‌စောင့်ကြည့်‌လေ့လာရန်နှင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရသူများကို တရားမျှတခွင့် ပြန်လည်ရရှိ‌ရေး၊ ဒီမိုက‌ရေစီ‌ဖော်‌ဆောင်‌ရေး၊ သဟဇာတရှိ‌ရေး၊ တန်းတူညီမျှရှိ‌ရေးတို့အတွက် လှုပ်ရှား‌ဆောင်ရွက်ရန်ရည်ရွယ်ပြီး ၁၉၉ဝခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံနှင့်ရှမ်းပြည် နယ်စပ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် ရှမ်းပြည်နယ်အတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့်ပတ်သက်၍ မှတ်တမ်းတင်ပြုစုခြင်း၊ စာရွက်စာတမ်းထုတ်ဝေခြင်းများအား လုပ်ဆောင်လျက်ရှိသည်။