ဒီဇင်ဘာ ၃ဝ ရက်၊ ၂ဝ၂၂ ခုနှစ်။ ကေအိုင်စီ
မွန်လူငယ်များ မိမိတို့၏ ဇာတိသွေး ဇာတိမာန်ထုတ်ဖော်ကြရန်နှင့် မွန်အမျိုးသားနိုင်ငံရေးတွင် အတူ တကွ ပါဝင်လုပ်ဆောင်ကြရန် ဒီဇင်ဘာ ၂၈ ရက်နေ့က မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ထားဝယ်ခရိုင် ရေးမြို့နယ် ဝယ်ဇင်ကျေးရွာတွင် ကျင်းပပြုလုပ်သွားသည့် ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားတွင် လူငယ်ခေါင်းဆောင်များက တိုက်တွန်းပြောဆိုသည်။
မွန်စာပေ သမိုင်းနှင့် ယဉ်ကျေးမှုကဏ္ဍများအား ဖော်ထုတ်မြှင့်တင်ကြပြီး လူငယ်များအချင်းချင်း ချစ်ကြည် ရင်းနှီးမှု ရရှိလာစေရန်နှင့် မိမိတို့၏ အမျိုးသားနိုင်ငံရေးတွင် အတူတကွဝိုင်းဝန်း လုပ်ဆောင်သွားကြရန် မွန်လူငယ်နေ့ အခမ်းအနား ဦးဆောင်ကျင်းပသူ Mon Youth Forum အဖွဲ့ အတွင်းရေးမှူး နိုင်မရိုချမ်းက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကေအိုင်စီ သို့ပြောသည်။
“ မွန်လူငယ်တွေအားလုံး စုစုစည်းစည်းနဲ့ ဇာတိသွေး ဇာတိမာန်ပြဖို့ရယ်၊ အမျိုးသားနိုင်ငံရေးမှာ ပံ့ပိုးနိုင်ဖို့အတွက် လူငယ်တွေစုစည်းပြီး ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါတယ်။ မွန်စာပေယဉ်ကျေးမှု သမိုင်း ဆိုင်ရာတွေ လူငယ်တွေအချင်းချင်း ဆွေးနွေးဖလှယ်ဖြစ်ကြတယ်။ အခြေအနေကြောင့် နိုင်ငံရေး စကားဝိုင်းတော့ မလုပ်နိုင်ကြဘူးပေါ့နော်။ ပြည်တွင်း ပြည်ပမှာရှိတဲ့ မွန်လူငယ်တွေအားလုံး အမျိုးသား အရေးမှာ အတူတကွဆောင်ရွက်ကြဖို့ ပြောချင်တယ်” ဟု နိုင်ပရိုချမ်းက တိုက်တွန်းပြောဆိုသည်။
မွန်လူငယ်နေ့အခမ်းအနားတွင် လူငယ်ဘင်ခရာအဖွဲ့မှ အလံတော်အား ချီတက်သယ်ဆောင်ကာ စုပေါင်းအလေး ပြုကြပြီး မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာ၊ ရေးမြို့နယ် ကိုရင်လေးဆရာတော်နှင့် အခြားမွန်အမျိုးသားရေး ခေါင်းဆောင်များမှ တက်ရောက်မိန့်ခွန်းပြောကြားခုဲ့ကြသည်။ ထို့အပြင် လူငယ်ခေါင်းဆောင်အသီးသီးမှ မွန်လူငယ်နေ့ သဝဏ်လွှာများ ဖတ်ကြားခဲ့ကြပြီး စကားရည်လုပြိုင်ပွဲ ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ယဉ်ကျေးမှုကဏ္ဍများ ထည့်သွင်း ကျင်းပသွားကြောင်း အခမ်းအနားကျင်းပရေး တာဝန်ရှိသူများထံမှ သိရသည်။

မွန်ပြည်နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး နိုင်ကြည်ဇော်လွင်က “ လူအင်အားတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ စုစည်းမှုတွေလည်း ရှိစေချင်ပါတယ်။ တိုင်းပြည်ရဲ့ လူငယ်ထုတွေ နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်အသက်တွေစတေးပြီး စစ်အာဏာရှင်ကို တော်လှန်နေဆဲကာလ ဖြစ်တာမို့ သတိပြုဖို့ လိုပါတယ်။ အတူတကွဖက်ဒရယ် တည်ဆောက်မယ်ဆိုရင် အခြားသူတွေရဲ့ ဒုက္ခတွေကို လည်း နားလည်ပေးဖို့ လိုပါတယ်။ ဒါမှသာလျှင် အနှစ်သာရရှိတဲ့ လူငယ်တွေရဲ့ ရပ်တည်ချက်ကို မြင်ရမှာ ဖြစ်ပါတယ်” ဟု ကေအိုင်စီ သို့ပြောသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးအကြိုခေတ် ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မော်လမြိုင်မြို့ ကျိုက် သုတ်ဘုရား ရင်ပြင်တောင်ပေါ်တွင် ပထမဆုံးအကြိမ် မွန်လူငယ်ညီလာခံ ကျင်းပခဲ့သည့် ထိုနေ့ကို အစွဲပြုကာ မွန်လူငယ်နေ့အဖြစ် သတ်မှတ်လာခဲ့ကြသည်။ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး အခြေအနေများကြောင့် ယခင်နှစ်က မွန်လူငယ်နေ့အခမ်းအနားကို အကျဉ်းချုပ်ဖြင့်သာ ကျင်းပနိုင်ခဲ့ကြသည်ဟု လူငယ်ခေါင်းဆောင်များထံမှ သိရသည်။



















