နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် နိုဝင်ဘာလ (၉)ရက်နေ့ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်များပစ်ခတ်မှုကြောင့် ရှောင်တိမ်းကြရသော ရပ်ကွက်တွင်းနေထိုင်သူများ၏ နေအိမ်အတွင်းရှိ ပစ္စည်းများ ခိုးယူဖျက်ဆီးခြင်းခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၉)ရက်နေ့ နံနက်(၄)နာရီအချိန်တွင် သံတောင်ကြီးမြို့၊ (၁) ရပ်ကွက်ရှိ ဘုရင့်နောင်စစ်သင်တန်းကျောင်း၏ လုံခြုံရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ရပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် ရပ်ကွက်နေပြည်သူ ၃၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။
အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးကျရောက်၍ နေအိမ်တစ်လုံးမီး လောင်ပျက်စီးသွားပြီး စစ်တပ်က ရပ်ကွက်အတွင်း နေအိမ်တံခါးများကို ဖျက်ဆီး၍ အိမ်အတွင်းမှ ပစ္စည်းများအားမွှေနှောက်ရှာဖွေကာ ပိုက်ဆံနှင့်ရွှေထည်ပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသတွင်းနေထိုင်သူတစ်ဦးက ယခုလိုပြောသည်။
” ပစ်ခတ်မှုတွေဖြစ်လို့ အိမ်ပြန်မနေရဲဘဲရှောင်တိမ်းနေရတာ အယောက် (၃၀၀) လောက်ရှိနေပါပြီ။ စစ်တပ်ကတော့ ပြန်လာနေလို့ရတယ်ပြောပေမဲ့ ဘယ်သူမှပြန် မနေရဲကြလို့ ကိုယ့်ဆွေမျိုးနီးစပ်ရာတွေမှာ သွားနေရတယ်ပေါ့နော်။ ကျမတို့ပစ္စည်း ယူဖို့ခဏပြန်တာ အိမ်တွေထဲကိုဝင်မွှေထားတာတွေ့တယ်။ ပိုက်ဆံနဲ့ရွှေ လက်စွပ်တွေ လည်းပါသွားတယ်။ အခုလောလောဆယ် အဲ့ဒီစခန်းကိုသွားတဲ့လမ်းကိုပိတ်ထားပါတယ်။ ဘယ်သူမှပေးမဖြတ်ပါဘူး။ တွေ့တာနဲ့ပစ်မယ်လို့ပြောတယ်။” ဟု ၎င်းက ဆိုသည်။
ယခု နောက်ဆုံးရရှိထားသော သတင်းများအရ သံတောင်ကြီးမြို့တွင် ဆန်အိတ်များ ဝယ်ယူတင်ဆောင်လာကြသော ဒေသခံကားများအား မြို့တွင်းသို့ဖြတ်သန်းခွင့်မပြုဘဲ မြို့အဝင်အထွက်ဂိတ်တွင် ရပ်နားခိုင်းထားပြီး စစ်တပ်မှညနေငါးနာရီကျော်လျှင် အိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း မြို့တွင်းနေထိုင်သူများက ကေအိုင်စီသို့ ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း သံတောင်ကြီးမြို့တွင် ယခုကဲ့သို့ မြို့တွင်း ပစ်ခတ်မှုဖြစ်ပွား၍ ဒေသခံများ နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။



















