Home သတင်း ASEAN အဖွဲ့ဝင်နိုင်ငံများသို့ အချက် (၉)ချက်ပါ တိုက်တွန်းချက် NUCC ပေးပို့

ASEAN အဖွဲ့ဝင်နိုင်ငံများသို့ အချက် (၉)ချက်ပါ တိုက်တွန်းချက် NUCC ပေးပို့

1375

နိုဝင်ဘာလ ၁၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

အရှေ့တောင်အာရှနိုင်ငံများအသင်း -ASEAN အဖွဲ့ဝင်နိုင်ငံများသို့ အချက် (၉)ချက်ပါရှိသော တိုက်တွန်းချက်အား ယမန်နေ့ နိုဝင်ဘာလ (၉)ရက်နေ့စွဲဖြင့် ပေးပို့ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ၎င်းတို့၏ လူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများသည် အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ရပ်ပါ အချက်အလက်များအပြင် လူ့အခွင့် အရေးနှင့်ဒီမိုကရေစီဖော်ဆောင်ရေး၊ ဒေသတွင်းငြိမ်းချမ်းရေးကိုပါ ချိုးဖောက်နေ၍ အဆိုပါတိုက်တွန်းချက်အား ပေးပို့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUCC ၏ အဖွဲ့ဝင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၏ ဥက္ကဌ ခွန်မြင့်ထွန်းက “အာဆီယံရဲ့သဘော တူညီချက်(၅)ရပ်က လက်တွေ့မကျဘူး။ ပြောရရင် အားလုံးပါဝင်ရေးမူကို အခြေခံပြီးလုပ်နေတာဆိုပေမယ့် သမ္မတကြီးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကစလို့ နိုင်ငံရေးအကျဉ်းသားတွေကို ထိန်းသိမ်းထားတာ အဲဒီသဘောတူညီချက်(၅)ရပ်ထဲမှာ မပါဘူး။ ဒါဟာအလုပ်မ ဖြစ်ဘူးဆိုတာ အာဆီယံလည်းသိတယ်။ ဆိုတော့ အာဆီယံအနေနဲ့ မြန်မာ့အရေးကိုဝိုင်းဝန်းဖြေရှင်းတဲ့အနေနဲ့ချည်းကပ်တဲ့နေရာမှာ ပုံစံအသစ်နဲ့လုပ်ဖို့လိုတယ်။ ဒီသဘောတူညီချက်(၅)ရပ်ကို ကျော်လွန်ပြီးလုပ်ဖို့လိုတယ်။ ကျနော်တို့ ဒါကိုအဓိကထားတိုက်တွန်းတာပါ။”ဟု ပြောသည်။

အဆိုပါ တိုက်တွန်းချက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်သူလူထုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီးဖြစ်သည့်အတွက် ၎င်းကိုအသုံးပြု၍ ချဉ်းကပ်ခြင်းမလုပ်ကြရန်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုဆန့်ကျင်ပြီး မတရားအာဏာသိမ်းယူထားသော စစ်ကောင်စီအား နိုင်ငံတော်ပုန်ကန်မှုနှင့် ရာဇဝတ်မှုကျူးလွန်သူများအဖြစ် အမြင်သဘောထားရှိရန် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အနာဂတ်အရေးတွင် စစ်တပ်ပါဝင်မှုမရှိစေရန်နှင့် မြန်မာပြည်သူလူထု၏ လိုလားချက်ကို အလေးထား၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ရှေးရှုကာ အခြေခံရန်လိုအပ်ကြောင်း တိုက်တွန်းထားသည်။

အဖွဲ့ဝင်နိုင်ငံများမှ စစ်ကောင်စီ၏ နိုင်ငံရေးတရားဝင်ရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရန် ကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲအား တရားဝင်အဖြစ် အသိအမှတ်မပြုရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူ ထောင်ရန်ရည်ရွယ်၍ ထားရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေငြာစာတမ်း၊ ပဋိညာဉ်အစိတ် အပိုင်းနှင့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကိုအကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (၁၂)ချက်အား အလေးအနက်ထားစေလိုကြောင်း တိုက်တွန်းချက်တွင်ပါရှိသည်။

ဆက်လက်၍ အာဆီယံနိုင်ငံများအနေဖြင့် လူသားချင်းစာထောက်ထားမှု အကူအညီများပေးရာတွင် စစ်ကောင်စီအတွက် အထောက်အပံ့မဖြစ်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်းများ-EROs၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ဒေသခံအရပ်ဖက်အဖွဲ့အစည်းများမှတဆင့် အမှန်တကယ် အကူအညီလိုအပ်နေသော ပြည်သူလူထုထံရောက်ရှိရန် အလေးထားပေးစေလိုကြောင်းနှင့် မြန်မာ့အရေးတွင် အာဆီယံနိုင်ငံအားလုံး တညီတညွတ်တည်း ပါဝင်ပေးစေလိုကြောင်း တိုက်တွန်းထားသည်။

စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ စစ်ရှောင်များနှင့်ဒုက္ခသည်များအား အကာအကွယ်ပေးရန်၊ မြန်မာနိုင်ငံသို့ အတင်းအကြပ်ပြန်ပို့ခြင်းမပြုရန်နှင့် မြန်မာပြည်သူလူထုကို ကိုယ်စားပြုသည့် NUCC, NUG, CRPH တို့အား အာစီယံအနေဖြင့် တရားဝင်ဆက်ဆံရန်လည်း NUCC တိုက်တွန်းထားသည်။

“အာဆီယံအဖွဲ့ဝင်နိုင်ငံတော်တော်များများက စစ်ကောင်စီနဲ့အလုပ်မဖြစ်ဘူးဆိုတာသိနေပြီဖြစ်တဲ့အတွက် လူထုကိုကိုယ်စားပြုတဲ့ NUG, NUCC, CRPH တို့နဲ့လည်း ထဲထဲဝင်ဝင်ဆွေးနွေးဖို့လိုပါတယ်။ နောက်ပြီး စစ်ကောင်စီရဲ့လုပ်ရပ်တွေက ဒေသတွင်းလုံခြုံရေးကိုပါ ခြိမ်းခြောက်လာတယ်။ အာဆီယံရဲ့သိက္ခာလည်းကျ တယ်ပေါ့။ ကျနော်တို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီအနေနဲ့ရော NUCC အနေနဲ့ပါ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ မျှော်လင့်ပါတယ်၊ တိုက်တွန်းပါတယ်။” ဟု (PNFC)၏ ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။

တစ်ဆက်တည်းတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ လေးရက်ကြာ ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံအတွက် ကိုယ်စားပြုသူမပါဝင်ဘဲ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော်ဖနွမ်းပင်တွင် စတင်ကျင်းပနေပြီဖြစ်သည်။

အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သည် CRPH, EROs, အာဏာသိမ်းမှုကိုဆန့်ကျင် သောနိုင်ငံရေးပါတီများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ CDM တွင်ပါဝင်သူများ၊ သပိတ်ကော်မတီများ၊ တိုင်းရင်းသားများနှင့် ပြည်သူ့အလွှာအသီးသီးမှ အဖွဲ့အစည်းပေါင်း (၂၈)ဖွဲ့ နှင့် ကိုယ်စားလှယ် (၅၆) ဦးဖြင့် ၂၀၂၁ ခုနှစ် မတ်လ (၈) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ကောင်စီတစ်ခုဖြစ်သည်။