Home သတင်း သံလွင်မြစ်တွင်း အသုံးပြုသွားလာမှု အချိန်ကန့်သတ်ကာ ပစ်မိန့်ပေးထားသောကြောင့် ယာကိုင်းစိုက်ပျိုးသူများမသွားမလာရဲဖြစ်နေ

သံလွင်မြစ်တွင်း အသုံးပြုသွားလာမှု အချိန်ကန့်သတ်ကာ ပစ်မိန့်ပေးထားသောကြောင့် ယာကိုင်းစိုက်ပျိုးသူများမသွားမလာရဲဖြစ်နေ

1702

နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့နယ်ရှိ သံလွင်မြစ်အတွင်း လှေ၊ သင်္ဘောများမြစ်ကြောင်း အသုံးပြုသွားလာခွင့်အချိန်ကန့်သတ်ထားကာ ပစ်မိန့်ပေးထားသည့်အတွက် မြစ်ရိုးတစ်လျှောက် ယာခင်းကိုင်းခင်း စိုက်ပျိုးသူများ မသွားမလာရဲဖြစ်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။

သံလွင်မြစ် အသုံးပြုသွားလာနေသည့် လှေ၊ သင်္ဘောများ နံနက် ၆ နာရီ၊ ည ၆ နာရီ ထက်ကျော်လွန်သွားလာပါက ပစ်ခတ်ဖမ်းဆီးမည်ဟူသော သတင်းများကြောင့် မြစ်ဘေးနေ ဒေသကျေးရွာများနှင့် မြစ်လယ်မြေနုကျွန်း ကျေးရွာများတွင် နေထိုင်ကာ ယာခင်း၊ ကိုင်းခင်း စိုက်ပျိုးလုပ်ကိုင်ရောင်းချသူများ လှေဖြင့် ဖားအံမြို့သို့ သွားလာရန် မသွားရဲကြတော့ဘဲ အခက်အခဲကြုံနေကြရကြောင်း ဖားနွဲ့ကျွန်းယာခင်းစိုက်ပျိုးသူက ပြောသည်။

၎င်းက “မြစ်ထဲ မနက် ၆၊ ည ၆ မဖြတ်မောင်းရဆိုတော့ ခက်ကုန်ပြီ၊ ရွာတွေက ယာခင်းတွေ စိုက်ခင်းတွေက ကုန်စိမ်းတွေကို ဖားအံဘက်ကမ်းတက်လာ ရောင်းဖို့က အချိန်မမီဘူးလေ၊ ကိုင်းခူးပြန်ချိန်လည်း မမီသလို ဖားအံကုန်စိမ်းစျေးကြီးကို ပို့ချိန်လည်း လှေနဲ့ မနက်အစောကြီးသွားလို့မရတော့ဘူးဖြစ်ကုန်တယ်၊ စစ်တပ်၊ BGF က ပစ်မယ်၊ ဖမ်းမယ်ပြောသံကြားနေရတာဆိုတော့ကို ယာခင်း၊ ကိုင်းခင်းရှိတဲ့ နေရာတောင် မသွားရဲတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သံလွင်မြစ်အတွင်း နံနက် ၆ နာရီမှ ည ၆ နာရီထက်ကျော်လွန်ကာ လှေ၊ သင်္ဘော၊ သဲ၊ကျောက်စုပ်လှေသမ္မာန်များသွားလာ ဖြတ်သန်းလုပ်ကိုင်ခွင့် ကန့်သတ် ထားသည့်အမိန့်အား နို၀င်ဘာလ ၇ ရက် ပြည်နယ်နေ့ပွဲတော်ရက် မတိုင်မီက စစ်ကောင်စီကျင်းပသည့် ပွဲတော်လုံခြုံရေး အစီအစဉ်အရ ထုတ်ပြန်ကန့်သတ် ထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် အုပ်ချုပ်ရေးတာ၀န်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

“မြစ်ထဲသွားလာတာ အချိန်ကန့်သတ်လိုက်တော့ မြစ်နဲ့အလုပ်လုပ်စားသူတွေ ခက်ကုန်တာပေါ့၊ ကုန်စိမ်းလည်း ပို့မရ၊ ငါးဖမ်းပိုက်ချလည်းလုပ်မရ၊ သဲကျောက်လှေတွေလည်း လုပ်မရဖြစ်ကုန်ပြီ၊ အမိန့်ထုတ်တယ်လို့တော့ သိရတာပဲ။ စာနဲ့ကပ်တာကြေညာတာ၊ မျိုးတော့ မဟုတ်ဘူး၊ အခုက မြစ်ကမ်းဘေးရွာတွေမှာ BGF တို့ PC တို့ စစ်တပ်နဲ့ ရဲတို့ ရေကင်းချထားတော့ ပစ်မယ်၊ ဖမ်းမယ်ဆိုတော့ ဒေသခံတွေ တော်တော်ဒုက္ခရောက်ကုန်ပြီ ”ဟု ဖားအံ ၁၀ အိမ်စုရပ်ကွက်နေထိုင်သူ ယာခင်း စိုက်ပျိုးသူတစ်ဦးက ပြောသည်။

ဖားအံမြို့နယ်အတွင်း သံလွင်မြစ်ဘေး ဝဲ/ယာတစ်လျှောက် ကျေးရွာများဖြစ်သော ထုံးအိုင်၊ ကော့လှိုက်၊ ကော့ကျိုက်၊ ဖားကပ်၊ မြိုင်ကလေး၊ ဆယ်အိမ်စု၊ မုက္ကဒိ၊ ဖားနွဲ့ ကျွန်း၊ မင်းဇီ၊ သိုက်တော၊ မိဇံ၊ ၀တ်ကြီးစသည့် ကျေးရွာများမှ ဒေသခံအများစုသည် နှုံးတင်မြေ နုနေရာများတွင် ယာခင်း၊ ကိုင်းခင်းများစိုက်ပျိုးလျက်ရှိကြသည်။

အဆိုပါ စိုက်ခင်းများမှ စိုက်ပျိုးထားသော သီးနှံ၊ ဟင်းသီးဟင်းရွက်များကို ခူးဆွတ်ပြီးနောက် ဖားအံ သီးနှံကုန်စိမ်းစျေးကွက်သို့ မြစ်ကြောင်းမှ လှေဖြင့်တင်ပို့ရောင်းချကြသကဲ့သို့ ညအချိန်မြစ်အတွင်း ငါဖမ်းပိုက်ချခြင်း၊ သဲကျောက်စုပ်ယူခြင်း၊ ရေမျှောထင်းဆယ်ယူခြင်း၊ ဝါးဖောင်မျှောခြင်း လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။

ထိုသို့ အသက်မွေး၀မ်းကျောင်းပြုကြသည့် ဒေသခံများအား စစ်ကောင်စီမှ မြစ်အတွင်းသွားလာမှု ကန့်သတ်ထားပြီး ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ဆောင်လာမည်ကို ယာကိုင်းစိုက်ပျိုးသူများက စိုးရိမ်နေကြသည်ဟု သိရသည်။