Home သတင်း BGF ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့

BGF ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့

1129
Photo: CJ

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ရှိ မိကရင်ကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးလက်နက်ငယ်များ ရမ်းသမ်းပစ်မှုကြောင့် အနီးအနားတွင် နေထိုင်သည့် ၇နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်း ထန်ဒဏ်ရာရရှိသည်ဟု ဒေသခံထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ်မိန်းကလေးငယ်နှင့် အစ်ကိုဖြစ်သူသည် ပွဲချင်းပြီး သေဆုံးပြီး မိခင်ဖြစ်သူမှာလည်း ပြင်းထန်စွာဒဏ်ရာရရှိကာ အခြားဒေသခံ အမျိုးသားတစ်ဦးသည်လည်း ကမ်းနားတွင် သေနတ်ထိမှန်ကာပွဲချင်းသေဆုံးသွားသည်ဟု ဒေသခံ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် နှစ်ဖက်ထိတွေပစ်ခတ်မှုမရှိဘဲ BGF တပ်ဖွဲ့ဝင်များမှ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ပြီး မိဇံရွာတစ်ဖက်ကမ်းမှ ကမ်းကူးလာသည့် ကားများကိုလည်း ပစ်ခတ်နေခြင်းရှိဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက“အဲဒီနားမှာ ကားတွေကုန်ကူးတဲ့လမ်းရှိတယ်။ BGF တွေပဲ လုပ်စားတယ်။ နှစ်ဖက်ဝေစားမျှစားမတည့်တာလား မသိဘူး။ တော်တော်များများက အဲလိုပဲထင်တယ်။ လူထုတွေရှိတဲ့နေရာမှာပစ်ကြတော့ လူထုတွေထိတာပေါ့။ ကမ်းနားမှာလည်း အိမ်တွေသွားလာတဲ့ လူတွေရှိတာပဲ။”ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာတွင် BGF တပ်ဖွဲ့ဝင်နှင့်နီးစပ်သူများက နယ်စပ်မှလာသည့် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို မိဇံကျေးရွာကမ်းနားမှတစ်ဆင့် တစ်ဖက် မိကရင်ကမ်းနားသို့ လှေကြီးနှင့်ကမ်းကူးကာ ပို့ဆောင်ပေးသည့် လမ်းကြောင်းတစ်နေရာဖြစ်သည်ဟု အခြားဒေသခံတစ်ဦးကလည်း ယခုလို ပြောသည်။

“အခုက သံလွင်တံတားတွေမှာ စစ်ဆေးကြမ်းတော့လိုင်စင်မဲ့ကားတွေက သံလွင်တံ တားဘက်မသွားတော့ဘဲ BGF တွေ အချင်းချင်းလုပ်စားပြီး အဲဒီဘက်လမ်းကြောင်းကို ပြန်ပြီးပြောင်းသုံးတာပေါ့။ စကစတွေလည်း သိတယ်။ အကုန်သိတယ်လုပ်စားတဲ့လမ်းကြောင်းလို့ ပြောလို့ရတယ်။ အဲဒီမှာက BGF ဗိုလ်တွေများတော့ မနေ့က ပစ်တာက ဘယ်ဗိုလ်ရဲ့လူတွေပစ်တာလည်းတော့ မသိရဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က BGFတပ်ဖွဲ့ဝင်များ၏ ရမ်းသမ်းပစ်ခတ်မှုဖြစ်စဉ်တွင် လက်နက်ငယ်များအပါအဝင်လက်နက်ကြီး ၅ လုံးခန့် နှင့်ပစ်ခတ်ခဲ့သည်ဟု အနီးအနားတွင် နေထိုင်သည့် ဒေသခံများက ပြောဆိုသော်လည်း မည်သည့် တပ်ရင်းတပ်ဖွဲ့ကပစ်ခတ်သည်ကို သေချာစုံစမ်းသိရှိနိုင်ခြင်းမရှိသေးပေ။

သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ မိကရင်ကျေးရွာသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ -၁) ၏ ဖားအံမြို့နယ်ထဲတွင်ရှိပြီး ယမန်နေ့ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ BGF တပ်ဖွဲ့ဝင်များ လှုပ်ရှားသည့် နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။