နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခုလအတွင်း မြို့တွင်း လုံခြုံရေးရယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကား၊ ဆိုင်ကယ်များကို စစ်ဆေးမှုများပြုလုပ်ရာတွင် အငှားဆိုင်ကယ် ယာဉ်မောင်းသမားများထံ ငွေညှစ်တောင်းခံမှုများရှိနေကြောင်း ကိုယ်တွေ့ကြုံရသည့် ဆိုင်ကယ် တက္ကစီသမားတချို့က ပြောသည်။
ဖားအံမြို့နယ်အတွင်းရှိ ဘုရားဝင်းကြီးရှေ့၊ ကြာအင်းလမ်းထောင့်၊(အ.ထ.က-၄) ကျောင်းအရှေ့ အစရှိသည့်နေရာများတွင် စစ်ကောင်စီတပ်များက လုံခြုံရေးချထားကာ ကား၊ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းများကို စစ်ဆေးမှုများပြုလုပ်နေပြီး ယာဉ်စည်းကမ်း များနှင့်အညီ ဦးထုပ်လိုင်စင်များ အပြည့်အစုံပါလာသော်လည်း စစ်ကောင်စီတပ် ဖွဲ့ဝင်များက အကြောင်းပြချက်မရှိ တောင်းခံရမှုကြုံတွေ့ခဲ့ရကြောင်း အမည်မဖော်လိုသူ ဆိုင်ကယ်ယာဉ်မောင်း သမားတစ်ဦးက ယခုလို ပြောသည်။
၎င်းက “ဒီလပိုင်းကစပြီး အစစ်အဆေးတော့ပိုများလာတယ်။ စစ်တာကတော့ အရင်က စစ်နေကျဘုရားဝင်းကြီး ကြာအင်းလမ်းထောင့်တို့ (အ.ထ.က-၄) ကျောင်းဘက်တွေမှာ စစ်တယ်။ ဦးက တက္ကစီမောင်းတာ ဒီနေ့မှမဟုတ်ဘူးနေ့တိုင်းပဲ။ မနေ့ကမှဘုရားဝင်း ကြီးထောင့်မှာ သူတို့စစ်တော့ လိုင်စင် ဦးထုပ်တွေ အကုန်ပါလာတယ်။ ဘာအကြောင်းမှ မပြောပဲနဲ့ ပိုက်ဆံ(၃)သောင်းတောင်းတယ်။ မပေးရင်မလွတ်ဘူးဆိုတော့ ပေးလိုက်ရ တယ်လေ”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်၏ မြို့နယ်တချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစဉ် ပြီးခဲ့သည့် လအတွင်း ကော့ကရိတ်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖားအံမြို့ပေါ်တွင် လုံခြုံ ရေး ပိုမိုတင်းကြပ်လာမှုများရှိသလို စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်များလည်း မကြာခဏလာရောက် လည်ပတ်မှုများရှိနေခြင်းကြောင့်လည်း လုံခြုံရေးအကြောင်းပြ စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုလို ငွေညှစ်တောင်းခံရမှုကိုလည်း တခြား အမည်မဖော်လိုသည့် ဆိုင်ကယ် တက္ကစီယာဉ်မောင်းတစ်ဦး ကြုံတွေ့ခဲ့ရကြောင်း ယခုလို ပြောသည်။
“ကျနော်က ၃ ရက်လောက်ရှိပြီး။ (အ.ထ.က-၄) ကျောင်းရှေ့မှာ နှစ်သောင်းပေး လိုက်ရတယ်။ ပစ္စည်းအစုံပါတာကို အနားကပ်ပြီး ပိုက်ဆံတောင်းတာ။ အရင်ကတော့ မီးနီဖြတ်ကူးတာတို့ လိုင်စင်မပါရင်ဘဲ ဒဏ်ရိုက်တာ။ အခုက တမင်သက်သက်ကြီး ငွေတောင်းနေတာလေ။ မိဇံကတက်လာတဲ့ သူငယ်ချင်းတစ်ယောက်လည်း ထိဖူးတယ်” ဟု ကေအိုင်စီ သို့ပြောသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ(၁၆)ရက်နေ့မှစ၍ ဖားအံမြို့၊ သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် အီတလီနိုင်ငံထုတ် X Ray Machine (ဓာတ်မှန်ရိုက်စက်) ခေါ် နည်းပညာအသစ် စကဲန်ဖတ်လို့ရသည့် စက်ပစ္စည်းများကို အသုံးပြုပြီး စစ်ဆေးဆောင် ရွက်မှုများ စတင်လုပ်ဆောင်နေပြီးဖြစ်ကြောင်း ယာဉ်မောင်း များထံမှ သိရသည်။
စစ်အာဏာသိမ်းမှု (၂)နှစ်ခန့် ကြာမြင့်လာပြီးသည့်နောက် ဖားအံမြို့နယ်အတွင်း လူသွားလူလာများသည့်နေရာ၊ မီးပွိုင့်လမ်းဆုံ လမ်းဂွနေရာများတွင် စစ်ကောင်စီ တပ်များသည် ကား၊ ဆိုင်ကယ်လိုင်စင်များကို စစ်ဆေးသည့်အပြင် ဖုန်းထဲတွင် နိုင်ငံရေး နှင့်ပတ်သက်သည့် ဓာတ်ပုံများ၊ စစ်ကောင်စီတပ်ကို ဆန့်ကျင်သည့် ပို့စ်များရှိမရှိကို အချက်အလက်ရှာဖွေစက်ရေးဖုန်းဆော့ဖ်ဝဲလ်များအသုံးပြု စစ်ဆေးမှုများပြုလုပ်ပြီး ပြည်သူများအပေါ် ငွေညှစ်တောင်းခံမှုများမကြာခဏ ပြုလုပ်နေကြောင်းလည်း သိရသည်။



















