Home သတင်း ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး ပြည်သူများပါဝင်ရန် အမျိုးသားနေ့တွင် DYC တိုက်တွန်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး ပြည်သူများပါဝင်ရန် အမျိုးသားနေ့တွင် DYC တိုက်တွန်း

1516

နိုဝင်ဘာ ၁၇ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ယနေ့ကျရောက်သည့် (၁၀၂)နှစ်ပြည့် အမျိုးသားနေ့အတွက် ပေးပို့သည့် ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ သဝဏ်လွှာတွင် အာဏာရှင်စနစ် နိဂုံးချုပ်ပေးနိုင်ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရန်အတွက် ပြည်သူများ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ကြရန် တိုက်တွန်းထားသည်။

ယနေ့ ပြည်သူလူထု ဆင်းရဲဒုက္ခများမှလွတ်မြောက်၍ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးသည် အဓိကကျပြီး အရေးကြီးသည့်တာဝန်တစ်ရပ်ဖြစ်သည့်အပြင် ပြည်သူလူထု၏အာဏာအား မတရားသဖြင့်လုယူနေသည့် ဖက်ဆစ်ဝါဒီများကို တွန်းလှန်၍ ပြည်သူအားလုံးပါဝင်သည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ဖော်ဆောင် ရေးသည် တမျိုးသားလုံးနှင့်ဆိုင်သည့် အမျိုးသားရေးဖြစ်သည်ဟုလည်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

အဆိုပါသဝဏ်လွှာ၏ ဖော်ပြချက်ထဲတွင် Professional Army ဟု ကြွေးကြော်ထားသည့် အကြမ်းဖက်စစ်အုပ်စုသည် လက်တွေ့တွင် Problems Army အဖြစ် ပြည်သူများက သတ်မှတ်ထားပြီး အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည့် လူငယ်လူရွယ်များကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခြင်းဖြင့် စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းသည့် ဖက်ဆစ်စနစ် ကျင့်သုံးလျှက်ရှိနေသည်ဟု ထည့်သွင်းရေးသားထားသည်။

ထို့အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးဟူသည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်တွင် ရေးသားထားသော် လည်း တိုင်းရင်းသားဒေသများသို့ လက်နက်ကြီးငယ်များ ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ် လေကြောင်းသုံးပစ်ခတ်ခြင်းများ၊ သတ်ဖြတ်ခိုးယူခြင်းများ ပြုလုပ်လျှက်ရှိ သည်ဟုလည်း ဒီမိုကရက်တစ်လူငယ်ကောင်စီက ပြောဆိုထားသည်။

အမျိုးသားရေးသည် အမျိုးဘာသာ၊ သာသနာအပေါ် အစွန်းရောက် ယုံကြည်မှု၊ အတ္တဝါဒီ မဟုတ်ဘဲ ပြည်ထောင်စုအတွင်းရှိ ရဟန်းရှင်လူပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်နှင့် လုံခြုံလွတ်လပ်စွာ အသက်ရှင်နေထိုင်ခြင်းတို့ဖြစ်ပြီး အမျိုးသားနေ့၏ အနှစ်သာရသည် ပြည်သူလူထုအား မတရားသည့်နည်းလမ်း၊ မတရား သည့်ဥပဒေ စသည်တို့ဖြင့် ဖိနှိပ်ချုပ်ချယ်မှု၊ အကြမ်းဖက်မှုတို့အား အာဏာဖီဆန် နိုင်ငံရေးအံတုသည့်နေ့လည်းဖြစ်ကြောင်းလည်း ၎င်းသဝဏ်လွှာတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ ထိုနေ့သည် ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအားဖြင့် တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက် ဆန့်ကျင်ခဲ့သည့်နေ့ဖြစ်သည်။