Home သတင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက် လူမှုအဖွဲ့အစည်းခေါင်းဆောင်များနှင့် လူငယ်များ၏ အမြင်သဘောထား ပြောစကားများ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက် လူမှုအဖွဲ့အစည်းခေါင်းဆောင်များနှင့် လူငယ်များ၏ အမြင်သဘောထား ပြောစကားများ

900

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက်
လူမှုအဖွဲ့အစည်းခေါင်းဆောင်များနှင့် လူငယ်များ၏ အမြင်သဘောထား ပြောစကားများ

နိုဝင်ဘာလ ၂၅ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ဖြစ်သည်။ ယခုနှစ် ၂၀၂၂တွင် ကျရောက်သည့် အဆိုပါ နေ့ထူးနေ့မြတ်နှင့်ပတ်သက်၍ လူမှုအသိုင်းအဝိုင်းများထဲမှ လူငယ်မောင်မယ်များနှင့် ခေါင်းဆောင်များ၏ အမြင်သဘောထား ပြောစကားများကို ကေအိုင်စီက စုစည်းဖော်ပြထားသည်။

နန်းအဲသမော့ (ဖားအံမြို့ခံ လူငယ်အမျိုးသမီး)
အကြမ်းဖက်မှုနဲ့ပတ်သက်ရင် ဒေသမှာဆို များသောအားဖြင့် အိမ်တွင်းအကြမ်းဖက်မှုတွေ၊ နည်းပညာဆိုင်ရာအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တွေ့ရလေ့ရှိတယ်။ အိမ်တွင်းအကြမ်းဖက်မှုက အမျိုးသမီးနဲ့ပတ်သက်ပြီး Training တွေ၊ အခွင့်အရေး မရထားတဲ့ တစ်ချို့နယ်ပယ်တွင်းက အိမ်တွင်းအကြမ်းဖက်မှုဟာ အိမ်တွင်းကလူတွေနဲ့ပဲဆိုင်တယ်။ အပြင်ကလူတွေနဲ့ မဆိုင်ဘူး။ အဲ့လိုထင်ကြတာပေါ့နော်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဆို ရင် တချို့ဆို မိန်းကလေးတွေ လမ်းမှာသွားရင် စနောက်တာတို့၊ လိုင်းပေါ်မှာဆိုလည်း အမျိုးသမီးတွေကို သရော်ပြောင်တာတို့ အဲ့လိုတွေလည်း တွေ့ရတယ်။

လက်ရှိကျောင်းမှာဆိုရင် အမျိုးသမီးကော၊ အမျိုးသားကောရှိတယ်။ ဒါပေမဲ့ ကျမတို့ကျောင်းမှာလည်း Gender နဲ့ပတ်သက်ပြီး လူငယ်တွေ သင်ပေးတာ ဖြစ်တဲ့အတွက် ကျား/မ တန်းတူ ညီမျှအောင်၊ သင်တန်းရဲ့ ဘယ် Duty ပဲဖြစ်ဖြစ် ထည့်ပေးထားတယ်။ အမျိုးသမီးမို့လို့ ထမင်းချက်ရတယ်။ အမျိုးသားမို့လို့ ထမင်းမချက်ရဘူးလို့ ကျား/မ ခွဲခြားမှုမရှိအောင် ညီတူညီမျှ တာဝန်ခွဲထားတာရှိတယ်။

ရွာတွေမှာဆိုလည်း တချို့က နည်းနည်းနွဲ့တဲ့လူတွေ ရှိတယ်ပေါ့နော်။ အဲ့လိုနွဲ့တဲ့လူကို ဟဲ့ နင်က ယောကျ်ားလေးဖြစ်ပြီး ဘာဖြစ်လို့ အဲ့တာတွေ လိုက် လုပ်နေတာလဲ ဆိုပြီး ခွဲခြားတာတော့ တွေ့ရတယ်။ အဲ့တာကိုကြည့်ခြင်းအားဖြင့် ခွဲခြားမှုရှိတယ်ပေါ့။ ဒီလိုအကြမ်းဖက်မှုတွေဖြစ်လာပြီးဆိုရင် ကာယကံရှင် ကိုယ်တိုင်ပေါ့။ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ တချို့ဆို ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ခံစားရတာရှိတယ်။ လောကမှာ ငါမရှိမှအေးမယ်ဆိုပြီး ဖြစ်လာ တယ်ပေါ့နော်။ အခုကာလမှာဆိုရင် ပိုဖြစ်လာတယ်လို့မြင်တယ်။ social media ဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ်ပေါ့နော်။ Suicide (မိမိကိုယ်ကို သေကြောင်းကြံမှု) လုပ်တာ တအားများတယ်။ ဟိုတလောတုန်းကမှ ကျမတို့ မြန်မာနိုင်ငံသားပဲ ထိုင်းမှာရောက်တာ ပိုက်ဆံလည်းမရှိဘူး။ ပိုက်ဆံမရှိတော့ တံတားကခုန်ချဖို့ တောင် လုပ်နေတဲ့ အနေအထားပေါ့နော်။ အခုဆို တော်တော်များများ homeless ဖြစ်တာတွေ၊ အဲ့တာကြောင့် ဒီ Suicide ဖြစ်စဉ်ဟာ ပိုပြီးသတိထားရတာပေါ့ နော်။ အဲ့ကြောင့်လည်း Social Media ပေါ်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အများဆုံး လုပ်ပေးရတာ ပေါ်လာတယ်ပေါ့နော်။

အစကတော့ ထမင်းချက်တာဆို ယောကျ်ားလေးနဲ့မဆိုင်ဘူး။ မိန်းကလေးနဲ့ပဲဆိုင်တယ် အဲ့လိုထင်တာတော့ရှိတယ်။ ဒီရောက်တော့ ကျား/မ ခွဲခြားမှု မရှိအောင်၊ အကြမ်းဖက်မှုတွေ မရှိရအောင် တက်ရောက်လာတဲ့ သင်တန်းသားအားလုံးကို သင်ပေးထားတာပေါ့နော်။ သူတို့လည်း ခွဲခြားမှုမရှိအောင် လုပ်ပေး တော့ သူတို့အချင်းချင်းလည်း ပိုပြီး ရင်းနှီးမှုရှိလာတာပေါ့။ ဒီလိုအကြမ်းဖက်မှုမဖြစ်အောင် Manage(စီမံ)လုပ်နေရတာပေါ့။ အခုကာလမှာ တကယ်လို့ အကြမ်း ဖက်မှုနဲ့ကြုံလာရင် တချို့ကဥပဒေပိုင်းဆိုင်ရာသွားဖို့ အခက်တွေ့တာရှိတယ်။ အခု တော်တော်သိသာတယ်။ အရင်ကနဲ့ဆို အခုက ပိုများလာတယ်။ အမျိုးသမီး အကြမ်းဖက်မှု မကဘူး။ လက်ရှိ အာဏာယူနေတဲ့အဖွဲ့တွေက အကြမ်းဖက်မှု အများကြီးလုပ်တာဖြစ်တဲ့အတွက် မပြောရင်တောင် လူတိုင်းကသိလောက်တယ်။ အကြမ်းဖက်မှုနဲ့ပတ်သက်တာ သိသိသာသာကြီးပေါ့နော်။

အမျိုးသမီး အကြမ်းဖက်မှုပပျောက်ဖို့အတွက် အမျိုးသားတွေလည်း လုံးဝကို ပါဝင်ဖို့လိုတယ်။ ဘာဖြစ်လို့ဆို ဒီအိမ်တွင်းအကြမ်းဖက်မှုဟာ အများအား ဖြင့် အမျိုးသားတွေပဲ လုပ်ကြတာများတဲ့အတွက်ပေါ့နော်။ အမျိုးသားတွေကိုယ်တိုင်လည်း သူတို့အရမ်းချစ်တဲ့ သားတွေ၊ သမီးတွေရှိတယ်ပေါ့နော်။ ဒါကြောင့် အမျိုးသားကော အမျိုးသမီးကော အတူတူ ညီတူညီမျှပါဝင်ဖို့ လိုတယ်။ အတူတူ ပူးပေါင်းပါဝင်မှ ရာခိုင်နှုန်းပြည့် ပိုပြီး ထိရောက်မှုရှိတယ်ပေါ့နော်။ ကျမတို့နိုင်ငံ မှာလည်း ဒီအမျိုးသမီးအကြမ်းဖက်မှုဟာ ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ် ပညာရေးပိုင်းဆိုင်ရာ ဖိနှိပ်ခွဲခြားအကြမ်းဖက်မှုတွေကြောင့်ပေါ့။ သူများ နိုင်ငံထက်ယှဉ်ရင် ကိုယ့်နိုင်ငံက အများကြီးဖွံ့ဖြိုးမှုမှာ နှေးကွေးတာတွေ ရှိတာပေါ့နော်။ ဒီ Gender ပေါ်အခြေခံပြီးတော့ ခွဲခြားတာတွေ၊ ဖိနှိပ်တာတွေ လျော့ကျ အောင်၊ ပပျောက်အောင်လုပ်နိုင်ရင် တစ်ချိန်မှာ ကျမတို့မြန်မာနိုင်ငံလည်း တခြားနိုင်ငံလိုမျိုး ရေရှည်ဖွံ့ဖြိုးတဲ့နိုင်ငံအဖြစ် တည်ထောင်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် ဒီအကြမ်းဖက်မှုပပျောက်ရေးမှာ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် တခြား Gender ပဲဖြစ်ဖြစ် အားလုံးပူးပေါင်းပါဝင်ဖို့ လုံးဝ အရေးကြီးတယ်။

ငြိမ်းချမ်း (ဖားအံဒေသခံလူငယ်)
အကြမ်းဖက်မှုက ပုံစံအမျိုးမျိုးရှိတယ်။ တချို့ကတော့ Gender ပေါ်မူတည်ပြီး အကြမ်းဖက်မှုရှိတယ်။ လူငယ်တွေကြားမှာတော့ အကြမ်းဖက်မှုရေချိန်ကိုမရောက်ခင် အထူးသဖြင့် ခံယူချက်တွေ မတူညီကြဘူး။ နားလည်မှုလွဲကြတဲ့ ပြသနာတွေ အဲ့တာက အရမ်းအရေးကြီးတယ်လို့ ကျနော်မြင်တယ်ပေါ့နော်။ အကြမ်းဖက်မှု level မရောက်ခင်မှာ ဒီနားလည်မှုကစပြီး လွဲတာတွေ၊ အထင်အမြင် လွဲမှားတာ တွေ၊ ပဋိပက္ခပေါ့။ ငြင်းခုံတာတွေဖြစ်တယ်။ တစ်ယောက်ရဲ့တန်ဖိုးထားမှုကို အခြားတစ်ယောက်က respect(လေးစားမှု) မရှိဘူး။ ဒါကတော့ အကြမ်းဖက်မှု မဖြစ်သေးဘူး။

အကြမ်းဖက်မှုကို အစပျိုးတဲ့အခြေခံဥစ္စာတွေ အချက်အလက်တွေက အခု လူငယ်တွေကြားမှာ တော်တော်များများရှိနေတာပေါ့နော်။ လူငယ်ကြားမှာ ဒီအကြမ်းဖက်မှုပပျောက်ဖို့မလုပ်ဆောင်ခင်မှာ awareness လုပ်စေချင်တယ်။ တချို့က အကြမ်းဖက်နေတာကို အကြမ်းဖက်မှုလို့ မသိနေကြဘူး။ တစ်ယောက် ရဲ့ လေးစားတန်ဖိုးထားမှုကို အခြားတစ်ယောက်က ဒီတိုင်းသာ ပြောလိုက်တယ်။ ဒါပေမဲ့ သူပြောလိုက်တာ တစ်ခြားသူအတွက် ဘယ်လောက်နစ်နာသွားလဲဆို တာ မသိကြဘူး။ ဒါက သာမန်လိုပဲထင်ကြတာ အဲ့အရာတွေ အရင်ဆုံးပြင်ဖို့အတွက် awareness လုပ်ပေးဖို့လိုတယ်။ အခုခေတ်လူငယ်တွေက အလုပ်တွေမရှိ တာ၊ ခေတ်ကာလမကောင်းတာ ဒီအခြေအနေတွေကြောင့် depression (စိတ်ဓာတ်ကျမှု)တွေ ဝင်နေတဲ့အခါမျိုးဆိုရင် သူတို့တွေအတွက်ကို တစ်ခုခု စိတ်ပြေ လက်ပျောက်အောင် ဖြစ်သွားအောင် အဲ့လို Program မျိုးတွေ စပြီး လုပ်ချင်တယ်။ awareness တစ်ခုထဲမဟုတ်ဘဲနဲ့ ကျနော်တို့ကိုယ်တိုင်လည်းပါဝင်ပြီးလုပ်ဆောင်လာနိုင်တဲ့အခြေနေရောက်အောင် လုပ်သွားဖို့လိုအပ်တယ်။

အဓိကတော့ လူငယ်တွေ depression ဝင်နေတာက ပြဿနာလို့ ကျနော်ထင်တယ်။ ကျနော်လည်း depression ဝင်တယ်။ လူငယ်တစ်ယောက်အနေ နဲ့ပေါ့။ ဒီ depression ကနေ တခြားကိုယ့်ရဲ့မိသားစုတွေ၊ သူငယ်ချင်းတွေပေါ်မှာလည်း ပြန်ပြီးအကြမ်းဖက်နိုင်တာတွေဆိုတော့ လူငယ်တွေအတွက် ဖွင့်ပြောရ မဲ့ awareness တွေ အရမ်းလိုအပ်တယ်လို့ ကျနော်ထင်တယ်။ အကြမ်းဖက်မှုတွေ မရှိရလေအောင်၊ ပပျောက်အောင် ဒါက တာဝန်ရှိတဲ့လူတွေ ဝိုင်းဝန်းပြီး လုပ်ရ မယ်လို့မြင်တယ်။ အထူးသဖြင့် လူငယ်အတွက်ကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ လူငယ်ရဲ့စိတ်ကို လွတ်လွတ်လပ်လပ်ခံစားလာဖို့ ဖွင့်ပြောလာ ဖို့အတွက် ဝန်ဆောင်မှုတွေပေးဖို့လည်း လိုအပ်တယ်ထင်တယ်။ အဲ့လိုဝန်ဆောင်မှု၊ အဖွဲ့အစည်းတွေ ပိုလိုအပ်တယ်လို့ ကျနော် မြင်တယ်။

အကြမ်းဖက်မှုပပျောက်ဖို့အတွက်က လူတိုင်းတော့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့် ရှိရမယ်လို့မြင်တယ်။ ငါနဲ့မဆိုင်ဘူးဆိုပြီး နေ နေလို့လည်း မရဘူး။ ကိုယ်တတ်နိုင်တဲ့ဘက်ကို support လုပ်ပေးဖို့လိုအပ်တယ်။ လူငယ်တွေကိုလည်း လက်တွဲခေါ်ပေးဖို့ လိုအပ်တယ်။ ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ် ဖြစ်၊ အသားအရောင်၊ ကွဲပြားခြားနားမှု၊ Gender ပေါ်မူတည်ပြီး အကြမ်းဖက်တာတွေ အခုက ခေတ်မှီတဲ့ရာစုတွေဖြစ်ပြီးဆိုတော့ မလိုချင်ဘူး။ မဖြစ်သင့်ဘူး။ အတွေးအမြင်အဟောင်းတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။

ဗိုလ်မှူးကြီးစောကြီးနို (ဗဟိုရဲမှူးကြီး၊ ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF)
ကရင်အမျိုးသားရဲတပ်ဖွဲ့ထဲ ဝင်လိုက်တဲ့အတောအတွင်း အမျိုးသမီးအပေါ် အကြမ်းဖက်မှုအများဆုံးက ခန္ဓာကိုယ်ချွတ်ယွင်းတဲ့ အမျိုးသမီးတွေ၊ ခြေလက်မသန်စွမ်းတဲ့ အမျိုးသမီးတချို့က စကားမပြောတတ်ဘူး။ အဲ့တာတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုက အများဆုံးပဲ။ အများအားဖြင့်တော့ သူ့ကိုယ်သူ ပြုပြင်နိုင်ဖို့၊ နောက်ထပ် လူတွေအကြမ်းဖက်မှု လိုက်လုပ်မရဲအောင် KNU-ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥပဒေအတိုင်း အရေးယူတယ်။ တရား စီရင်တယ်။ အကြမ်းဖက်မှု မကျူးလွန်တဲ့သူတွေလည်း ကျူးလွန်တဲ့လူတွေကို သင်ခန်းစာယူဖို့ ငါတို့ရဲ့ ဥပဒေအတိုင်း၊ အစီအစဉ်အတိုင်း လုပ်တယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတော့ မတွေ့ရဘူး။ အများအားဖြင့်တော့ ခရိုင်အနေအထားနဲ့ပဲတွေ့ရတယ်။ လူငယ်တွေအပေါ် လိင်အကြမ်းဖက်မှုရှိတယ်။ အဲ့လိုဆိုရင် စစ်ဆေးမေးမြန်းပြီး တရားစီရင်တယ်။ ကရင်အမျိုးသားအစည်းအရုံးမှာလည်း ထောင်သီးသန့်တော့ မရှိဘူး။ ဒါကြောင့် ကရင်ရဲတပ်ဖွဲ့ကပဲ ထိန်း သိမ်းထားရတာရှိတယ်။
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်တဲ့ နယ်မြေအသီးသီးမှာလည်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အမျိုးမျိုးရှိတယ်။ ခန္ဓာကိုယ် ချွတ်ယွင်းတဲ့ သူကိုပဲဖြစ်ဖြစ်၊ အသက်မပြည့်တဲ့ အမျိုးသမီးကို အတင်း အိမ်ထောင်ပြုခိုင်းတာပဲဖြစ်ဖြစ်၊ အမျိုးသမီးများ ဆန္ဒသဘောထားကိုဖော်ပြဖို့ အခွင့်အရေးမပေးတာပဲ ဖြစ်ဖြစ်၊ တချို့အမျိုးသမီးကလည်း ကလေးမွေးပြီး သားသမီးကို အကြမ်းဖက်တာလည်း ရှိတယ်။ အကြမ်းဖက်မှုတော့ အမျိုးမျိုးရှိတယ်။ ဒါတွေ မကသေးဘူး။ ကျေးရွာထဲမှာ စစ်ကောင်စီတပ်ကလည်း ဒီအမျိုးသမီးတွေအပေါ်မှာ အလိုမတူဘဲ အုပ်စုလိုက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အများကြီးလည်း ရှိတယ်။

နော်စေးစေးဟဲ (တွဲဖက်-အတွင်းရေးမှူး-၂၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO)
အကြမ်းဖက်မှုက အမျိုးမျိုးတွေ့ရတယ်။ အိမ်တွင်းအကြမ်းဖက်မှုရှိတယ်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရှိသလို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လည်း ရှိတယ်။ ဒီအကြမ်းဖက်မှုတွေထဲမှာဆိုရင် များသောအားဖြင့် အိမ်တွင်းအကြမ်းဖက်မှုက လောလောဆယ်တော့ ပိုမိုများပြားလာတယ်။ အကြမ်းဖက်မှု ပပျောက်ဖို့အတွက် ကျမတို့ ကရင်အမျိုးသမီးအစည်းအရုံးကဆိုရင် အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့သင်တန်းတွေ ခရိုင်တွေထဲမှာဖြစ်ဖြစ်၊ ဒုက္ခသည်စခန်းမှာဖြစ် ဖြစ် သင်တန်းပေးတာရှိတယ်။ ဘာဖြစ်လို့ဆိုရင် အိမ်တွင်းအကြမ်းဖက်မှုပဲဖြစ်ဖြစ်၊ အကြမ်းဖက်မှုက အမျိုးမျိုးရှိတာပေါ့နော်။ ဒီအကြမ်းဖက်မှုတွေကို ဒီအချိန် မှာလျော့သွားအောင်၊ အားလုံးက အကြမ်းဖက်မှုမလုပ်အောင် သင်တန်းတွေက နေရာတိုင်းမှာလိုက်ပေးနေတယ်။

လူစုလူဝေး စုလို့မရတဲ့အချိန်တွေဆိုရင် လူနှစ်ယောက်သုံးယောက်ဖြစ်ဖြစ် ခေါ်တွေ့ပြီး ဒီအကြမ်းဖက်မှုကြုံလာရင် ဘယ်လိုတုံ့ပြန်ရမလဲ။ များသော အားဖြင့် အမျိုးသမီးတွေက အိမ်တွင်းအကြမ်းဖက်မှု ဖြစ်တယ်ဆိုရင် မပြောရဲမဆိုရဲကြဘူး။ သူတို့တွေက ခံ ခံနေတယ်။ အမျိုးသားတွေကလည်း အမျိုးသမီး မပြောရဲကြဘူးဆိုတော့ အမျိုးသားတွေက အမြဲတမ်းပဲ ကျူးလွန်ကြတယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေ ပြောရဲဆိုရဲအောင်၊ ဆုံးဖြတ်ချက်ချနိုင်အောင်၊ ကိုယ့် ကိုယ်ကို ယုံကြည်မှုရှိလာအောင် ကရင်အမျိုးသမီးအစည်းအရုံးက သင်တန်းတွေ လိုက်ပေးတယ်။ ကျမတို့လည်း မျှော်လင့်တယ်။ သင်တန်းပေးတဲ့အချိန်မှာ အမျိုးသမီးတွေ အများကြီးတက်မယ်။ တက်လာပြီးတော့ သူတို့ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲ၊ အကြမ်းဖက်မှုကြုံလာတဲ့အခါ ဘယ်သူ့ကိုပြောရမလဲ။ ဘယ်သူ့ကို ရင်ဖွင့်ရမလဲ အဲ့တာတွေ ခရိုင် (၇)ခုစလုံး၊ ဒုက္ခသည်စခန်းနဲ့ IDP (စစ်ရှောင်)စခန်းတွေမှာ သင်တန်းလိုက်ပေးတာရှိတယ်။

သင်တန်းတော့ ပေးနေတာပဲ။ ဒါပေမဲ့ အကြမ်းဖက်မှုက များနေတာပဲ။ အရင်တုန်းကလည်း အကြမ်းဖက်မှုရှိတယ်။ အခုထိလည်း အကြမ်းဖက်မှုက လျော့သွားတာမရှိဘူး။ ခုအချိန်မှာ ဒီအကြမ်းဖက်မှုက ပိုပြီးဆိုးလာတယ်။ ကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဒီအကြမ်းဖက်မှုတွေက ပိုပြီး များပြားလာတယ်။ ဘာဖြစ်လဲဆိုတော့ ဒီလိုအချိန်မျိုး စစ်အာဏာသိမ်းပြီးနောက် လူထုတွေက များသောအားဖြင့် စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်ရတယ်။ အိမ်တွင်းမှာလည်း မပြည့်စုံမှု ဆိုတဲ့ဟာတွေ အိမ်တွင်းအကြမ်းဖက်မှုဖြစ်တယ်။ စားဝတ်နေရေးမပြည့်စုံတော့ အမျိုးသမီးတွေက အပြင်မှာ အလုပ်ထွက်လုပ်ရတယ်။ အလုပ်ထွက် လုပ်တော့ သွားရေးလာရေးက မလုံခြုံမှုတွေ အကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်ရတယ်။ အခုချိန်မှာ ဝမ်းစာရှာရတဲ့အတွက် အကြမ်းဖက်မှုက ပိုပြီးများပြားလာတယ်။

အကြမ်းဖက်မှုပပျောက်အောင် ပူးပေါင်းပါဝင်မှုက အများကြီးလိုအပ်တယ်။ အမျိုးသားလည်း ပူးပေါင်းပါဝင်ရမယ်။ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းမှာ ရှိတဲ့ခေါင်းဆောင်တွေ ပူးပေါင်းပါဝင်ဖို့လိုတယ်။ ဘာဖြစ်လဲဆိုတော့ ဒီအကြမ်းဖက်မှုပပျောက်ဖို့များသောအားဖြင့် အမျိုးသမီးပဲလုပ်တယ်။ အမျိုးသားတွေ၊ အဖွဲ့ အစည်းကလူတွေ မပူးပေါင်းဘူဆိုရင် ကျမတို့ပေးနေသလောက်တော့ ဒီအကြမ်းဖက်မှုက ပပျောက်ဖို့ ခက်ခဲတယ်။ အများကြီးလည်း ကြိုးစားရအုံးမယ် ဒါပေမဲ့ အားလုံးက ပူးပေါင်းမယ်ဆိုရင် ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ များသောအားဖြင့် ထိပ်သီးခေါင်းဆောင်ပိုင်းက ပိုမိုပြီးတော့ ပါဝင်မယ်။ လက် တွဲပြီး ယှဉ်တွဲလုပ်ကူမယ်ဆိုရင် အကြမ်းဖက်မှုက လျော့သွားမယ်။

အားလုံးမပါဝင်လို့ကတော့ အကြမ်းဖက်မှုက လျော့သွားနိုင်မှာမဟုတ်ဘူ။ တစ်ချို့လူတွေက သင်တန်းမတက်ရတော့ အိမ်တွင်းအကြမ်းဖက်မှုပဲဖြစ် ဖြစ်၊ လိင်ပိုင်းအကြမ်းဖက်မှုပဲဖြစ်ဖြစ် အမျိုးသမီးတွေကြောင့်ပဲ။ အမျိုးသမီးတွေက ဒီလိုဝတ်စားနေလို့ အကြမ်းဖက်မှုဖြစ်တာ။ အမှန်တော့ ဒါတွေမဟုတ်ဘူး။ အမျိုးသမီးမှာလည်း သူ့မှာအခွင့်အရေးရှိတယ်။ ဒါကြောင့် အားလုံးက သင်တန်းတက်ရမယ်။ သင်တန်းသွားပေးပြီးဆို များသောအားဖြင့် အမျိုးသမီးတွေပဲ။ အမျိုးသားတွေခေါ်လိုက်ရင် လူလတ်ပိုင်းပဲ။ ခေါင်းဆောင်ပိုင်းတွေ တက်တာသိပ်မရှိဘူး။ ဒါကြောင့် အားလုံးပါဝင်မယ်ဆိုရင် ဒီအကြမ်းဖက်မှုဟာ လျော့သွား မယ်။ ပပျောက်သွားမယ်ပေါ့နော်။

ပဒိုစောအယ်ကလူစေး (ဗဟိုတရားရေးဌာန တာဝန်ခံ၊ KNU-ကရင်အမျိုးသားအစည်းအရုံး)
အိမ်တွင်းအကြမ်းဖက်မှုတွေက အမျိုးသမီးအပေါ်မှာ ခွဲခြားပြီးအကြမ်းဖက်တယ်။ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်တယ် တစ်ချို့ဒေသတွေမှာဆို မူးယစ် ဆေးဝါးသုံးစွဲမှုကြောင့် ကျူးလွန်မှုတွေရှိသလို တစ်ချို့က အမျိုးသမီးတွေကို အလွှဲသုံးစားလုပ်ပြီးမှ ရောင်းဝယ်တဲ့ပုံစံမျိုးနဲ့ နောက်ပိုင်း အဲ့လို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ပိုများတယ်။ ဥပဒေအရမှာလည်း အမျိုးသမီးတွေပတ်သက်တဲ့ ပြဌာန်းတဲ့ဥပဒေတွေရှိတယ်။ အဲ့တော့ အမျိုးသမီးတွေကိစ္စ ပေါ်လာ တိုင်းမှာ အရေးယူဆောင်ရွက်တယ်။

ဒီအကြမ်းဖက်မှုတွေ လျော့နည်းလာအောင် ပူးပေါင်းဆောင်ရွက်တဲ့အပိုင်းတွေရှိသလို အမျိုးသမီးအစည်းအရုံးတွေရဲ့ ဆောင်ရွက်မှုအပိုင်းတွေနဲ့ ကျနော် တို့ပူးပေါင်းမှုတွေနဲ့ အောက်ခြေအထိ အဆင့်ဆင့် ပိုမိုထိရောက်အောင် အကောင်အထည်ဖော်မှုတွေလည်း ဆောင်ရွက်တဲ့အပိုင်းတွေရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ဥပဒေပိုင်းဆိုင်ရာပြဌာန်းမှုတွေနဲ့ အလေးထား အရေးယူဆောင်ရွက်မှုတွေ ပါဝင်ပြီးထိရောက်အောင် ဥပဒေပိုင်းဆိုင်ရာ အသိ ပညာပေးတိုင်းမှာ ဒီကိစ္စတွေ ကျနော်တို့ ထည့်သွင်းစဉ်းစားတယ်။ လက်လှမ်းမှီသလို ပြောဆိုဆွေးနွေးမှုတွေ ဆောင်ရွက်တာရှိတယ်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ဖို့က ဖြစ်နိုင်ရင် အထူးဥပဒေတစ်ရပ်အနေနဲ့ ပြဌာန်းဖို့လိုတယ်။ အဲ့အထိတော့ ကျနော်တို့ ဆောင်ရွက်နိုင် ခြင်း မရှိသေးဘူး။ သို့သော်လည်း လျော့နည်းဖို့ CSOs တွေရဲ့ပူးပေါင်းဆောင်ရွက်မှု၊ လုပ်ငန်းအစီစဉ်တွေ ဘယ်နှစ်လဆိုတစ်ကြိမ် ကျနော်တို့ဌာနအနေနဲ့ပဲဖြစ် ဖြစ်၊ ဥပဒေကိုအထောက်အကူပြုနေတဲ့ K L A C အနေနဲ့ဖြစ်ဖြစ်၊ အမျိုးသမီးအစည်းအရုံးအနေနဲ့ပဲဖြစ်ဖြစ် စသဖြင့် ပူးပေါင်းဆောင်ရွက်မှုတွေ ချမှတ်ထားတာ ရှိတယ်။ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူ(stakeholder)တွေ CSOs(အရပ်ဖက်အဖွဲ့)တွေ သူတို့ရဲ့အခြေအနေတွေ တင်ပြပြီးတော့ အဖြေတွေရှာနိုင်သလောက် ရှာတယ်။ လက်တွဲနိုင်တဲ့အဆင့်တွေ၊ ပူးပေါင်းနိုင်တဲ့အဆင့်တွေ ပိုမိုအားစိုက်ပြီး ဘယ်အပိုင်းမှာ ပိုမိုပြီးမြှင့်တင်ရမဲ့အပိုင်းတွေလုပ်ဆောင်တာရှိတယ်။

ဥပဒေပိုင်းဆိုင်မှာလည်း မှုခင်းတစ်ခုခုဖြစ်ပေါ်လာတိုင်းမှာ ခုံရုံးဖွဲ့တဲ့အထိ အမျိုးသမီးတွေပါဝင်ဖို့ ထည့်သွင်းစဉ်းစားတာရှိတယ်။ အထူးဥပဒေတစ်ရပ် အနေနဲ့က အဆင့်တွေအများကြီးရှိတယ်။ အများကြီး လေ့လာရအုံးမယ်။ တိုင်ပင်ဆွေးနွေးမှုတွေ အများကြီးလိုအပ်တယ်။ အကြမ်းဖက်မှုက အိမ်တွင်းအကြမ်း ဖက်မှုရှိတယ်။ တခြားသော ပဠိပက္ခကြားထဲမှာ ဖြစ်ပေါ်လာတဲ့ မလိုလားအပ်တဲ့ အကြောင်းကြောင့်တွေက အကြမ်းဖက်မှုကို ပိုမိုပြီး မြင့်မားလာစေတယ်။

မူးယစ်ဆေးဝါးကြောင့် မှုခင်းတွေလည်း တိုးပွားလာတာရှိတယ်။ အာဏာသိမ်းမှုကြောင့် ပဋိပက္ခကြားထဲမှာ ဖြစ်ပေါ်လာတဲ့ကိစ္စရပ်တွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေ တစ်ခြားသောကျူးလွန်မှုူတွေ အများကြီးရှိတယ်။ အခြေအနေ နည်းနည်းတည်ငြိမ်လာရင် ပိုမိုပြီးထိရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားပေးမယ်ပေါ့နော်။