Home သတင်း ရေးမြို့နယ် ရဲစခန်းမှူး ပစ်သတ်ခံရမှုဖြစ်စဉ်ကြောင့် ကျောင်းသားမိဘများက ၎င်းကလေးများကို ကျောင်းမပို့ရဲ

ရေးမြို့နယ် ရဲစခန်းမှူး ပစ်သတ်ခံရမှုဖြစ်စဉ်ကြောင့် ကျောင်းသားမိဘများက ၎င်းကလေးများကို ကျောင်းမပို့ရဲ

886
Photo: ရေးဘီလူးအဖွဲ့

နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီ ရဲစခန်းမှူး ပစ်သတ်ခံရမှုဖြစ်စဉ်ကြောင့် ယနေ့ နံနက်တွင် ကျောင်းသားမိဘများက ၎င်းတို့၏ကလေးများကို ကျောင်းမပို့ရဲကြတော့ကြောင်း သိရသည်။

ယမန်နေ့က ရေးမြို့နယ်ရဲစခန်းမှူး မောင်းနှင်လာသော ကားကို ရေးဘီလူးအဖွဲ့မှ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရေးမြို့စခန်းမှူးအပါအဝင်စုစုပေါင်း ၃ ဉီးသေဆုံးခဲ့ပြီးနောက် မြို့တွင်းမြို့ ပြင်နေရာများတွင် စစ်ကောင်စီဘက်မှ လုံခြုံရေးအင်အားတင်းကြပ်စွာချထားပြီး လမ်းသွားလမ်း လာပြည်သူများကိုလည်း စစ်ဆေးမှုများပြုလုပ်နေသောကြောင့် ကလေး၏လုံခြုံရေးကို စိုးရိမ်ရသဖြင့် ယခုလို ကျောင်းမပို့ရဲတော့ခြင်းဖြစ်သည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

၎င်းက “အဲ့သတင်းကြားပြီးမကြာဘူး၊ မြို့ထဲမှာယောက်ယက်ခတ်နေကြတာ တချို့ကျောင်းထားတဲ့ မိဘတွေကျတော့သူတို့ကလေးတွေကို ကျောင်းကနေပြန်ခေါ်နေကြတယ်။ ဒီနေ့မနက်လည်း ကျောင်းပေးမတက်ကြဘူး။ ကလေးတွေကို တစ်ခုခုဖြစ်မာစိုးလို့တဲ့ ဘယ်သူမှလည်း အပြင် သိပ်ထွက်တာ မတွေ့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ရေးမြို့နယ်၊ ကျုံးလောင်းရွာသစ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁၉ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)လက်အောက်စစ်ဆင်ရေးဌာနအနီး ယမန်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်ဝန်း ကျင်အချိန်ခန့်တွင် တိုက်ခိုက်မှုလုပ်ကာ စခန်းမှူးအပါအဝင် ဒုတပ်ကြပ်အဆင့်ရှိရဲတစ်ဉီးနှင့် ရဲတပ်သားတစ်ဉီး စုစုပေါင်း ၃ ဉီးသေဆုံးခဲ့ပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

၎င်းက “ စခန်းမှူး အပါအဝင်သူ့ရဲ့ တပ်သားနှစ်ဉီး အကုန်လုံးသုံးဉီးပေါ့၊ ကျနော်တို့ရှင်းလင်းခဲ့တယ်။ အဲ့ဒီထဲမှာ ဒုတပ်ကြပ်ရဲတစ်ဉီးလည်းပါတယ်။ စခန်းမှူးလည်းပါတယ်။ ပြီးတော့ သူတို့ရဲ့ရဲဘော် တစ်ယောက်လည်းပါတယ်။ သူတို့က ကားနဲ့အလာကို ကျနော်တို့ကစောင့်ပစ်တယ်။ M-16 တစ်လက်ရယ်၊ ပစ္စတို ကိုးလုံးပြူးတစ်လက်ရယ်။ ကျည်ဆံအနည်းငယ်ရယ်၊ ကျည်ဘောက်လည်းပါတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလတုန်းကလည်း ရေးမြို့ ကဗျာကြီးရွာ၌ ခေါ်ဇာရဲစခန်းမှူး လိုက်ပါလာသည့်ကားကို ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် လက်နက်ငယ် တစ်လက် သိမ်းဆည်းရမိသေးကြောင်း အဖွဲ့ခေါင်းဆောင်က ပြောသည်။