Home သတင်း ဖားအံမြို့ပေါ်သွားလာသည့် ကား၊ ဆိုင်ကယ်များကို စကစနှင့်ရဲတပ်ဖွဲ့တို့ စစ်ဆေးမှု၊ ငွေတောင်းခံမှု ပိုမိုများလာ

ဖားအံမြို့ပေါ်သွားလာသည့် ကား၊ ဆိုင်ကယ်များကို စကစနှင့်ရဲတပ်ဖွဲ့တို့ စစ်ဆေးမှု၊ ငွေတောင်းခံမှု ပိုမိုများလာ

1194

နိုဝင်ဘာ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ယခုတလော သွားလာနေကြသည့် အများပြည်သူတို့၏ ယာဉ်များကို စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ပူးပေါင်းပြီး စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်ကာ ငွေကြေးအဓမ္မတောင်းခံမှု ပိုမိုများလာသည်ဟု မြို့ခံပြည်သူများက ပြောသည်။

အဆိုပါ စစ်ဆေးမှုများသည် ဖားအံမြို့အဝင်အထွက်လမ်းများနှင့် မြို့လယ်လမ်း ဆုံမီးပွိုင့်များပေါ်တွင် ဆိုင်ကယ်အပါအဝင် မည်သည့်ယာဉ်မျိုးမဆို စစ်ဆေးကြပြီး တစ်စုံတစ်ရာရှာဖွေ မတွေ့ရှိလျှင် ယာဉ်မောင်းသူများအား ယာဉ်မောင်းလိုင်စင် မရှိပါက ဒဏ်ငွေ ၅ သောင်းကျပ်အထိ အနည်းဆုံး တောင်းခံနေသည်ဟု အစစ်ဆေးခံရသည့် နယ်ခံတစ်ဉီးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဘယ်လို ယာဉ်မျိုးပဲဖြစ်ဖြစ် ဆိုင်ကယ်၊ ကားတွေကို စစ်ဆေးတယ်။ ဆိုင်ကယ်ဆိုရင် အတွင်းဘောက် ဖွင့်ခိုင်းစစ်တယ်။ ကားဆိုရင်လည်း နေရာစုံစစ်တယ်။ သူတို့က စစ်ပြီး ဘာမှ မတွေ့ဘူးဆိုရင် ယာဉ်လိုင်စင် တောင်းတယ်။ မောင်းလိုင်စင် တောင်းတယ်။ လိုင်စင်မရှိသူတွေကို ၅ သောင်းအနည်းဆုံး ပေးရတယ်။ အများစုကတော့ လိုင်စင် မရှိကြတာ များကြတယ်လေ။”ဟုပြောသည်။

အဆိုပါ စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့တို့သည် ယခင်ကဲ့သို့ မြို့လယ်လမ်းစုံနှင့် မြို့အဝင်အထွက်လမ်းမပေါ် နေရာအနည်းငယ်သာ စစ်ဆေးနေကြပြီး ယခုအကြိမ်တွင် မြို့အဝင်လမ်း နေရာအတော်များများ စစ်ဆေး လုပ်ဆောင်နေကြသည်ဟု မြို့ခံများက ပြောသည်။

ထိုစစ်ဆေးလုပ်ဆောင်ကြရာတွင် တစ်နေရာတည်း အချိန်ပြည့်မဟုတ်ဘဲ ပြောက်ကျားပုံစံဖြင့် စစ်ဆေးလုပ်ဆောင်နေကြသည်။ ယင်းသို့ စစ်ဆေးမှုများ ပိုမိုများလာသည့်အတွက်ကြောင့် သွားလာနေကြသည့် ဒေသခံပြည်သူများအတွက် မလုံခြုံသလို ခံစားနေကြရပြီး စိတ်အနှောင့်အယှက်များဖြစ်ကြရသည်ဟု ကားဖြင့် ဟင်းသီးဟင်ရွက် လိုက်လံရောင်းချသူ ဒေသခံတစ်ဉီး ပြောသည်။

“ ကျနော်တို့လို ဈေးသည်များက အမြဲတမ်းသွားလာနေရတော့ စစ်ဆေးတာကတော့ အဆင်ပြေသေးတယ်။ ကျနော့်မှာက လိုင်စင်ကားမဟုတ်တော့ ဒဏ်ငွေ မကြာခဏ ပေးဆောင်နေရတယ်။ သိတဲ့အတိုင်းပဲလေ ဟင်းသီးဟင်းရွက်ရောင်းတာ တစ်နေ့ကုန်မှ အမြတ်က အများဆုံး ၃ သောင်းကျော်ကျော်ပဲ မြတ်တာ” ဟု ၎င်းက ပြောသည်။

ယခုလို စစ်ဆေးမှုများ ပိုမို လုပ်ဆောင်သည့်လများတွင် ကျေးရွာဒေသခံများက မြို့ပေါ်သို့ သွားလာမှု နည်းပါးလာသည့်အတွက် ဖားအံမြို့ပေါ်ရှိ မြို့ခံပြည်သူများ အရောင်းအဝယ် အဆင်မပြေမှုများရှိလာသည်ဟု ဖားအံမြို့ ရေပေါ်ဈေးမှ ရောင်းဝယ်ရေးဒိုင် တစ်ဉီးက ကေအိုင်စီသို့ ပြောသည်။

သူက “ ကားတွေ ဆိုင်ကယ်တွေ စစ်ဆေးရင် ဒီက သိသာတယ်၊ ဈေးရောင်း မကောင်းတော့ဘူး။ ဘာကြောင့်လဲဆိုရင် ရွာက လူတွေ မတက်လာတော့လို့လေ။ အစ်မတို့ ဖေါက်သည်တွေအတော်များများက ရွာက လူတွေဆိုတော့ သူတို့လည်း အဲလိုအခါမျိုးတွေဆိုရင် နားကြရတော့တယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဖားအံမြို့အဝင်နှင့် မီးပွိုင့်လမ်းဆုံများတွင် စကစနှင့် ရဲတပ်ဖွဲ့တို့က သွားလာနေကြသည့် ယာဉ်များကို မကြာခဏဆိုသလို စစ်ဆေးမှုများ လုပ်ဆောင်နေသည့်အပြင် ပြည်သူဒေသခံများ၏ ဖုန်းများကို စစ်အာဏာ ဆန့်ကျင်သည့် ဓါတ်ပုံ၊ ဗီဒိုယိုနှင့် အချက်အလက်များကို ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ စစ်ဆေးမှုများ တစ်စုံတစ်ရာ မတွေ့ရှိပါက ဒေသခံပြည်သူများအပေါ် အဓမ္မ ငွေကြေးတောင်းခံမှုလည်းရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၁၁)ရက်နေ၊ နံနက်(၆)နာရီခွဲအချိန်တွင် ဖားအံမြို့၊ လှာကမြင်ကျေးရွာအုပ်စု၊ မဲဘောင်ကျေးရွာအဝင် ဖားအံ- လှိုင်းဘွဲလမ်းမကြီးဘေးရှိ တော်ဝင်သုခ ဆေးခန်းရှေ့၌ စစ်ကောင်စီချထားသည့် စစ်ဆေးရေးဂိတ်တွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး အရပ်သား ပြည်သူတစ်ဉီးထိခိုက်မှု ရှိခဲ့သည်။