Home သတင်း သဗြုသတ္တုမိုင်းတွင်းနေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

သဗြုသတ္တုမိုင်းတွင်းနေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

867
Photo: CJ

နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ -၆ နယ်မြေ၊ ဘုရားသုံးဆူမြို့နယ်ရှိ သဗြုသတ္တုမိုင်းတွင်းနေရာကို ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဒုတိယအကြိမ်ဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

သဗြုသတ္တုမိုင်းတွင်း အမှတ်(၁) ဇီးပင်တောင်ထိပ်နှင့်လူနေအိမ်အနီးတဝိုက်ကို စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက် တိုက်လေယာဉ် ၂ စင်းနှင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ၎င်းမိုင်းတွင်းမှ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ စက်ရုံကိုပစ်မလို့ထင်တယ်။ ဒါပေမယ့်ကျတာက တောင်ပေါ်ကိုကျသွားတာ။ ညအချိန်ထပြေးရတယ်။ စိတ်ထင်အိမ်တွေထိသွားပြီး ပြန်ကြည့်တော့ ကံကောင်းသစ်ပင်တွေပဲ ထိသွားတယ်။ တစ်လုံးကတော့ လုပ်ငန်းခွင်မှာ ကျတယ်လို့ပြောတာပဲ။” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ပြောသည်။

ယမန်နေ့ည ဗုံးကြဲတိုက်ခိုက်မှုတွင် ဒေသခံလူထုများအား ထိခိုက်သေဆုံးမှုမရှိသော်လည်း အဆောက်အဦးအချို့ ထိမှန်ပျက်စီးမှုရှိခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်အတွင်းရေးမှူးဖြစ်သူ ပဒိုစောလစ္စတန်က ကေအိုင်စီသို့ ပြောသည်။

ပဒိုစောလစ္စတန်က “အခုက ဂျက်ဖိုက်တာနဲ့ပဲလာပစ်တယ်နော်။ မိုင်းတွင်းအမှတ်(၁)နဲ့(၂) အဲဒါက အဆောက်အဦးတော့ ပျက်စီးတာပေါ့ အဖျက်သမားပဲဆိုတော့။ လူကတော့ ထိခိုက်ဒဏ်ရာရတာ တစ်ယောက်မှ မရှိပါဘူး။ အဲဒီမှာထိတာက အဲဒီသတ္တုမိုင်းတွင်းအလုပ်သမားတန်းလျားတွေပေါ့။ အဲဒီမိုင်းတွင်းက ရွာလိုပဲတည်ဆောက်ထားတာ” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ ညတုန်းကလည်း အဆိုပါ သတ္တုမိုင်းတွင်းနေရာကို နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်နှင့် အလားတူ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် မိုင်းတွင်း အလုပ်သမား ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်။ ၎င်းထိခိုက်ဒဏ်ရာရရှိသူများထဲတွင် တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ကြောင်းလည်း နယ်မြေခံကေအဲန်ယူဘက်က ပြောသည်။

သတ္တုမိုင်းတွင်းကို ပစ်ခတ်ခြင်းသည် လုံခြုံရေးအရ တရားမဝင်အဖျက်မှောက်များကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဘက်က မီဒီယာများကို ပြောဆိုခဲ့သော်လည်း ထိုသတ္တုမိုင်းတွင်းနေရာသည် ကေအဲန်ယူ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး ဝင်ရောက်အလုပ်လုပ်ကိုင်သည့် ကုမ္ပဏီများသည် ယခင်အစိုးရများထံတွင် လုပ်ငန်းလုပ်ခွင့်လိုင်စင်ရရှိထားသည်ဟု ကေအဲန်ယူက ပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၆ရက်နေ့တွင်လည်း နှစ်ဖက်ပစ်ခတ်မှုမရှိဘဲ စစ်ကောင်စီတပ်မှ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ မက္ကသာကျေးရွာ ပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်းကိုလည်း လေယာဉ် ၄ စင်းနှင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် ဘုန်းကြီးကျောင်းတစ်ကျောင်းလုံး ပျက်စီးခဲ့ရသေးသည်။