Home သတင်း ထားဝယ်မြို့နယ်တွင် ဆန်များကို မှောင်ခိုသယ်ဆောင်ရခြင်းကြောင့် ဆန်များဈေးကြီးပေးဝယ်စားနေရ

ထားဝယ်မြို့နယ်တွင် ဆန်များကို မှောင်ခိုသယ်ဆောင်ရခြင်းကြောင့် ဆန်များဈေးကြီးပေးဝယ်စားနေရ

961
Photo: CJ

နိုဝင်ဘာ ၂၂ရက်၊ ၂၀၂၂ခုနှစ်၊၊ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ရှိ ကျေးရွာအများစုတွင် ဆန်ကိုမှောင်ခို သယ်ဆောင် ဝယ်ယူရသောကြောင့် ကျေးရွာအများစုတွင်ဆန်ကိုယခင်ကထက် ဈေးကြီးပေး ဝယ်နေကြရကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ရှိကျေးရွာများဖြစ်သည့် ခမောင်းသွယ်၊ ရွှေဘန်းချောင်း။ တောင်သုံးလုံး နှင့် မေတ္တာ ကျေးရွာများတွင် ပြီးခဲ့သည့်အောက်တိုဘာလမှစ၍ စစ်ကောင်စီ တပ်သားများက ဆန်များကိုသယ်ဆောင်ခွင့်မပြုဘဲ ပိတ်ထားသောကြောင့် ၎င်းဒေသရှိ ကျေးရွာသား များမှာ ဆန်ကို မှောင်ခိုသဘောမျိုးဖြင့် ဝယ်ယူသယ်ဆောင်ရသောကြောင့် ကျေးရွာအတွင်း မူလစျေးထက် စျေးတင်၍ ပြန်လည်ရောင်းချနေကြသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ စျေးတင်ပြန်လည်ရောင်းချသောကြောင့် ဆန်များကို စျေးကြီး ပေးဝယ်နေရပြီး အချိန်ကြာလာ သည်နှင့်အမျှ ယင်းကျေးရွာများရှိ ဒေသခံများဆန်မဝယ်စားနိုင်သည့် အနေအထားမျိုးဖြင့် ကြုံတွေ့နေကြရကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်၊၊

“ရွာမှာ ပြီးခဲ့တဲ့အောက်တိုဘာလက တစ်ရွာလုံး ဆန်ပြတ်သွားတာ။ စားစရာ တောင်မရှိဘူး။ ပိုက်ဆံရှိလည်းဝယ်စားမရဘူးလေ။ မြို့ပေါ်အထိတက်ဝယ်ရတယ်။ ဝယ်လို့ရပြန်ရင်လည်း မြို့ကနေရွာပြန်တဲ့လမ်းက စစ်တပ်ဂိတ်က ဆန်ပေးမတင်ပြန်ဘူး။ အဲ့တော့ သူများ မှောင်ခိုသယ်လာတဲ့ ဆန်တွေကို ဈေးကြီးပေးဝယ်စားရတာပေါ့။ ခဏအတွက်တော့ အဆင်ပြေပေမဲ့ ရွာကနေ့စားသမားတွေ အတွက် တော့ဒုက္ခရောက်တာပေါ့”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်၊၊

ထိုအပြင် မြို့ပေါ်တွင် ဆန်ကြမ်းတစ်အိတ်လျှင် (၃,၆၀၀၀) ကျပ် စျေးပေါက်နေစဉ် မှောင်ခို သယ်ယူ လာသည့် ဆန်စျေးနှုန်းမှာ (၆၀,၀၀၀) ထိပေးဝယ်နေရပြီး ဆန်အပြင် တခြားကုန်ခြောက်များဖြစ်သည့် ခေါက်ဆွဲခြောက်နှင့်မုန့်ဖတ်ခြောက်အစရှိသည့် ရိက္ခာခြောက်များကိုလည်း သယ်ယူခွင့်ပိတ်ပင်ထားကြောင်းလည်း ၎င်းဒေသခံ ဆက်ပြောသည်။

“လမ်းမှာ ဆန်ပါရင်သိန်းချီကုန်တဲ့အခါရှိသလို ၅ သောင်းနဲ့ အထက်ကုန်တာများတယ်။ ဘော်ဒါကြေးတို့ လက်ဖက်ရည်ကြေးတို့များတယ်ဆိုတော့အလုပ်သမားတွေအတွက်တော့ ခက်တာပေါ့။ ပြီးတော့ မားမားတွေ ခေါက်ဆွဲတွေ မုန့်ဖတ်ခြောက်တွေလည်းပိတ်တာဘဲ။ စစ်တပ်က မတင်ခိုင်းဘူး။ တောထဲယူသွားလို့ရတဲ့ ငါးသေတ္တာလည်းပိတ်တယ်။ ကုန်ခြောက်ပိတ်တာပေါ့။ တစ်ယောက်မှလည်းမြို့မထွက်ရဲကြဘူးလေ။” ဟု ကုန်ရောင်းကုန်ဝယ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်၊၊

ဒေသခံ များအနေဖြင့် ဆန်များကို ထားဝယ်မြို့ပေါ်သို့ သွားရောက် ဝယ်ယူရခြင်းဖြစ်ပြီး နယ်မြေခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ဘေးရှောင်များကို ထောက်ပံ့မှုများ မပြုလုပ်နိုင်ရန် ရည်ရွယ် ချက်ဖြင့် စစ်ကောင်စီက ဒေသခံများကို ဆန်သယ်ယူခွင့် ထားမြစ်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ အရှေ့တောနယ်ရှိ ကျေးရွာအများစုတွင် ဒေသခံများအနေဖြင့် ကွမ်းသီးနှင့်ဝဥကိုသာ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုကြပြီး ဆန်စပါး စိုက်ပျိုးမှု နည်းပါးသည်ဟု သိရသည်။

လတ်တလောတွင် ထားဝယ်မြို့ပေါ်နှင့်ကျေးရွာများဘက်တွင်လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ မကြာခဏဆိုသလိုဖြစ်ပေါ် လျက်ရှိနေကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရသည်။